ရသေ့တောင်မြို့နယ်တွင် တပ်မတော်နှင့် AA တို့ တိုက်ပွဲပြင်းထန် 

ရသေ့တောင်မြို့နယ်တွင် တပ်မတော်နှင့် AA တို့ တိုက်ပွဲပြင်းထန် 
ဓာတ်ပုံ - အောင်အောင်ထူး

အောက်တိုဘာ ၁၄၊ ၂၀၂၀ 

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ ကျောက်တန်း၊ ထီးစွဲနှင့် အောင်သာစည် ကျေးရွာ အနီးတဝိုက်တို့တွင် ယမန်နေ့ အောက်တိုဘာလ ၁၃ ရက်က တပ်မတော်နှင့် AA ရခိုင်လက်နက်ကိုင် အဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း နှစ်ဖက်အဖွဲ့အစည်းများက သတင်းထုတ်ပြန်ထားသည်။ 

ယင်းနေ့ နံနက်ပိုင်းမှ စတင်ခဲ့သော တိုက်ပွဲသည် ညနေပိုင်းအထိ ပြင်းထန်နေခဲ့ပြီး ယင်းအနီးတဝိုက်တွင် ဖြစ်ပွားခဲ့သော တိုက်ပွဲများအနက် ယမန်နေ့က ဖြစ်ပွားခဲ့သည့် တိုက်ပွဲမှာ အပြင်းထန်ဆုံးဟု ဆိုနိုင်ကြောင်း ယင်းကျေးရွာနှင့် တစ်မိုင်ကျော်ဝေးသည့် သောင်းဒြားကျေးရွာသား ဒေသခံ ကိုမောင်နိုင်ဝင်းက ပြောသည်။ 

“တစ်နေကုန်ဖြစ်တာ။ ပစ်တာက မနက်ပိုင်း ၇ နာရီကနေပြီး ညနေ ၇ နာရီလောက်ထိ ပစ်တယ်။ နေဖို့မရအောင်ကို ပစ်တာ။ မီးတွေတောက်ပါတယ်။ တခြားနေ့တွေက တိုက်ပွဲဖြစ်တာက ဒီလောက် မပြင်းထန်ဘူး။ မနေ့က ပစ်တာက တကယ့်ကို ပြင်းထန်တာ။ လေယာဉ်တွေဆိုလည်း တခြားနေ့မှာ နှစ်ခေါက်လို့ဆိုရင် မနေ့က လေးခေါက်လောက်ချတယ်။ ရသေ့တောင်ကလည်း ပစ်တယ်။ ထီးစွဲကလည်း ပစ်တယ်။ ဇက်ကလည်း ပစ်တယ်။ အောင်သာစည်ကျေးရွာက နေအိမ် ၁၂ ဆောင် မီးလောင်သွားတယ်” ဟု ကိုမောင်နိုင်ဝင်းက မဇ္ဈိမကို ပြောသည်။ 

အောက်တိုဘာလ ၁၃ ရက်နေ့ ညနေပိုင်းက တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့၏ ထုတ်ပြန်ချက်တွင် AA တပ်ဖွဲ့ဝင်များသည် ထီးစွဲကျေးရွာ စိုးမိုးကုန်းသို့ ဝင်ရောက် တိုက်ခိုက်လာသောကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြန်လည် တိုက်ခိုက်ရာ ကျောက်တန်းနှင့် အောင်သာစည် ကျေးရွာတို့ဘက်သို့ ဆုတ်ခွာသွားကြောင်း ဖော်ပြထားသည်။ 

AA ရခိုင်လက်နက်ကိုင် အဖွဲ့ကမူ တပ်မတော်သည် အောင်သာစည် ကျေးရွာ၏ အနောက်တောင်ဘက် မီတာ ၇၀၀ ခန့်အကွာ (သို့မဟုတ်) ထီးစွဲကျေးရွာ၏ အရှေ့တောင်ဘက် မီတာ ၁၁၀၀ ကျော် ဝေးကွာသည့် နေရာတွင် တည်ရှိသည့် ၎င်းတို့၏ စခန်းငယ်တစ်ခုအား ယင်းနေ့ နံနက် ၆ နာရီခန့်မှ စတင်ကာ လေကြောင်း၊ ရေကြောင်းတို့မှ လက်နက်ကြီးတို့ဖြင့် အပြင်းအထန် တိုက်ခိုက်ခဲ့ကြောင်း ယနေ့ အောက်တိုဘာလ ၁၄ ရက်နေ့ မနက်ပိုင်းတွင် VK လူမှုကွန်ရက် စာမျက်နှာမှတဆင့် ထုတ်ပြန်ထားသည်။ 

တိုက်ပွဲများဖြစ်ပွားမှု အခြေအနေနှင့် ပတ်သက်ပြီး အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးခင်မောင်လတ်က “နှစ်ဖက်ဖြစ်ကြတာ။ ၆ နာရီကျော် လောက်ကတည်းက လက်နက်ကြီးတွေနဲ့ ပစ်ကြတယ်။ အပြန်အလှန် ဖြစ်တာကတော့ ၉ နာရီကျော်လောက်မှာမှ ဖြစ်တာ။ စစ်ဗျူဟာဘက်က Navy (တပ်မတော် ရေတပ်) တွေက လက်နက်ကြီး ပစ်တယ်။ ဂျက်လေယာဉ်နဲ့လည်း ပစ်တယ်။ လက်နက်ကြီးကျတဲ့ နေရာတွေမှာ မီးလောင်တယ်။ မီးခိုးထွက်တယ်။ လက်နက်ကြီးပစ်တာက သိပ်များတယ်။ ခြောက်မိုင်၊ ခုနစ်မိုင်လောက်ဝေးတဲ့နေရာက အိမ်တွေတောင် ထိန့် (တုန်ခါ) ပါတယ်။ အလွန်တရာ ပြင်းထန်တာတွေ ရှိတယ်” ဟု ပြောသည်။  

တိုက်ပွဲဖြစ်ပွားခဲ့သည့် စိုးမိုးကုန်းတွင် အောက်တိုဘာလ ၃ ရက်နေ့က တိုက်ပွဲ အပြန်အလှန် ဖြစ်ပွားခဲ့ကြပြီး AA က သိမ်းပိုက်ရရှိခဲ့ကြောင်း ထုတ်ပြန်ခဲ့သည့် နေရာဖြစ်ပြီး တပ်မတော်၏ တိုက်ခိုက်မှုများကြောင့် လက်ရှိတွင် ယင်းနေရာမှ AA အဖွဲ့က ဆုတ်ခွာသွားခဲ့ကြောင်း နှစ်ဖက် အပြန်အလှန် ထုတ်ပြန်ချက်အရ သိရှိရသည်။  

တိုက်ပွဲဖြစ်ပွားနေစဉ်တွင် အဆိုပါ ကျေးရွာများ အနီးတဝိုက်တို့မှ မေယုမြစ်လက်တက် တစ်လျှောက်ရှိ အောက်ကျောင်းတောင်၊ ကံပြင်၊ စားဖိုကျွန်း၊ ပြင်ဝန်းနှင့် အောင်စည်ကုန်း စသည့်ကျေးရွာတို့မှ ဒေသခံ နှစ်ထောင်ခန့်သည် စေတီပြင်၊ မောက်ထက်နှင့် သာယာကုန်း ကျေးရွာများသို့ စက်လှေများနှင့်  ထွက်ပြေးလာကြကြောင်း သိရသည်။ 

“အောက်ကျောင်းတောင်တို့၊ အောင်စည်ကုန်းတို့က စေတီပြင်တို့၊ မော်ထက်တို့ကို ထွက်ပြေးကြပါတယ်။ သာယာကုန်းကို ထွက်ပြေးသွားကြသူတွေလည်း ရှိတယ်။ လမ်းကကျတော့ မြေယုမြစ်တက်မှာ ရှိတာ။ ဟွန်ဒါစက်လှေတွေနဲ့ သွားရတာ။ နာရီဝက်လောက်သွားရပါတယ်” ဟု သောင်းဒြားကျေးရွာသား ကိုဌေးဝင်းက ပြောသည်။ 

လက်ရှိတွင် အောင်သာစည်ကျေးရွာတွင် နေအိမ် ၁၂ အိမ်ခန့် မီးလောင်းကျွမ်းခဲ့ကြောင်း သိရှိရပြီး အောင်သာစည်အပါအဝင် ကျောက်တန်းနှင့် ထီးစွဲကျေးရွာတို့မှ ကျေးရွာဒေသခံများမှာ ပြီးခဲ့သည့် မေလအတွင်း တပ်မတော်က နယ်မြေရှင်းလင်း ရေးပြုလုပ်မည်ဟု ထုတ်ပြန်ပြီးနောက် စစ်တွေနှင့် ရသေ့တောင် မြို့ပေါ်များသို့ ထွက်ပြေး တိမ်းရှောင်နေခဲ့ကြကြောင်း ကျောက်တန်းကျေးရွာမှ ထွက်ပြေးလာသည့် ဒေါ်ခင်မိုးနွယ်က ဆိုသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly