တေးသံရှင် မီးမီးခဲ သြစတြေးလျား နိုင်ငံတွင် ကွယ်လွန်

တေးသံရှင် မီးမီးခဲ သြစတြေးလျား နိုင်ငံတွင် ကွယ်လွန်
Photo Creadit - Mee Mee Khel-မီးမီးခဲ

ရန်ကုန်၊ အောက်တိုဘာ ၁၆

တေးသံရှင်မီးမီးခဲသည်  သြစတြေးလျားနိုင်ငံတွင် သောကြာနေ့ အောက်တိုဘာ ၁၆ ရက်နေ့ ဒေသစံတော်ချိန် ည ၉ နာရီခွဲတွင် ကွယ်လွန်သွားကြောင်း သိရသည်။

ကင်ဆာရောဂါဝေဒနာခံစားနေရသည့် တေးသံရှင်မီးမီးခဲသည် ပြီးခဲ့သည့် ဇန်နဝါရီလ ၁၁ ရက်နေ့က သူ၏ ပထမဆုံး Solo Show “Back to You” ကို မြန်မာနိုင်ငံတွင် ပြုလုပ်ပြီးနောက် သြစတြေးလျားတွင် ပြန်လည်နေ ထိုင်ခဲ့ခြင်းဖြစ်သည်။

 တေးရေးတေးဆို စံပီးက  “ကျွန်တော်တို့ ချစ်တဲ့ မီးမီးခဲ Australia Time 9:31 pm မှာ ခရစ်တော်၌ အိပ်ပျော်သွားပါပြီ။ မဆုံးခင် ဆုတောင်းပေးခွင့်ရခဲ့ပါတယ်” ဟု ၎င်း၏ လူမှုကွန်ယက်စာမျက်နှာတွင် ရေးသားထားသည်။

အဆိုတော်နီတာက “ ဆေးရုံမှာ လွန်ခဲ့တဲ့ သုံးရက်ကတည်းက မရတော့ဘူးဆိုတာမျိုးတော့ သိတယ် ကျွန်တော်တို့။ ကိုအယ်ကြီး(ထူးအယ်လင်း) တင်တော့ သေချာပြီဆိုပြီး တင်ကြတာ။ ဘာလို့ ပြန်ဖျက်လိုက်တာလည်းတော့ မသိဘူး။ သူ့ First Lady Show ပြီးကတည်း ပြန်သွားတာ။ အရင်ကလည်း အဲ့မှာပဲ နေတာ။ ပွဲလုပ်တော့လာတာပေါ့။ အခု ကွယ်လွန်ချိန်မှာတော့ အသက် ၃၇ နှစ်ပြည့်ပြီးပြီလို့ သိရပါတယ်” ဟု ပြောသည်။

အဆိုတော်မီးမီးခဲကွယ်လွန်သွားကြောင်းနှင့် ကောင်းရာသုဂတိလားပါစေဟု ခင်ပွန်းဟောင်းဖြစ်သူ အဆိုတော်ထူးအယ်လင်းက သူ၏ လူမှုကွန်ယက်စာမျက်နှာတွင် ဆုတောင်းပေးခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly