ကယားပြည်နယ် နိုင်ငံရေး ပွတ်တိုက်မှုများ - စွပ်စွဲပြစ်တင်ခြင်းမှသည် အခြေခံဥပဒေ ခုံရုံးဆီသို့ 

ကယားပြည်နယ် နိုင်ငံရေး ပွတ်တိုက်မှုများ - စွပ်စွဲပြစ်တင်ခြင်းမှသည် အခြေခံဥပဒေ ခုံရုံးဆီသို့ 

အောက်တိုဘာ၊ ၁၄ ၊ ၂၀၂၀ 

ကယားပြည်နယ်ကို ကိုဗစ်ရောဂါ ကူးစက်သူ မတွေ့ရဟူသော ကျန်းမာရေးအရ လူသိများမှု မတိုင်ခင်ကတည်း ပြည်နယ်ဝန်ကြီးချုပ်ကို စွပ်စွဲပြစ်တင် ဖြုတ်ချလိုက်မှုနှင့် ယင်း၏ နောက်ဆက်တွဲ ဂယက်ကြောင့်လည်း နိုင်ငံ ရေးအရ အများအာရုံစိုက်ခြင်းကို ခံရသော ပြည်နယ် ဖြစ်သည်။ 

ကယားပြည်နယ် လွှတ်တော် ဥက္ကဋ္ဌ ဦးလှထွေးနှင့် ဝန်ကြီးချုပ်ဟောင်း တဖြစ်လဲ ယခု အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) လက်ရှိ အမတ်လောင်း ဦးအယ်လ်ဖောင်းရှိုတို့၏ အမှုကို အောက်တိုဘာလ ၆ ရက်နေ့တွင် နိုင်ငံ တော် ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးက အွန်လိုင်းမှ အများပြည်သူ ကြည့်ရှုခွင့်ပြုထားသည့် e-Court စနစ်ဖြင့် ကြားနားပြီး နောက်ပိုင်း မြန်မာနိုင်ငံ၏ ကိုဗစ်လှိုင်းနှင့် ရွေးကောက်ပွဲ မဲဆွယ်ရေး အားစမ်းနေသည့် ကာလ၌ပင် ၎င်းတို့ နှစ်ဦးကြား ထိပ်တိုက်တွေ့မှုများ အရှိန် ဆက်လက် မြင့်တက်နေသည်။ 

ဩဂုတ်လ ၁၄ ရက်နေ့မှ စတင်ကာ ဦးအယ်လ်ဖောင်းရှိုကို စွပ်စွဲပြစ်တင်ရန် စုံစမ်းစစ်ဆေးရေး အဖွဲ့အား ဖွဲ့စည်း၍ ပြည်နယ်လွှတ်တော်မှတစ်ဆင့် ကိုယ်စားလှယ်များ၏ ဆန္ဒမဲများ တောင်းခံကာ ပြည်နယ် ဝန်ကြီးချုပ်အား ရာထူးဖယ်ရှားပြီးနောက် လွှတ်တော်နှင့် ပြည်နယ်ဝန်ကြီးချုပ်တို့ အကြား ပွတ်တိုက်မှုများ ဆက်တိုက် ဖြစ်ပေါ်ခဲ့ခြင်း ဖြစ်သည်။ 

စုံစမ်းရေး အစီအရင်ခံစာကို ကယားပြည်နယ် လွှတ်တော် ဥက္ကဋ္ဌထံ တင်ပြခဲ့ပြီး စက်တင်ဘာလ ၁ ရက်နေ့တွင် ပြည်နယ်လွှတ်တော် အစည်းအဝေး၌ မဲခွဲဆုံးဖြတ်ခဲ့ရာ ထောက်ခံမဲ ၁၆ မဲ၊ ကန့်ကွက်မဲ ၄ မဲ ရရှိကာ ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုအား အယုံအကြည် မရှိသည့်အတွက် ရာထူးမှ ဖယ်ရှားရန် လွှတ်တော်က အတည်ပြု ဆုံးဖြတ်ခဲ့သည်။ 

စက်တင်ဘာလ ၃ ရက်နေ့တွင် စွပ်စွဲပြစ်တင်သူအဖြစ် တင်သွင်းသည့်အဆို အောင်မြင်သဖြင့် နိုင်ငံတော် သမ္မတက လက်မှတ်ရေးထိုး၍ ကယားပြည်နယ် ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုကို တာဝန်မှ ရပ်စဲလိုက်သည်။ 

သို့သော် တာဝန်ရပ်စဲခံရသည့် စက်တင်ဘာလ ၃ ရက်နေ့တွင် လွှတ်တော် အစည်းအဝေးအပြီး သတင်းထောက်များနှင့် တွေ့ဆုံစဉ် ဦးအယ်လ်ဖောင်းရှိုက “ပြည်သူတွေက ဘယ်သူက အမှန်တရားကို ဖော်ဆောင်တယ် ဆိုတဲ့အဖြေကို သူတို့ သိထားပြီးသား ဖြစ်တဲ့အတွက်ကြောင့် ရွေးကောက်ပွဲမှာ ကျွန်တော့်ကို မဲဆွယ်ပေးသလို ဖြစ်တယ်” ဟု ပြောဆိုခဲ့သည်။ 

ဦးအယ်လ်ဖောင်းရှိုသည် ၂၀၁၅ အထွထွေ ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီအား ကိုယ်စားပြု၍ မယ်စဲ့မြို့နယ် မဲဆန္ဒနယ် အမှတ် (၂) တွင် ဝင်ရောက်ယှဉ်ပြိုင် အနိုင်ရခဲ့ပြီးနောက် ကယားပြည် နယ် ဝန်ကြီးချုပ်အဖြစ် ခန့်အပ်ခြင်းခံခဲ့ရသည်။ 

ဝန်ကြီးချုပ် တာဝန် ထမ်းဆောင်နေစဉ် ဦးအယ်လ်ဖောင်းရှိုနှင့် ပတ်သက်၍ မီဒီယာများ အာရုံစိုက်ခြင်း ခံရသော ကိစ္စအချို့ ရှိသည်အနက် ၂၀၁၈ ခုနှစ်အတွင်း လွိုင်ကော်မြို့၌ ထားရှိမည့် ဗိုလ်ချုပ်ကြေးရုပ်နှင့် ပတ်သက်၍ ကန့်ကွက်ဆန္ဒပြခဲ့ကြသည့် ကရင်နီ လူငယ်များကို ထိန်းသိမ်းရန် တပ်ကို တာဝန်ပေးမည်ဟု ပြောကြားခဲ့မှုလည်း တစ်ခုအပါအဝင် ဖြစ်သည်။ 

စုံစမ်းစစ်ဆေးရေး ဖွဲ့ခြင်း၊ စွပ်စွဲပြစ်တင်ခြင်း၊ ရာထူးမှာ ဖယ်ရှားခံရများ၏ အစတွင် စာရင်းစစ်ချုပ်၏ အစီရင်ခံစာအရ ၂၀၁၆ ဧပြီလမှ ၂၀၁၈ မေလဆန်းပိုင်းအထိ စက်ယန္တရား ငှားရမ်းခများ၊ အခြားရငွေ ကျပ်သိန်း ၅,၆၇၃ ကျော်ရရှိခဲ့ရာ သုံးစွဲငွေ သိန်း ၄,၈၅၁ ကျော် ရှိခဲ့သည့် အနက်ကျပ် သိန်း ၃၇၇ ကျော်ကို ဦးအယ်လ်ဖောင်းရှို ကိုယ်ရေးကိုယ်တာ အတွက်သော်လည်းကောင်း၊ ၁၃ သိန်းကျော်ကို ပါတီအရေးကိစ္စများအတွက်သော်လည်း သုံးစွဲခဲ့သည့် ကိစ္စများ ပါဝင်သည်။ 

ထိုအသုံးစရိတ်များထဲတွင် ၂၀၁၆ နှစ်က အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) သဘာပတိအဖွဲ့ဝင် ဦးဝင်းထိန်၏သမီး မင်္ဂလာဆောင်အတွက် ငွေကျပ် နှစ်သိန်း လက်ဖွဲ့ခဲ့ကြောင်းလည်း စုံစမ်းစစ် ဆေးရေးအဖွဲ့ အစီရင်ခံစာတွင် ဖော်ပြခဲ့သည်။ 

ကယားပြည်နယ်အတွင်း ပွတ်တိုက်မှုနှင့် ထိပ်တိုက်တွေ့မှုများ တစ်ဆင့်ပြီးတစ်ဆင့် ဇာတ်အရှိန်မြင်နေချိန် စုံစမ်းစစ်ဆေးရေး ငါးဦး ကော်မတီတွင် ပါဝင်ခဲ့ပြီးမှ ပြန်လည် နုတ်ထွက်သွားသည့် ဒီးမော့ဆိုမြို့နယ် မဲဆန္ဒနယ် အမှတ် (၁) လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းအောင် (ခ) စဲရယ်၏ အခန်းကဏ္ဍကိုလည်း ချန်ထား၍ မရပေ။  

ဤသို့နုတ်ထွက်ခြင်းက လွှတ်တော်ကို ထိခိုက်စေသဖြင့်သဖြင့် ဦးသိန်းအောင်ကို ကယားပြည်နယ် လွှတ်တော် ဥက္ကဋ္ဌ ဦးလှထွေးက မကြာခင် အနည်းဆုံး ပုဒ်မ သုံးခုဖြင့် တရားစွဲ ဆိုသွားမည်ဟု အောက်တိုဘာလ ၆ ရက်နေ့ နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာ ခုံရုံးတွင် အွန်လိုင်းမှ တစ်ဆင့် ကြားနာအပြီး သတင်းထောက်များကို ပြောသည်အထိ ပဋိပက္ခမျက်နှာစာ ကျယ်ပြန့်လာခဲ့သည်။ သို့သော် ဦးသိန်းအောင်ကို မည်သည့်အချိန်၊ မည်သည့် ပုဒ်မများဖြင့် တရား စွဲဆိုမည်ဟု ထုတ်ဖော်ပြောဆိုခြင်းကား မရှိချေ။  

ပြောသည့်အတိုင်း လုပ်မည် (တရားစွဲမည်) ဟု ဦးလှထွေးက ဆိုသဖြင့် ပြည်နယ်ဝန်ကြီးချုပ် ဖြုတ်ချရေး အားပြိုင်မှုတွင် သက်ဆိုင်ရာ ဥပဒေဘောင်အတွင်းမှာ ကိုယ်စွဲကိုင်နိုင်သည့်အချက်ကို ခြေကုပ်ရယူထားနိုင်ပုံရသည်ဟု မှတ်ယူရသည်။ ဦးအယ်လ်ဖောင်းရှိုဘက်ကမူ နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာ ခုံရုံးအထိ တက်ပြီး စစ်မျက်နှာ ဖွင့်ခဲ့ပြီးဖြစ်သည်။ 

ဦးလှထွေးသည် ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲ၌ NLD ပါတီ ကိုယ်စားပြု၍ ရှားတောမြို့နယ် မဲဆန္ဒနယ် အမှတ် (၂) ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်နေရာတွင် အနိုင်ရခဲ့ပြီး ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်နေသူ ဖြစ်သည်။ ပွတ်တိုက်မှုများ၏ အကျိုးဆက်အဖြစ် ယခု ဦးလှထွေးသည် ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲတွင် NLD ပါတီမှ နုတ်ထွက်ပြီး တသီးပုဂ္ဂလအဖြစ် ရွေးကောက်ပွဲ ကော်မရှင်ထံ မှတ်ပုံတင်ကာ ရှားတောမြို့နယ်၌ ဝင်ရောက်ယှဉ်ပြိုင်မည့်လမ်းကို ရွေးချယ်ထားသည်။ 

ပြည်နယ် ဝန်ကြီးချုပ်တစ်ဦး စွပ်စွဲပြစ်တင်ခံရမှုနှင့် ပတ်သက်၍ ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးသို့ အဆိုတင်သွင်းမှုမှာ ၂၀၂၀ ခုနှစ်အတွင်း ပထမဆုံးအကြိမ်လည်း ဖြစ်သည်။ 

တရားလွှတ်တော် ရှေ့နေ ဒေါ်မင်းမင်းစိုးက ဦးအယ်လ်ဖောင်းရှိုဘက်မှ အမှုလိုက်ပါ ဆောင်ရွက်ပေးပြီး လွှတ်တော် ဥက္ကဋ္ဌ ဦးလှထွေးကမူ ကိုယ်တိုင် ကိုယ်စားပြု တက်ရောက်ခဲ့သည်။ Law Home အဖွဲ့မှ အထက်တန်းရှေ့နေ ဦးကျော်ဝဏ္ဏအောင်က နောက်တစ်ကြိမ် ဤကဲ့သို့ဖြစ်လျှင် ဥပဒေတွင် ဝိဝါဒကွဲပြား​စေခြင်းက တစ်ပိုင်းနှင့် ဝန်ကြီးချုပ်အနေဖြင့် ၎င်း၏ တာဝန်မှ ဖယ်ရှားချခံရမှုတွင် မိမိဂုဏ်သိက္ခာနှင့် ပါတီဂုဏ်သိက္ခာတို့ကို ပြန်လည် အဖတ်ဆယ်လိုသဖြင့် ခုံရုံးတက်ခြင်း ဖြစ်နိုင်ကြောင်း သုံးသပ်သည်။ 

“ရုံးတော် သဟာရရဲ့ လျှောက်လဲ ချက်အပေါ်မှာ ဒီကလွှတ်တော် ကိုယ်စားလှယ် တော်တော်များများကလည်း ဝေဖန်သံ နည်းနည်းဆူသွားတယ်။ အဲဒီ (အောက်တိုဘာ) ၆ ရက်နေ့မှာဆိုရင် လွှတ်တော်ကိုယ်စားလှယ် တော်တော်များများက အမြင့်ဆုံးဖြစ်တဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေနဲ့အညီ ဆောင်ရွက်တဲ့ကိစ္စကို ဒီလိုမျိုး ခုံရုံးကနေ ဆုံးဖြတ်မယ်ဆိုရင် ဖွဲ့စည်းပုံ အခြေခံဥပဒေက အလကား ဖြစ်သွားမှာပေါ့ဆိုတဲ့ ပြောဆိုချက်တွေ ကြားရခြင်းအားဖြင့် ဒီလွှတ်တော်နဲ့ အစိုးရကြားမှာ ပိုပြီးတော့ ပြင်းထန်လာနိုင်တယ်” ဟု ပြောသည်။ 

လွှတ်တော်နှင့် ဝန်ကြီးချုပ်တို့ နှစ်ဘက် ကြားနာပွဲတွင် ဝန်ကြီးချုပ်ဘက်ကို ဇောင်းပေးပြီး ပြောကြားသွားကြောင်းလည်း အထက်တန်း ရှေ့နေ ဦးကျော်ဝဏ္ဏအောင်က ၎င်း၏ ထင်မြင်ယူဆချက်ကို ပြောသည်။ 

“ပုံမှန်အားဖြင့် လွှတ်တော်ဥက္ကဋ္ဌနဲ့ ဝန်ကြီးချုပ်ရှေ့နေက တဘက်-တဘက်ဖြစ်ရမယ်။ ရုံးတော် သဟာရကတော့ ကြားအမြင်ပေါ့။ ဒီအပေါ်မှာ သူသုံးသပ်ချက်ကို ပြောရတာပေါ့။ ဒါပေမယ့် သူကတော့ အုပ်ချုပ်ရေးဘက်ကို ပိုပြီးတော့ ဇောင်းပေးပြီးတော့ လျှောက်လဲသွားတာ တွေ့ရတယ်” ဟု ဆိုသည်။ 

ခုံရုံးက e-Court စနစ်ဖြင့် နှစ်ဖက် အပြန်အလှန် ကြားနာခဲ့ပြီး အပြီးသတ် ဆုံးဖြတ်ချက် ချမှတ်မည့် နေ့ရက်နှင့် အချိန်ကို ခုံရုံးနည်းဥပဒေ (၁၉) အရ ပုံစံ (၈) ဖြင့် ခုံရုံး အင်တာနက် စာမျက်နှာတွင် ထုတ်ပြန်ပေးသွားမည်ဟု ကြေညာထားသော်လည်း ယခုအချိန်အထိ ကြေညာခြင်းတော့ မရှိသေးပေ။  

ပွတ်တိုက်မှုနှင့် ထိပ်တိုက်တွေ့မှုများ မပြီးသေးပေ။ နောက်ဆက်တွဲအဖြစ် ဦးအယ်လ်ဖောင်းရှိုကို ငွေကြေးသုံးစွဲမှုများနှင့် ပတ်သက်၍ ဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်ပေးရန် လွိုင်ကော် မြို့မရဲစခန်း၌ အောက်တိုဘာလ ၁၀ ရက်နေ့တွင် ဖရူဆိုမြို့နယ် မဲဆန္ဒနယ် ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးသဲရယ်က တိုင်ကြားထားသော်လည်း အမှုဖွင့်ပေးခြင်းတော့ မရှိသေးချေ။ 

စက်တင်ဘာလ ၃၀ ရက်နေ့က အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်မှ အကြောင်း ပြန်ကြားထားသည့် စာကို အားပြု၍ ဦးအယ်လ်ဖောင်းရှိုကို ဦးသဲရယ်က တိုင်ကြားခြင်း ဖြစ်သည်။ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်၏ အကြောင်းပြန်ကြားစာတွင် သက်ဆိုင်ရာဌာနမှ တည်ဆဲဥပဒေနှင့်အညီ ဆောင်ရွက်ရမည့် ကိစ္စဖြစ်ကြောင်း ဖော်ပြပါရှိသည်။ 

ဦးသဲရယ်သည် ကယားပြည်နယ် ဝန်ကြီးချုပ်အပေါ် စွပ်စွဲပြစ်တင်မှု၌ ကယားပြည်နယ် လွှတ်တော်မှ ဖွဲ့စည်းပေးထားသည့် စုံစမ်းစစ်ဆေးရေးအဖွဲ့တွင် ဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့သူလည်း ဖြစ်သည်။ 

ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးမှသည် လွိုင်ကော် မြို့မရဲစခန်းအထိ အခြေအနေ ရှုပ်ထွေးနေချိန်တွင် မည်သည့်ပုဒ်မများက မည်သည့်ရလဒ်ထွက်လာမည်ကို စိတ်ဝင်စားနေကြချိန်၌  

ဦးအယ်လ်ဖောင်းရှိုက အထွေထွေ ရွေးကောက်ပွဲအတွက် မယ်စဲ့မြို့နယ် မဲဆန္ဒနယ် အမှတ် (၂) တွင် ပါတီအတွက် မဲဆွယ်မှုများ ပြုလုပ်နေသကဲ့သို့ တသီးပုဂ္ဂလအဖြစ် ဝင်ရောက် ရွေးကောက်ခံမည့် ဦးလှထွေးကလည်း ရှားတောမြို့နယ်တွင် မဲဆွယ်မှုများ ပြုလုပ်နေကြသည်။ 

တစ်ဦးချင်း ပွတ်တိုက်မှုမှစလိုက်သော ဥပဒေကိုင်၍ စီးချင်းထိုးနေမှုများသည် လာမည့် ကာယားပြည်နယ်၏ နိုင်ငံရေး အခင်းအကျင်းနှင့် လွှတ်တော်တွင်း အားပြိုင်မှုများအပေါ် မည်သို့ ဆက်လက် သက်ရောက်နိုင်သည်ကိုမူ စောင့်ကြည့်ရန်သာ ဖြစ်ပါသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly