ကယားပြည်နယ်က ကျန်းမာရေး စေတနာ့ဝန်ထမ်း တတိယအသုတ် ရန်ကုန်သို့ ပို့ဆောင်

ကယားပြည်နယ်က ကျန်းမာရေး စေတနာ့ဝန်ထမ်း တတိယအသုတ် ရန်ကုန်သို့ ပို့ဆောင်

အောက်တိုဘာ၊ ၁၆ ၊၂၀၂၀

ကယားပြည်နယ်ရှိ ကျန်းမာရေး စေတနာ့ဝန်ထမ်း ၂၁ ဦးကို တတိယ အသုတ်အဖြစ် ရန်ကုန်မြို့ရှိ COVID-19 ရောဂါ ကုသရေး ဌာနများတွင် စေတနာ့ဝန်ထမ်း တာဝန်ထမ်းဆောင်ရန် ယနေ့ အောက်တိုဘာလ ၁၆ ရက်က သွားရောက်ပို့ဆောင်နေပြီး အပြန်တွင် ပထမအသုတ် စေလွှတ်ထားသော ကျန်းမာရေး စေတနာ့ဝန်ထမ်းများကို ပြန်ကြိုလာမည်ဖြစ်ကြောင်း သိရသည်။  

ကယားပြည်နယ် ကုသရေးနှင့် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာ ဌေးလွင်က “ပထမဆုံး အသုတ် အယောက် ၂၀၊ ကျွန်တော်တို့ ဒဂုံဆိပ်ကမ်းနဲ့ ဝေဘာဂီ ဆေးရုံမှာ တာဝန်ထမ်းဆောင်တဲ့ အယောက် ၂၀ ကို ပြန်ကြိုလာရမှာ ဖြစ်ပါတယ်။ အခု တစ်ခေါက်သွားတဲ့ အခါမှာ စုစုပေါင်း ကား လေးစီးနဲ့သွားတာ ဖြစ်ပါတယ်” ဟု ပြောသည်။  

လွိုင်ကော် သူနာပြုသင်တန်းကျောင်းမှ ကားတစ်စီး၊ ရွှေလွိုင်ကော် လူမှုကူညီရေးက ကား သုံးစီးဖြင့် သွားရောက် ပို့ဆောင်ခြင်း၊ ပြန်ကြိုလာခြင်းများ လုပ်ဆောင်မည် ဖြစ်သည်။ ရန်ကုန်မြို့မှ ပြန်လာမည့် ပထမ အသုတ် ကျန်းမာရေးဝန်ထမ်းများကို ကယားပြည်နယ် အစိုးရက ထောက်ပံ့ငွေများပေးရန် အစီအစဉ်ရှိကြောင်း သိရပြီး ပြန်ရောက်လာလျှင် လွိုင်ကော်မြို့ သူနာပြုသင်တန်းကျောင်း၌ ၁၄ ရက် ကွာရန်တင်း ဝင်ရမည် ဖြစ်သည်။  

COVID-19 ရောဂါ ကူးစက်မှု မြင့်တက်နေသည့် ရန်ကုန်မြို့သို့ ကယားပြည်နယ်မှ ကျန်းမာရေး စေတနာ့ဝန်ထမ်း အဖြစ် သုံးကြိမ်၊ စုစုပေါင်း ကျန်းမာရေးဝန်ထမ်း ၆၇ ဦး တို့ကို စေလွှတ်ထားပြီး ဖြစ်ကြောင်း သိရသည်။  

ဒေါက်တာ ဌေးလွင်က “ပြည်နယ်အစိုးရက ပထမ အသုတ်နဲ့ ဒုတိယ အသုတ် သွားတဲ့ (ကျန်းမာရေး ဝန်ထမ်း) လူ ၄၀ အတွက်ကို တစ်ယောက်ကို တစ်သိန်း ထောက်ပံ့ပေးပြီး စုစုပေါင်း သိန်း ၄၀ ထောက်ပံ့ပေးထားပြီး ဖြစ်ပါတယ်။ နောက်ဆုံးအသုတ် ပြန်လာခဲ့ရင်လည်း သူတို့ကို ထောက်ပံ့ပေးဖို့ အစီအစဉ်ရှိပါတယ်” ဟု ပြောသည်။

ရန်ကုန်သို့ သွားရောက်မည့် ကျန်းမာရေး ဝန်ထမ်းများတွင် အမျိုးသမီးအများစု ပါဝင်ပြီး လွိုင်ကော်မြို့ရှိ အလှူရှင်တချို့ကလည်း ငွေကြေး၊ စားနပ်ရိက္ခာတချို့တို့ကို ဝိုင်းဝန်း ပံ့ပိုးပေးကြောင်း သိရသည်။  

ရန်ကုန်သို့ ကိုယ်တိုင် လိုက်ပါသွားမည့် သူနာပြု ဆရာမကြီး ဒေါ်ဝေနေထူးက “ကျွန်မတို့က ရန်ကုန်ကို တခြားနည်းနဲ့ မကူညီနိုင်ပေမဲ့ ကိုယ့်ရဲ့ ပြည်ထောင်စု စိတ်ဓာတ်နဲ့ အုတ်တစ်ချပ် သဲတစ်ပွင့် အနေနဲ့ သွားရောက်မှာ ဖြစ်တယ်” ဟု ပြောသည်။

COVID-19 ရောဂါ ကူးစက်မှုနှုန်း မြင့်တက်နေသည့် ရန်ကုန်တိုင်း ဒေသကြီးတွင် ကွင်းဆင်း ကူညီပေးရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီးကို အကြောင်းကြားခဲ့သည့် အတွက် ပြည်နယ်တွင်းမှ ဆန္ဒအလျောက် ကွင်းဆင်းဆောင်ရွက်ပေးမည့် စေတနာ့ဝန်များကို ခေါ်ယူပြီး ယခုကဲ့သို့ ပို့ဆောင်ရန် စီစဉ်ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။  

ကယားပြည်နယ်သည် မြန်မာနိုင်ငံတွင် COVID-19 ရောဂါ ကင်းစင်းနေသည့် တစ်ခုတည်းသော ပြည်နယ်အဖြစ် ရပ်တည်ခဲ့သော်လည်း ယမန်နေ့က လူတစ်ဦးတွင် ပထမဦးဆုံး ရောဂါပိုး တွေ့ရှိခဲ့သည်။   

COVID-19 ရောဂါပိုးတွေ့ရှိသူသည် အသက် ၃၅ နှစ်အရွယ် ကျန်းမာရေး ဝန်ထမ်းတစ်ဦးဖြစ်ပြီး ရန်ကုန်၌ သင်တန်းတက်ပြီးနောက် အောက်တိုဘာလ ၆ ရက်နေ့တွင် ရှမ်းပြည်နယ်နှင့် ကယားနယ်စပ်မှ တစ်ဆင့် ရွှေလွိုင်ကော် လူမှုကူညီရေးအသင်း ကားဖြင့် ကြိုလာကာ လွိုင်ကော် ပညာရေးကောလိပ်တွင် ကွာရန်တင်း ဝင်နေစဉ် နှာခေါင်းတို့ဖတ်၊ အာခေါင်တို့ဖတ် နမူနာကို ရှမ်းပြည်နယ်၊ တောင်ကြီးမြို့သို့ ပို့ဆောင်ဆေးစစ်ဆေး ချက်အရ ပိုးကူးစက်ကြောင်း တွေ့ခဲ့ရခြင်း ဖြစ်သည်။  

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly