ပြည်သူ ၅ သောင်းကို ၁ ဦးလျင် ဒေါ်လာ ၃၀ ပေးပြီး တရုတ်၌ ဒစ်ဂျစ်တယ်ယွမ်ငွေကြေးစနစ် စတင်စမ်းသပ် 

ပြည်သူ ၅ သောင်းကို ၁ ဦးလျင် ဒေါ်လာ ၃၀ ပေးပြီး တရုတ်၌ ဒစ်ဂျစ်တယ်ယွမ်ငွေကြေးစနစ် စတင်စမ်းသပ် 

အောက်တိုဘာ ၁၅

တရုတ်နိုင်ငံ၏  နည်းပညာဗဟိုချက် ရှန်ကျန်းမြို့၌ အသက် ၆၀ ဝန်းကျင်အရွယ် စုံတွဲတစ်တွဲသည် Walmart စတိုးဆိုင်တစ်ဆိုင်ရှိ self-checkout (ကိုယ်တိုင် ငွေရှင်းကောင်တာ) သို့ ဝင်လာခဲ့ရာတွင် အမျိုးသမီးဖြစ်သူသည် သူမ၏ ပိုက်ဆံအိတ်ကို ထုတ်ရမည့်အစား သူမကို ဖုန်းကိုသာ ဆွဲထုတ်လိုက်လေသည်။ 

Alipay ကဲ့သို့ ငွေပေးချေမှု အက်ပလီကေးရှင်းများကို လူအများအပြား အသုံးပြုနေပြီဖြစ်သည့် နိုင်ငံတစ်နိုင်ငံအတွက်မူ ယင်းသည် အံ့အားသင့်စရာတော့ မရှိပေ။ သို့သော် အဆိုပါ စုံတွဲသည် နိုင်ငံတွင် ဒစ်ဂျစ်တယ်ယွမ်ငွေကြေး ထုတ်ပေးသည့် အစီအစဉ်များ၏ ပထမဆုံးသော အမျိုးအစား စမ်းသပ်မှုတစ်ခုတွင် ပါဝင်လုပ်ဆောင်နေကြခြင်း ဖြစ်သည်။ 

သန့်စင်ဆေးဘူးတစ်ဘူး နှင့် အခြား ပစ္စည်းများကို စကင်န်ဖတ်ရှုပြီးနောက် အဆိုပါစုံတွဲသည် QR ကုဒ်တစ်ခုကို စကင်န်ဖတ်ကာ ပစ္စည်းများကို ထုပ်ပိုးပြီး ပြန်လည်ထွက်ခွာသွားကြသည်။ “ကျွန်မကတော့ ပစ္စည်းတွေ ဝယ်ဖို့ ပိုက်ဆံပေးရာမှာ ကျွန်မ စမတ်ဖုန်းကိုပဲ အမြဲ သုံးနေကျဖြစ်ပါတယ်၊ ဒါပေမယ့် ဒီဟာကတော့ ပိုပြီး လုံခြုံတယ်လို့ ခံစားရတယ်” ဟု အမျိုးသမီးဖြစ်သူက ပြောသည်။ 

ဤ အပေါင်းလက္ခဏာပြသော အတွေ့အကြုံက ၂၀၂၂ ပေကျင်း ဆောင်းရာသီအိုလံပစ်ပြိုင်ပွဲကာလ၌ ဒစ်ဂျစ်တယ်ယွမ်ငွေကြေး သုံးစွဲနိုင်ရေး ပေကျင်းအစိုးရ၏ ရည်မှန်းချက်ကို ရှေ့တစ်လှမ်းတိုးစေခဲ့သည့် အမှတ်အသားဖြစ်ခဲ့သည်။ သို့သော် ယင်းစနစ်အပေါ် အယုံအကြည်မရှိသည့် ပြင်ပမှ လူတစ်ချို့ကမူ အဆိုပါ အရွေ့သည် ဘဏ္ဍာရေးဆိုင်ရာ စောင့်ကြပ်မှုကို တင်းကျပ်ရန် တက်သုတ်ရိုက် ချဉ်းကပ်လုပ်ဆောင်မှုတစ်ခု ဖြစ်သည်ဟု ပြောကြသည်။ 

ဗဟိုဘဏ် ဒစ်ဂျစ်တယ်ငွေကြေးတစ်ခု ဖြစ်ပေါ်စေရာတွင် ဦးဆောင်မှုနေရာကို ပေးအပ်လိုက်ရနိုင်သည့် အခြေအနေအပေါ် စိုးရိမ်ပူပန်လျက်ဖြင့် စက်မှုဖွံ့ဖြိုးပြီး ဂျီ-၇ နိုင်ငံများအုပ်စု၏ အဖွဲ့ဝင်များကလည်း ဒစ်ဂျစ်တယ်ငွေပေးချေမှု စနစ်များ ဖန်တီးရာတွင် ဥပဒေစိုးမိုးရေးနှင့် ပွင့်လင်းမြင်သာမှုရှိရေးအတွက် ရပ်တည်ကာကွယ်ရင်း ယင်းအပေါ် ပြန်လည်တုံ့ပြန်ထားကြသည်။ 

အောက်တိုဘာ ၁၂ ရက်က စတင်ခဲ့သည့် စမ်းသပ်မှုအတွက် ရှန်ကျန်းအစိုးရသည် ကံစမ်းမဲစနစ်ဖြင့် ရွေးချယ်ထားသည့် ပါဝင်သူ ၅၀,၀၀၀ ကို ဒစ်ဂျစ်တယ်ငွေကြေး ယွမ် ၁၀ သန်း (ဒေါ်လာ ၁ ဒသမ ၅ သန်း) ကို ထုတ်ဝေပေးခဲ့သည်။ ယင်းသည် ပါဝင်သူတစ်ဦးစီတိုင်းကို ယွမ် ၂၀၀ သို့မဟုတ် (ဒေါ်လာ ၃၀) စီ ရရှိစေပြီး ရွေးချယ်သတ်မှတ်ထားသော စားသောက်ဆိုင် နှင့် စတိုးဆိုင် ၃,၃၈၉ ခုတွင် ဝယ်ခြမ်းသုံးစွဲနိုင်မည် ဖြစ်သည်။ 

ယင်းစမ်းသပ်မှုသည် လာမည့် အောက်တိုဘာ ၁၉ ရက်တွင် ပြီးစီးမည်ဖြစ်သည်။ ဒစ်ဂျစ်တယ်ငွေကြေးများနှင့်ပတ်သက်၍ အခြားသော စမ်းသပ်နည်းများကိုလည်း အဓိကအားဖြင့် အများပြည်သူ ကဏ္ဍက လုပ်ဆောင်ထားသည်။ သို့သော် ယခုစမ်းသပ်မှုက သာမန် ပြည်သူဦးရေ များများ ပါဝင်သည့် ပထမဆုံးသော စမ်းသပ်မှု ဖြစ်သည်။ စမ်းသပ်မှုတွင် ပါဝင်ရန် မည်သည့် စရိတ်စကမှ ကျခံရခြင်း မရှိခဲ့ပေ။ လူပေါင်း ၁ ဒသမ ၉၁ သန်းကျော်ခန့် ယခုစမ်းသပ်မှု အစီအစဉ်တွင် ပါဝင်ရန် လျှောက်ထားခဲ့ပြီး လက်ခံမှုနှုန်းကမူ ၃ ရာခိုင်နှုန်းအောက်သာ ရှိသည်။ 

အပြင်ပန်းအားဖြင့်မူ ဒစ်ဂျစ်တယ် ယွမ်ငွေ ပရောဂျက်သည် တရုတ် နိုင်ငံသုံးငွေကြေးကို နိုင်ငံတကာနှင့် ပိုမိုပတ်သက်စေရန်နှင့် အသုံးပြုသူနှင့် ပိုမိုလိုက်ဖက်ပြီး အကျိုးပြုစေရန် အဓိပ္ပါယ်သက်ရောက်သည်။ သို့သော် ယင်းသည် အာဏာပိုင်များကို ရန်ပုံငွေများ ပိုမို လွယ်ကူစွာ ခြေရာကောက် ထောက်လှမ်းနိုင်ခွင့် ပေးလိမ့်မည်ဟု ဝေဖန်သူများက ပြောသည်။ 

၂၀၁၈ ခုနှစ်က တရုတ်ဗဟိုဘဏ်သည် မိုဘိုင်းငွေပေးချမှု စနစ်တိုင်း ဖြတ်သန်းအတည်ပြုရန် လိုအပ်သည့် ဗဟို တွက်ချက်မှု ပလက်ဖောင်း တစ်ခုဖြစ်သည့် NetsUnion ကို စတင်ခဲ့သည်။ အကယ်၍သာ ဒစ်ဂျစ်တယ်ယွမ်ငွေကြေးကို ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုမှု ရှိလာပါက အာဏာပိုင်များအနေဖြင့် အရောင်းအဝယ်ပြုလုပ်မှု အားလုံးနီးပါးကို နည်းပညာပိုင်းအရ ဆုပ်ကိုင်အသုံးချနိုင်စွမ်း ရှိမည်ဖြစ်သည်။ 

ရှန်ကျန်း အထူးစီးပွားရေးဇုန် ထူထောင်မှု နှစ် ၄၀ ပြည့်အထိမ်းအမှတ်အဖြစ် ရှန်ကျန်းတွင် အောက်တိုဘာ ၁၄ ရက်က မိန့်ခွန်းတစ်ရပ် ပြောကြားစဉ် တရုတ်သမ္မတ ရှီကျင့်ဖျင်က ဒစ်ဂျစ်တယ် လုပ်ငန်းနှင့် အနာဂတ်လုပ်ငန်းများ ဖော်ဆောင်ရေး တိုက်တွန်းလျက် ဒစ်ဂျစ်တယ်ယွမ်ငွေစနစ်ကို အောင်မြင်စေရန် ဆန္ဒရှိကြောင်း ထုတ်ဖော်ခဲ့သည်။ 

ယင်းနေ့ မတိုင်မီ တစ်ရက် အောက်တိုဘာ ၁၃ ရက်တွင် ဂျီ-၇ နိုင်ငံများ၏ ဘဏ္ဍာရေးဝန်ကြီးများနှင့် ဗဟိုဘဏ်ဥက္ကဋ္ဌများအကြား အွန်လိုင်းအစည်းအဝေးတစ်ခုတွင် ဒစ်ဂျစ်တယ် ငွေပေးချေမှု ဝန်ဆောင်မှုများက အဓိက ဆွေးနွေးမှု အကြောင်းအရာတစ်ခုဖြစ်ခဲ့သည်။ 

တရုတ်၏ ငွေကြေးပရောဂျက်နှင့်ပတ်သက်၍ မေးမြန်းခံရစဉ် ဂျပန် ဘဏ္ဍာရေးဝန်ကြီး တာရိုအေဆိုက “ဒါကတော့ ဟေး၊ တရုတ်တို့၊ ခင်ဗျားတို့ ပွင့်လင်းမြင်သာမှု ဘယ်လောက် ရှိသလဲ ဆိုပြီး ကျွန်တော် မေးရမယ့် ကိစ္စတစ်ခုပါပဲ” ဟု သတင်းစာရှင်းလင်းပွဲတစ်ခုတွင် ပြောသွားခဲ့သည်။ 

ဂျပန်ဗဟိုဘဏ်ဥက္ကဋ္ဌ ဟာရူဟိကို ကူရိုဒါကလည်း အဆိုပါ သဘောထားတိုင်း တစ်ထပ်တည်း ပြောခဲ့သည်။ 

“ဂျီ-၇ အပြင်ဘက်က နိုင်ငံတွေအနေနဲ့ ဒစ်ဂျစ်တယ်ငွေကြေး ထုတ်ပေးတယ်ဆိုရင် ပွင့်လင်းမြင်သာမှုကို သေချာစေမယ့် ပုံစံတစ်ခုနဲ့ အဲဒါကို လုပ်ဖို့ လိုပါတယ်” ဟု ကူရိုဒါက သတင်းထောက်များကို ပြောခဲ့သည်။ 

တရုတ်၏ ဒစ်ဂျစ်တယ် ငွေကြေးနှင့်ပတ်သက်၍ စိုးရိမ်ပူပန်မှုများအရလည်း ယင်းကဲ့သို့သော အရောင်းအဝယ်ငွေပေးချေမှုများက နိုင်ငံ၏ နယ်စပ်တွင် ရပ်တန့်သွားမည်မဟုတ် ဆိုသည်ကို အသွင်ဆောင်နေသည်။ အကယ်၍သာ ဒစ်ဂျစ်တယ် ယွမ်ငွေကြေးက ကုန်သွယ်မှုနှင့် အခြားလမ်းကြောင်းများကနေတဆင့် ကမ္ဘာအနှံ့ နေရာယူရောက်ရှိပါက ယင်းသည် ဒေါ်လာငွေ၏ ကမ္ဘာ့အဓိကငွေကြေးအဖြစ် ရပ်တည်မှုအနေအထားအပေါ် အောက်ခြေမှ တိုက်စားစေနိုင်သည်။ 

ဒေါ်လာငွေ ပေးချေမှုများအပေါ် ပိတ်ပင်သည့် အရေးယူဒဏ်ခတ်မှုများက ထိရောက်မှု ဆုံးရှုံးခြင်းကို ဖြစ်စေနိုင်သော အန္တရာယ် ရှိစေလိမ့်မည်ဖြစ်သည်။ ယင်းအပြင် အကယ်၍ ဒစ်ဂျစ်တယ် ယွမ်သည် နည်းပညာပိုင်းအရ နိုင်ငံတကာ စံနှုန်းတစ်ခု ဖြစ်လာပါက ယင်းသည် အခြားနိုင်ငံများ ကိုယ်ပိုင် ဒစ်ဂျစ်တယ်ငွေကြေးများ ထုတ်ပေးမှုအပေါ် အဟန့်အတားတစ်ခုအဖြစ် ဖန်တီးနိုင်သည်။ 

ဂျပန်နှင့် အနောက်နိုင်ငံများသည် တရုတ်ကို အမှီလိုက်ရန် ကျယ်ပြန့်သော ကွာဟချက်တစ်ခုနှင့် ကြုံတွေ့နေသည်။ ဗဟိုဘဏ် ခုနစ်ခုနှင့် Bank for International Settlements (BIS) ဘဏ်တို့သည် ဗဟိုဘဏ် ဒစ်ဂျစ်တယ်ငွေကြးများ ထုတ်ပေးခြင်းအတွက် အခြေခံ စည်းမျဉ်းနိယာမများကို ချမှတ်ထားသည့် အစီရင်ခံစာတစ်ရပ်ကို အောက်တိုဘာ ၉ ရက်က ထုတ်ပြန်ခဲ့သည်။ အဆိုပါ စည်းမျဉ်းအခြေခံသဘောတရားများတွင် ငွေကြေးဆိုင်ရာနှင့် ဘဏ္ဍာရေးတည်ငြိမ်မှုအပေါ် အထိအခိုက်မရှိအောင် လုပ်ဆောင်ရေးနှင့် ငွေသားနှင့် ပုဂ္ဂလိကကဏ္ဍ ဒစ်ဂျစ်တယ်ငွေကြေးများနှင့် အတူယှဉ်တွဲရှိနေခြင်းကို အားပေးရေးတို့ ပါဝင်သည်။ 

BOJ သည် ဒစ်ဂျစ်တယ်ငွေဗကြးတစ်ခုကို လေ့လာရန် proof-of-concept (စမ်းသပ်ပရောဂျက်မှ ရရှိသည့် အထောက်အထား) စမ်းသပ်မှုတစ်ခုကို စီစဉ်နေပြီး ယင်းကို အဆင့် ၃ ဆင့်ဖြင့် စီမံဆောင်ရွက်မည်ဖြစ်သည်။ ပထမအဆင့်ကို လာမည့် နွေဦးတွင် စတင်သွားမည်ဖြစ်ပြီး အပိတ်စနစ်တစ်ခုအတွင်း အခြေခံလုပ်ငန်းဆောင်တာများ စမ်းသပ်မှုများ လုပ်ဆောင်မည်ဖြစ်သည်။ သာမန် သုံးစွဲသူများ ပါဝင်မည့် စမ်းသပ်မှုတစ်ခုက တတိယအဆင့် မတိုင်မီအထိ ဖြစ်ပေါ်မည်မဟုတ်ပေ။ 

ဒစ်ဂျစ်တယ်ငွေပေးချေမှုစနစ်များအပေါ် ယုံကြည်မှုက “ပွင့်လင်းမြင်သာမှု၊ ဥပဒေစိုးမိုးမှုနှင့် ခိုင်မာသည့် စီးပွားရေး အုပ်ထိန်းမှု” တို့နှင့် ဆက်နွယ်နေကြောင်း ဂျီ-၇ ဝန်ကြီးများနှင့် ဗဟိုဘဏ်အကြီးအကဲများက အောက်တိုဘာ ၁၃ ရက် ပူးတွဲကြေညာချက်တစ်ခုတွင် အလေးပေးပြောသွားခဲ့သည်။ သို့သော် တရားဝင်ထုတ်ပြန်ချက်က အဖွဲ့ဝင်မဟုတ်သော တရုတ်အပေါ် လွှမ်းမိုးမည်ဟု မျှော်လင့်နိုင်ဖွယ်ရာ မရှိပေ။ 

တရုတ် ပါဝင်သည့် ဂျီ-၂၀ စီးပွားရေးနိုင်ငံများအုပ်စုသို့ အာရုံစိုက်မှုကို ပြောင်းလဲခြင်းက ဒစ်ဂျစ်တယ်ငွေကြေးနှင့်ပတ်သက်၍ အတူပါဝင်ပတ်သက်သော မူဘောင်တစ်ခုကို ရေးဆွဲခံယူနိုင်မည်ဖြစ်သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly