ရန်ကုန်၊ အောက်တိုဘာ ၁၅
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ်ရှိ အဘိုး၊ အဘွား ၆၆ ဦးရှိသော ရွှေသံလွင် ဘိုးဘွားရိပ်သာဝင်းအတွင်း နေထိုင်သည့် ဝန်ထမ်းနှင့် ဝန်ထမ်းမိသားစုဝင် စုစုပေါင်း ငါးဦးတွင် အောက်တိုဘာလ ၁၄ ရက်နေ့က ကိုဗစ်ရောဂါပိုး ကူးစက်ကြောင်း စစ်ဆေးတွေ့ရှိခဲ့သည်ဟု ယင်းမြို့နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာ အေးမူယာကျော်က မဇ္ဈိမကို ပြောသည်။
ဘိုးဘွားရိပ်သာ ဝန်ထမ်းနှင့် မိသားစုဝင် ခြောက်ဦးတွင် ကိုဗစ်လက္ခဏာ ခံစားရသည့်အတွက် မြို့နယ် ကွာရန်တင်းစင်တာရှိ အနံ့ပျောက်သူများ၊ ဖျားနာသူများ သံသယရှိလျှင် စစ်ဆေးပေးသည့်စင်တာသို့ ပို့ဆောင်ထားခဲ့ပြီး နာရီပိုင်းအတွင်း အဖြေထွက်သည့် Rapid Test Kit နှင့် စစ်ဆေးခဲ့ရာ ငါးဦးတွင် ပိုးတွေ့ရှိခဲ့ခြင်းဖြစ်သည့်အတွက် ၎င်းတို့ကို ဒဂုံဆိပ်ကမ်းမြို့နယ်ရှိ ရိုးမရိပ်သာ ကိုဗစ်စင်တာသို့ ပို့ဆောင်ထားကြောင်း သိရသည်။
ဒေါက်တာ အေးမူယာကျော်က “မနေ့ကတုန်းက ဘိုးဘွားရိပ်သာရဲ့ အုပ်ချုပ်ရေးမှူးကနေပြီးတော့ သူ့အိမ်မှာရှိတဲ့ ဝန်ထမ်းထဲကရယ်၊ ဝန်ထမ်းမိသားစုထဲကရယ် ခြောက်ဦးပေါ့နော်၊ နှာခေါင်းအနံ့ မရလို့ဆိုပြီးတော့ သတင်းပို့လာတယ်။ သတင်းပို့လာတော့ အနံ့မရတဲ့သူ ခြောက်ဦးကို မြို့နယ် ကွာရန်တင်းစင်တာက အနံ့ပျောက်စင်တာ ရှိတယ်လေ။ အဲ့ဒီအနံ့ပျောက်စင်တာမှာ သူတို့ကို ပို့ပြီးတော့ စစ်ဆေးလိုက်တယ်။ PUI (ကိုဗစ်သံသယလူနာ) တွေကျတော့ မြန်မြန်အဖြေရအောင် Rapid Test Kit နဲ့စစ်လိုက်တော့ ခြောက်ယောက်မှာ ငါးယောက်က ပိုးတွေ့တယ်။ ပိုးတွေ့သူ ငါးဦးကတော့ ရိုးမကိုဗစ်စင်တာကို ပို့ဆောင်ထားပြီး ကုသမှုခံယူနေတယ်” ဟု ပြောသည်။
ရွှေသံလွင် ဘိုးဘွားရိပ်သာကို အသွားအလာ အဝင်အထွက် ကန့်သတ်မှု lockdown ပြုလုပ်ထားပြီး ရိပ်သာတွင် ရှိနေသော အဘိုး၊ အဘွားများနှင့် ဝန်ထမ်းအားလုံးကို တိုင်းကျန်းမာရေး အစီအစဉ်ဖြင့် အောက်တိုဘာလ ၁၅ ရက်နေ့တွင် နှာခေါင်းတို့ဖတ်၊ အာခေါင်တို့ဖတ်များ ရယူစစ်ဆေးပြီး အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန (NHL) သို့ ပို့ဆောင်သွားမည်ဖြစ်ကြောင်း ဒေါက်တာ အေးမူယာကျော်က ပြောသည်။
“ဒီဝင်းထဲမှာနေတဲ့ ဝန်ထမ်းရယ်၊ ဝန်ထမ်းမိသားစုရယ် ပိုးတွေ့ပြီဆိုတော့ ဒီဝင်းထဲမှာ ရှိတဲ့သူတွေ အကုန်လုံးကို စစ်ဆေးပေးဖို့ရာအတွက် တိုင်းကျန်းမာရေး ဦးစီးဌာနရဲ့ လမ်းညွှန်ချက်နဲ့ ဝင်းထဲမှာနေထိုင်တဲ့ အဘိုးတွေ၊ အဘွားတွေနဲ့ ဝန်ထမ်းတွေရော၊ ဝန်ထမ်းမိသားစုတွေရော ကျန်တဲ့သူတွေကို ဆက်လက် စစ်ဆေးတာပေါ့နော်။ အသက်ကြီးတဲ့သူတွေဆိုတော့ ကူးစက်ခံရရင် သူတို့အတွက် ပြဿနာကြီးနိုင်တယ်ဆိုတော့ စစ်ဆေးပေးထားတာပေါ့” ဟု ၎င်းက ဆက်ပြောသည်။
ရွှေသံလွင် ဘိုးဘွားရိပ်သာတွင် အဘိုး၊ အဘွား ၆၆ ဦးရှိပြီး၊ ဝန်ထမ်း ၁၇ ဦး၊ ဝန်ထမ်းမိသားစုဝင် ၃၃ ဦး၊ စုစုပေါင်း ၁၁၆ ဦး ရှိကြောင်းလည်း သိရသည်။