ဂီနီမှာ သမ္မတရွေးကောက်ပွဲ မဲပေးဖို့ ပြင်ဆင်နေ

ဂီနီမှာ သမ္မတရွေးကောက်ပွဲ မဲပေးဖို့ ပြင်ဆင်နေ

အောက်တိုဘာ ၁၆

အနောက်အာဖရိကနိုင်ငံတစ်နိုင်ငံဖြစ်တဲ့ ဂီနီနိုင်ငံမှာတော့ လာမယ့် အောက်တိုဘာ ၁၈ ရက်မှာ သမ္မတရွေးကောက်ပွဲတစ်ရပ် ကျင်းပသွားဖို့ ရှိနေပါတယ်။

နိုင်ငံမှာ ၁၀ နှစ်ကြာ အာဏာရနေခဲ့တဲ့ အသက် ၈၂ နှစ်အရွယ် လက်ရှိသမ္မတ အယ်လ်ဖာ ကွန်ဒီဟာလည်း ဒီ ရွေးကောက်ပွဲမှာ ထပ်မံအရွေးခံသွားမှာ ဖြစ်ပါတယ်။  

ဒါဟာ နိုင်ငံမှာ ဆန္ဒပြသူ သောင်းချီ လမ်းတွေပေါ်မှာ စုဝေးပြီး သူ့ကို တားဆီးဖို့ ကြိုးပမ်းမှုတွေ ရှိနေခဲ့တဲ့ကြားကပဲ ကွန်ဒီဟာ ရွေးကောက်ပွဲ ပြိုင်ဖို့ လုပ်နေတာဖြစ်ပါတယ်။

တစ်ချိန်တုန်းက မိမိတစ်ဦးတည်း သြဇာနဲ့ အုပ်ချုပ်သူတစ်ဦးရဲ့ သေဒဏ်ပေးတာကို ခံခဲ့ရတဲ့ အတိုက်အခံခေါင်းဆောင်ဟောင်းတစ်ဦးဖြစ်တဲ့ ကွန်ဒီဟာ အာဏာကို ဆက်လက်ချုပ်ကိုင်ထားနိုင်အောင် အကွက်ချစီမံရင်းနဲ့ အာဏာရှင်စနစ်တစ်ခုထဲ သူ့ကိုယ်သူ ဆွဲသွင်းနေတယ်လို့ ဝေဖန်သူတွေက ပြောကြပါတယ်။

ပြီးခဲ့တဲ့ မတ်လတုန်းက ၎င်းဟာ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ဖြည့်စွက်မှုတွေကို တရားဝင် ပြီးမြောက်စေခဲ့သလို ဒီလိုလုပ်တာဟာ နိုင်ငံကို ခေတ်မီစေလိမ့်မယ်လို့ ၎င်းက ပြောခဲ့ပါတယ်။ ဒါပေမယ့် ဒါဟာ သူ သမ္မတ သက်တမ်း နှစ်ခုထက် ပိုနေလို့ရအောင် လုပ်တဲ့ လုပ်ရပ်တစ်ခုဖြစ်တယ်လို့ အတိုက်အခံတွေက ပြောခဲ့ကြပါတယ်။

“ကျွန်တော် ၄၅ နှစ်ကြာ တိုက်ပွဲဝင်ခဲ့ရတယ်၊ ကျွန်တော်ဟာ အတိုက်အခံခေါင်းဆောင်တစ်ဦးလည်း ဖြစ်ခဲ့တယ်” လို့ ကွန်ဒီက ယခုလမှာ ပြင်သစ် ရုပ်သံသတင်းဌာနတွေကို ပြောခဲ့ပါတယ်။

“ကျွန်တော့် အတိုက်အခံတွေကတော့ နိုင်ငံကို ချုံးချုံးကျအောင် လုပ်ပြီးမှ ဝန်ကြီးချုပ်တွေဖြစ်လာခဲ့ကြတဲ့ အစိုးရအမှုထမ်းတွေ ဖြစ်ပါတယ်၊ ကျွန်တော့်ကို ဒီမိုကရေစီကျင့်စဉ်နဲ့ ဆန့်ကျင်နေတဲ့ အာဏာရှင်တစ်ဦးအဖြစ် သဘောထားတာကတော့ ဖြစ်ရိုးဖြစ်စဉ်မဟုတ်ဘဲ ထူးခြားနေပါတယ်” လို့ ၎င်းက ပြောသွားပါတယ်။

သမ္မတ ကွန်ဒီကတော့ အောက်တိုဘာ ၁၈ ရက် ရွေးကောက်ပွဲမှာ ၎င်းရဲ့ ကာလရှည် ရန်သူတော်နဲ့ နိုင်ငံရေးအတိုက်အခံတစ်ဦးဖြစ်တဲ့ ဆဲလ်လို ဒါလိန်း ဒီယာလိုနဲ့ ရင်ဆိုင်သွားရမှာဖြစ်ပါတယ်။

ဒီယာလိုကတော့ ခုချိန်မှာ အဆိုပါ အနောက်အာဖရိကနိုင်ငံရဲ့ အဓိက အတိုက်အခံခေါင်းဆောင် ဖြစ်ပါတယ်။ ဒါပေမယ့် ဒီယာလိုကတော့ အာဏာရှင်ဆန်တဲ့ ခေါင်းဆောင် လန်ဆာနာ ကွန်တီ ရဲ့ လက်ထက်တုန်းက အတွေ့ အကြုံရခဲ့ပြီး နိုင်ငံရေးမှာ နောကျေနေခဲ့သူဖြစ်သလို ဝန်ကြီးချုပ်တောင် ဖြစ်ခဲ့ပါသေးတယ်။

အသက် ၆၈ နှစ်အရွယ် ဒီယာလိုဟာ လက်ရှိသမ္မတ ကွန်ဒီရဲ့ တတိယသက်တမ်း အရွေးခံမယ့်အပေါ် ဆန့်ကျင်ဆန္ဒပြပွဲတွေမှာ ရှေ့တန်းကနေ ပါဝင်ခဲ့ပြီး အဲဒီ ဆန္ဒပြပွဲတွေကို လုံခြုံရေးတွေက နှိမ်နင်းဖြိုခွင်းခဲ့ရာမှာ လူဒါဇင်နဲ့ ချီ သေဆုံးခဲ့ရပါတယ်။

သိသာထင်ရှားတဲ့တစ်ခုကတော့ ဒီယာလိုရော ကွန်ဒီ ရောပါ မတူညီတဲ့ တိုင်းရင်းသားလူမျိုးစုအစုအဖွဲ့တွေကနေ လာသူတွေဖြစ်ပါတယ်။

လူဦးရေ ၁၃ သန်းနေထိုင်ပြီး ဆင်းရဲပေမယ့် အရင်းအမြစ် ကြွယ်ဝတဲ့ ယင်းနိုင်ငံမှာတော့ နိုင်ငံရေးဟာ အဓိကအနေနဲ့ကတော့ လူမျိုးစု မျိုးနွယ်တွေနဲ့အတူ ပုံဖော်ပါတယ်။

သမ္မတ ကွန်ဒီရဲ့ အာရ်ပီချီ ပါတီကိုတော့ မာလင်ကီ လူမျိုးစု ပြည်သူတွေက ကြီးကြီးမားမား ထောက်ခံနေပြီး ဒီယာလိုရဲ့ ယူအက်ဖ်ဒီဂျီ ပါတီကိုတော့ ဖူလာနီ ပြည်သူတွေက ထောက်ခံကြပါတယ်။ ဒါပေမယ့် ပါတီနှစ်ခုစလုံး ကတော့ ၎င်းတို့ဟာ မူမတူ ယှဉ်တွဲနေထိုင်မှု ဝါဒီတွေဖြစ်တယ်လို့ အခိုင်အမာ ပြောထားပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly