အမြှောက်တပ်က တောင်သူ ၁၇ ဦးအပေါ်  ထပ်တိုးပြစ်ဒဏ်ပေးရန် လျှောက်ထားမှု ပြည်နယ် တရားလွှတ်တော်က ပယ်ချ

အမြှောက်တပ်က တောင်သူ ၁၇ ဦးအပေါ်  ထပ်တိုးပြစ်ဒဏ်ပေးရန် လျှောက်ထားမှု ပြည်နယ် တရားလွှတ်တော်က ပယ်ချ
ဓာတ်ပုံ - Khu Tu Reh facebook )

အောက်တိုဘာ ၁၅ ရက်
 
ဒီးမောဆိုမြို့နယ်တွင်းနေ တောင်သူ ၁၇ ဦးကို အမှတ်(၃၆၀) အမြှောက်တပ်က တရားစွဲဆိုထားသည့် အမှုတစ်ခုနှင့်ပတ်သက်၍ နောက်ထပ် ထပ်တိုးပြစ်ဒဏ်ချမှတ်ပေးရန်  တရားလိုထပ်မံလျှောက်ထားမှုကို ပြည်နယ်တရားလွှတ်တော်က အောက်တိုဘာ ၁၅ရက်တွင် ပလပ်(ပယ်ချ)လိုက်ကြောင်း တောင်သူများဘက်မှအမှုလိုက်ပါဆောင်ရွက်ပေးနေသူ ရှေ့နေ ခူးတလေ( ခ ) ပိုးရယ်က ပြောသည်။

“ ချမှတ်တဲ့ အမိန့်က ဒီတရား စီရင်ရေးကို တိမ်းစောင်း စေတယ်၊ ယိမ်းယိုင်စေတယ် ဆိုတဲ့ အခြေ အနေ မျိုးမရှိ တဲ့ အတွက်ကြောင့်မလို့ ဝင်ရောက် စွပ်ဖက်ဖို့ မသင့်ဘူး ဆိုပြီးတော့မှ သုံးသပ်ပြီးပလပ်လိုက်တာ ဖြစ်တယ်”ဟု တောင်သူများ၏ ရှေ့နေ ခူးတလေ( ခ )ပိုးရယ်က မဇ္ဈိမကိုပြောသည်။

တပ်ပိုင်မြေတွင် တရားမဝင် ဝင်ရောက်စိုက်ပျိုးမှုဖြင့် ဒီးမောဆိုမြို့နယ် ဒေါဆိုရှေ့ကျေးရွာနေ တောင်သူများကို ဒီမောဆိုမြို့နယ်တရားရုံးက ၂၀၂၀ ခုနှစ် မတ်လ ၁၃ ရက်နေ့တွင်  ပုဒ်မ ၄၄၇ အတွက် ဒဏ်ငွေ တစ်သောင်းကျပ်၊ ပုဒ်မ ၆ (၁) အတွက် ထောင်ဒဏ် သုံးလ အသီးသီးချမှတ်ခဲ့သည်။ တရားရုံးက ချုပ်ရက်ထုတ်နုတ်ခံစားခွင့်ပြုခဲ့သည့်အတွက် တောင်သူ ၁၇ဦးမှာမူ အမိန့်ချမှတ်ခဲ့တဲ့နေ့တွင် လွတ်မြောက်လာခဲ့သည်။
 
သို့သော် အမြှောက်တပ်ဘက်က  နောက်တိုးပြစ်ဒဏ်ချမှတ်ရန် လွိုင်ကော်ရှိ ခရိုင်တရားရုံးကို တင်သွင်းခဲ့ခြင်းဖြစ်သည်။ ခရိုင်တရားရုံးက ထပ်တိုးပြစ်ဒဏ်ပေးရန် ပယ်ချခဲ့၍ ပြည်နယ်တရားလွှတ်တော်သို့ ဆက်တက်ခဲ့ရာက ဇူလိုင် ၇ ရက်နေ့တွင် ပြန်လည့်ဆင့်ခေါ်မှုပြုလုပ်ခဲ့သည်။

ထိုသို့ တရားရုံးက အမှုနှင့်ပတ်သက်၍ ပယ်ချခဲ့သော်လည်း လက်ရှိတွင် ၎င်းမြေနေရာကို တောင်သူများအနေ ဖြင့် ပြန်လည်ရရှိမည့် အခြေအနေတွင်မရှိကြောင်း ကရင်နီ ပြည် တောင်သူလယ်သမား အရေး ဆောင်ရွက်နေ သည့် ခူးတူရယ်က ပြောသည်။
 
အမှုဖြစ်သည့်နေရာတွင်  ၁၉၈၇ ခုနှစ်က တရားစွဲခံတောင်သူများက ရွာတည်ပြီး တောင်ယာလုပ်ကိုင်နေထိုင်ခဲ့ကြကြောင်း ဒေသခံများက ပြောသည်။

ထို့နောက် နယ်မြေအေးချမ်းမှုမရှိသည့်အတွက် ဒေါဆိုရှေ့ကျေးရွာသို့ ပြောင်းရွှေ့နေထိုင်ခဲ့ပြီးနောက် ၎င်း မြေဧက ၂၀၀ ပေါ်၌ တောင်ယာပြန်လည်လုပ်ကိုင်ရာတွင် အမှတ်(၃၆၀)အမြှောက်တပ်မှ ယင်းမြေနေရာအား ထွန်ယက်ခြင်းမပြုရန် တားမြစ်ခဲ့သည်။ တောင်သူများက ဆက်လက်ထွန်ယက် စိုက်ပျိုးခြင်းကြောင့် ၂၀၁၉ ခုနှစ်တွင် ပိုင်နက် ကျူးလွန်မှု ဥပဒေ ပုဒ်မ ၄၄၇ နှင့် ပြည်သူပိုင်ပစ္စည်း ကာကွယ်စောင့်ရှောက်ရေး  ဥပဒေပုဒ်မ ၆ ( ၁ ) တို့ဖြင့် အမှတ်(၃၆၀)အမြှောက်တပ်က တောင်သူ ၁၇ ဦးကို တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။

ထိုသို့မြို့နယ်တရားရုံးက ပြစ်ဒဏ်များချမှတ်ခဲ့မှုအပေါ် ပြစ်ဒဏ်များနဲသည်ဟုဆိုကာ အမှတ်(၃၆၀)အမြှောက် တပ်က အထက်တရားရုံးများသို့ လျှောက်ထားခဲ့ခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly