‘အခြေအနေ ကောင်းမွန်ပြီး အေးအေးဆေးဆေးရှိနေတဲ့’ ကိုဗစ်-၁၉ ကူးစက်ခံရတဲ့ ခရစ္စတီယာနို ရော်နယ်လ်ဒို

‘အခြေအနေ ကောင်းမွန်ပြီး အေးအေးဆေးဆေးရှိနေတဲ့’ ကိုဗစ်-၁၉ ကူးစက်ခံရတဲ့ ခရစ္စတီယာနို ရော်နယ်လ်ဒို
Photos: EPA

ပေါ်တူဂီနဲ့ ဂျူဗင်တပ်စ်စူပါစတား ခရစ္စတီယာနို ရော်နယ်လ်ဒိုဟာ နိုင်ငံအသင်းနဲ့ လာမယ့် နေရှင်းလိဂ်ပွဲစဉ်ကို လွဲချော်စေမယ့် ကိုရိုနာဗိုင်ရပ်စ် ကူးစက်ခံရပြီးနောက် အင်္ဂါနေ့က အခြေအနေကောင်းမွန်ပြီး အေးအေးဆေးဆေးနဲ့ ရှိနေတယ်လို့ ဆိုပါတယ်။ 

ရော်နယ်လ်ဒိုဟာ "ဘယ်လို လက္ခဏမျိုးမှ မပြဘဲ" ဆွီဒင်နဲ့ ရင်ဆိုင်ရမယ့် "ဗုဒ္ဓဟူးနေ့ရဲ့ နေရှင်းလိဂ်ပွဲစဉ်ကို ကစားနိုင်မှာ မဟုတ်ဘူး"လို့ ပေါ်တူဂီဘောလုံးအဖွဲ့ချုပ်က ၎င်းရဲ့ ဝက်ဘ်ဆိုက်မှာ ပြောပါတယ်။

ဘလွန်းဒီအော်ဆု ၅ ကြိမ်ရ ကစားသမားဟာ တနင်္ဂနွေနေ့က ပါရီမှာ ပြင်သစ်ကို ပေါ်တူဂီက သရေကျတဲ့ နေရှင်းလိဂ်ပွဲစဉ်မှာ ကစားခဲ့ပါတယ်။ 

ပေါ်တူဂီဘောလုံးအဖွဲ့ချုပ်က ပေါ်တူဂီလက်ရွေးစင်အသင်းသားတွေကိုလည်း အင်္ဂါနေ့ မနက်ပိုင်းက စစ်ဆေးမှုတွေပြုလုပ်ခဲ့ပြီးနောက် "အားလုံးက ကူးစက်ခံရခြင်း မရှိဘူး"လို့ ထည့်သွင်းပြောဆိုခဲ့သလို ပြင်သစ်အသင်းသားတွေလည်း ကူးစက်ခံရခြင်း မရှိဘူးလို့ ပြင်သစ်ဘောလုံးအဖွဲ့ချုပ်အရ သိရပါတယ်။

"ကျနော်တို့တွေ ကျန်းမာရေး စည်မျဉ်းစည်းကမ်းတွေအားလုံးကို လေးစားရပါမယ် .... ဒါပေမယ့် ဒီရောဂါ ကူးစက်မှုဖြစ်ပွားခဲ့တယ်။"လို့ ပေါ်တူဂီနည်းပြ ဖာနန်ဒို ဆန်းတို့စ်က သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။ "ကျနော်တို့ နေ့တိုင်း စစ်ဆေးမှုတွေ လုပ်ဆောင်နေပါတယ်။" 

ဂျူဗင်တပ်စ်နေက်ခံလူ ချီလီနီက သူဟာ ရော်နယ်လ်ဒိုနဲ့ စကားပြောဆိုခဲ့တယ်လို့ ပြောပါတယ်။ 

"သူဟာ ကောင်းမွန်နေပြီး  အေးအေးဆေးဆေးနဲ့ နေပူဆာလှုံနေခဲ့တယ်။ သူ အဆင်သင့်ဖြစ်ရင် ပြန်လာပါလိမ့်မယ်။"လို့ သူက ပြောဆိုခဲ့ပါတယ်။ 

အသက် ၃၅ နှစ်အရွယ် တိုက်စစ်မှူးဟာ ပေါ်တူဂီအသင်းအတွက် ၁၀၁ ဂိုး သွင်းယူခဲ့ပြီး သူတို့ရဲ့ အုပ်စုမှာ ထိပ်ဆုံးက ရပ်တည်နေရေးအတွက် ဆွီဒင်အသင်းနဲ့ ရင်ဆိုင်ရမယ့် သူ့ရဲ့ အသင်းအတွက် ကြီးမားတဲ့ လွဲချော်မှုဖြစ်ပါလိမ့်မယ်။ 

သူ့ရဲ့ ရောဂါပိုးကူးစက်ခံရမှုက ဂျူဗင်တပ်စ်အသင်းအတွက်လည်း ထိုးနှက်ချက်တစ်ခုဖြစ်နေပါတယ်။ စီးရီးအေရဲ့ ကျန်းမာရေးဆိုင်ရာ ပြဌာန်းချက်က ရော်နယ်လ်ဒိုဟာ ၁၀ ရက်ကြာ သီးခြားနေထိုင်ရမှာဖြစ်ပြီး သူဟာ ပြန်လည် မကစားနိုင်ခင် ပိုးမရှိဆိုတဲ့ မှတ်တမ်း ရှိရမှာဖြစ်ပါတယ်။ 

ဒါ့ကြောင့် ရော်နယ်လ်ဒိုဟာ စနေနေ့မှာ Crotone အသင်းနဲ့ ဂျူဗင်တပ်စ်ရဲ့ စီးရီးအေ ပွဲစဉ်နဲ့ လာမယ့်အပတ် ဒိုင်နမိုကိဗ်နဲ့ သူတို့ရဲ့ ချန်ပီယံလိဂ်အုပ်စုအဖွင့်ပွဲစဉ်ကိုပါ လွဲချော်မှာဖြစ်ပါတယ်။ 

သူဟာ အောက်တိုဘာ ၂၈ ရက်မှာ ပြိုင်ဘက်ဟောင်း လီယွန်နယ်မက်ဆီနဲ့ တွေ့ဆုံမယ့် ဘာစီလိုနာအသင်းနဲ့ ဂျူဗင်ရဲ့ ချန်ပီယံလိဂ်ပွဲစဉ်ကိုပါ လွဲချော်နိုင်မယ့် အခြေအနေရှိနေပါတယ်။ 

Ref; AFP

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly