လက်နက်ကြီးပစ်ခတ်မှုတွေရှောင်ရှားဖို့ မြေအောက်ခန်းထဲခိုလှုံနေကြရတဲ့ အဇာဘိုင်ဂျန်ပြည်သူများ 

လက်နက်ကြီးပစ်ခတ်မှုတွေရှောင်ရှားဖို့ မြေအောက်ခန်းထဲခိုလှုံနေကြရတဲ့ အဇာဘိုင်ဂျန်ပြည်သူများ 
Photo - AFP

အောက်တိုဘာ ၁၄ 

နာဂေါ်နိုကာရာဘက်ခ်နဲ့ပတ်သက်ပြီး အာမေးနီးယားနဲ့အဇာဘိုင်ဂျန်အကြား စက်တင်ဘာလ ၂၇ ရက်က ပြန်လည်အစပြုခဲ့တဲ့ ပဋိပက္ခတွေကြောင့် ရှေ့တန်းစစ်မျက်နှာအနီးက ဒေသခံအများစုဟာ မှောင်မိုက်နေတဲ့မြေအောက်ခန်းတွေထဲမှာ ပုန်းနေကြရပါတယ်။ 

အဇာဘိုင်ဂျန်က ရှေ့တန်းစစ်မျက်နှာ တာတာမြို့မှာလည်း အာမေးနီးယားတပ်ဖွဲ့တွေရဲ့ လက်နက်ကြီးပစ်ခတ်မှုတွေကို ရင်ဆိုင်နေရတာကြောင့် မြေအောက်ခန်းတစ်ခုအတွင်းမှာ လူ ၂၀ ထက်မနည်း အကာအကွယ်ယူ ပုန်း အောင်းနေကြရပါတယ်။ 

အများအားဖြင့် သက်ကြီးရွယ်အိုအဘိုးအဘွားတွေပါတဲ့ ဒေသခံ ၂၀ ကျော်လောက်ဟာ ရှေ့တန်းစစ်မျက်နှာနဲ့ ၇ ကီလိုမီတာ(၄ မိုင်) အကွာခန့်က အုတ်ကာရံထားတဲ့ မြေအောက်ခန်းမှာ စစ်ဘေးရှောင်နေကြတာပါ။  

တာတာမြို့ဟာ ပဋိပက္ခဖြစ်ပွားရာဇုန်မြောက်ဘက်ပိုင်းရှိ အာမေးနီးယားတပ်ဖွဲ့တွေရဲ့ အပြင်းထန်ဆုံးလက်နက်ကြီးပစ်ခတ်မှုအချို့ကို ခံနေရတာပါ။  

အဇာဘိုင်ဂျန်တပ်ဖွဲ့တွေက ကာရာဘက်ခ်ဒေသမြို့တော် စတက်ပန်နာခါ့နဲ့ အာမေးနီးယားမြို့ငယ်လေးတွေကို ပစ်ခတ်ခဲ့တဲ့အတွက် အဇာဘိုင်ဂျန်ရဲ့ တာတာမြို့ဟာလည်း အာမေးနီးယားရဲ့ ပစ်ခတ်မှုတွေကို ပြန်လည်ခံနေကြရတာဖြစ်ပါတယ်။ 

နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှုတွေကြောင့် နေရပ်မစွန့်ခွါတဲ့ ဒေသခံတွေကတော့ မြေအောက်ခန်းထဲမှာပဲ အကာအကွယ်ယူကာ ပုန်းနေကြပါတယ်။ 

တချို့မိသားတွေမှာတေ့ မြေပြင်ပေါ်က တိုက်ပွဲအခြေအနေသတင်းတွေနားထောင်ဖို့ ရေဒီယိုလေးတွေ ဆောင်ထားကြပါတယ်။ 

တိုက်ပွဲခေတ္တစဲချိန်မှာ အဇာဘိုင်ဂျန်အရေးပေါ်ဌာနက ဝေငှတဲ့ အခြေခံရိက္ခာတွေ ရရှိဖို့လည်း စာရင်းသွင်းပေးထားကြပါတယ်။ 

မြေအောက်ခန်းအတွင်း ပုန်းအောင်းနေတဲ့ အဇာဘိုင်ဂျန်ပြည်သူ အာကစ်ဖ်က “အာမေးနီးယားက ကျွန်တော်တို့ကို အဆက်မပြတ် လက်နက်ကြီးတွေနဲ့ပစ်နေတာပါ။ ဒုံးကျည်တွေ၊ တင့်ကားတွေ၊ လောင်ချာတွေ စတဲ့ လက်နက်အမျိုးမျိုးသုံးပြီး ပစ်ခတ်နေတာပါ” လို့ပြောပါတယ်။ 

ဆိုဗီယက်ယူနီယံပြိုကွဲစဉ် ၁၉၉၀ ပြည့်နှစ်လွန်တွေက လူပေါင်း ၃၀ ၀၀၀ ကျော်သေဆုံးစေခဲ့တဲ့ မူလ နာဂေါ်နိုကာရာဘက်ခ် တိုက်ပွဲမှာပါဝင်ခဲ့တဲ့ အဇာ မမ်မာဒေါ့ဗ် ဆိုသူက တိုက်ပွဲတွေကြောင့် အိပ်မရတဲ့အကြောင်း ခုလိုပြောပါတယ်။ 

“ကျွန်တော်တို့တွေ အိပ်လို့မရပါဘူး။ တစ်နာရီ တစ်နာရီခွဲလောက် အပစ်ရပ်သွားမှ ကျွန်တော်တို့ မျက်လုံးမှိတ်ပြီး တစ်မှေးလောက်အိပ်နိုင်ပါတယ်။ အိပ်လိုက်နိုးလိုက်ပါပဲ” လို့ပြောပါတယ်။ 

ပင်စင်စားအဘွားတစ်ဦးဖြစ်တဲ့ ရိုဇာအလီယက်ဗာကလည်း သူ့ရဲ့သားနဲ့မြေးတွေဟာ ရှေ့တန်းမှာ တိုက်ပွဲဆင်နွှဲနေကြတာဖြစ်ပါတယ်။  

ရိုဇာက “ဘာလုပ်နိုင်မှာလဲ။ ကျွန်မတို့မှာ ရွေးချယ်စရာမရှိပါဘူး။ အာမေးနီးယားနဲ့ သေနတ်နဲ့ အမြောက်တွေကြောင့် ခုလို မြေအောက်ခန်းထဲ ရောက်နေရတာ။ ပြေးလိုက်၊ လဲလိုက်၊ ပြန်ထလိုက်နဲ့ ဒဏ်ရာတွေရခဲ့တယ်။ ခုတော့ ဒီနေရာမှာ ပုန်းနေရတယ်။ လက်တွေ၊ ခေါင်းတွေနဲ့ ခါးတွေမှာ  ဒဏ်ရာတွေချည်းပဲ ” လို့ပြောပါတယ်။  

ဆာရီယာဆိုသူ အဘွားတစ်ဦးကလည်း “ပြီးခဲ့တဲ့တစ်ပတ်က အပေါ်ထပ်အခန်းကို လက်နက်ကြီးကျတာ မီးလောင်သွားခဲ့တယ်။ အိမ်ကနေ ဘာမှမယူခဲ့နိုင်ဘူး။ အိမ်လည်း ပျက်စီးသွားတယ်။ တံခါး၊ ပြတင်းပေါက်နဲ့ နံရံတွေ အားလုံး ဘာမှ ရစရာမရှိတော့ဘူး” လို့ပြောပါတယ်။  

ပြီးခဲ့တဲ့ စနေနေ့က ရုရှားရဲ့စေ့စပ်ပေးမှုနဲ့ နှစ်နိုင်ငံအကြား အပစ်အခတ်ရပ်စဲဖို့ သဘောတူညီခဲ့ကြပါတယ်။  

ဒါပေမယ့် တိုက်ပွဲက ရပ်မသွားခဲ့ဘဲ ပစ်ခတ်သံတွေကြောင့် အိပ်မရတာနှစ်ပတ်ကျော်ပြီလို့ တာတာမြို့ မြေအောက်ခန်းမှာ ပုန်းအောင်းနေကြတဲ့ အဇာဘိုင်ဂျန်ပြည်သူတွေက ပြောပါတယ်။  

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required