အောက်တိုဘာ “နီးကပ်မှုဖြစ်စဉ်”အတွင်း အင်္ဂါဂြိုဟ်သည်တောက်ပနေလိမ့်မည် 

အောက်တိုဘာ “နီးကပ်မှုဖြစ်စဉ်”အတွင်း အင်္ဂါဂြိုဟ်သည်တောက်ပနေလိမ့်မည် 

အောက်တိုဘာ ၁၃

အင်္ဂါဂြိုဟ်သည် အောက်တိုဘာလအတွင်း အနီးပတ်ဝန်းကျင်ရှိ အရာအားလုံးထက် ပိုမိုတောက်ပနေမည်ဖြစ်ပြီး အောက်တိုဘာ ၁၃ရက်နေ့တွင် အနီးကပ်ဆုံးဖြစ်ကာ အာကာသအတွင်းရှိ ကမ္ဘာဂြိုဟ်၊ နေတို့နှင့် တစ်တန်းတည်းကျရောက်မည်ဖြစ်သည်။ 

အင်္ဂါဂြိုဟ်သည် ယခုလအတွင်း ကောင်းကင်ကြည့်ရှုသူများအတွက် ပွဲတစ်ခုကဲ့သို့ပင်ဖြစ်သည်။ 

အောက်တိုဘာရက်အများစုတွင် အင်္ဂါဂြိုဟ်သည် ညကောင်းကင်ယံတွင် အနီးအနားရှိအရာများအားလုံးထက် ပိုမိုတောက်ပနေမည်ဖြစ်ပြီး အနီရောင်ဂြိုဟ်ကို လူတို့သည် ရှင်းလင်းစွာ မြင်နိုင်မည်ဖြစ်သည်။ ကမ္ဘာသည်အလယ်၌ရှိမည့် အာကာသအတွင်း အင်္ဂါဂြိုဟ်၊ ကမ္ဘာနှင့် နေတို့ တစ်တန်းတည်းဖြစ်မည့်ဖြစ်စဉ်ရောက်ရှိရန်အတွက်လည်း ရက်အနည်းငယ်သာလိုတော့သည်။ 

အင်္ဂါဂြိုဟ်တစ်တန်းတည်းဖြစ်စဉ်သည် အောက်တိုဘာ ၁၃ရက်နေ့တွင် ကျရောက်မည်ဖြစ်သည်။ အင်္ဂါဂြိုဟ်သည် နေဝင်ချိန်တွင် စတင်ထွက်ရှိလာကာ ညသန်းခေါင်ယံတွင် အထွတ်အထိပ်သို့ရောက်ရှိမည်ဖြစ်ပြီး နေထွက်ချိန်တွင် ပြန်လည်ဝင်သွားမည်ဖြစ်သည်။ တိမ်ကင်းစင်သော ညဖြစ်ပါက အနီရောင် ဂြိုဟ်သည် ကောင်းကင်၌ ၎င်း၏နယ်ပယ်ရှိ အရာအားလုံးထက်ပိုမိုထွန်းလင်းနေသည်ကို တွေ့ရနိုင်သည်။ 

 အင်္ဂါဂြိုဟ်တစ်တန်းတည်းကျသည့်ဖြစ်စဉ်သည် ပုံမှန်အားဖြင့် ၂၆လတွင် တစ်ခါဖြစ်ပေါ်လေ့ရှိသည်။ ကမ္ဘာသည် နေနှင့် ပိုမို နီးသည့်အလျောက် အင်္ဂါဂြိုဟ်တစ်ပတ်ပတ်ချိန်တွင် ကမ္ဘာသည် နှစ်ပတ်ခန့် ပတ်ပြီးဖြစ်သည်။ NASA ၏ ပြောကြားချက်အရ နေနှင့်နီးကပ်မှုဖြစ်ခြင်းသည် အင်္ဂါဂြိုဟ်ပတ်လမ်းမည်သည့်နေရာတွင်မဆိုဖြစ်ပေါ်နိုင်သော်လည်း တစ်တန်းတည်းဖြစ်သည့်ဖြစ်စဉ်မှာမူ နေနှင့် အနီးကပ်ဆုံးဖြစ်သည့်အချိန်တွင်သာ ဖြစ်ပေါ်ပြီး ယခုနှစ်သည် ထိုကဲ့သော နှစ်ဖြစ်သည်။ 

အင်္ဂါဂြိုဟ်သည် ဩဂုတ်လ ၃ရက်နေ့တွင် နေနှင့်အနီးကပ်ဆုံးဖြစ်ခဲ့သည်။ ရက်သတ္တပတ်များစွာကြာအပြီး နေ၊ ကမ္ဘာတို့နှင့် တစ်တန်းတည်းဖြစ်သည်ကို Perihelic opposition ဟု ခေါ်ကြသည်။ “ထိုသို့သော ဖြစ်ရပ်များသည် ၁၅ သို့မဟုတ် ၁၇နှစ်မှ တစ်ခါသာဖြစ်ပေါ်သောကြောင့် ရှားပါးဖြစ်ရပ်များဖြစ်သည်” ဟု NASA ၏ပြောကြားချက်များအရ သိရသည်။  

အင်္ဂါဂြိုဟ်ကို မြင်ရန်အကောင်းဆုံးနည်းလမ်းမှာ ညနေခင်းစောစောအပြင်ထွက်ပြီး အရှေ့ဘက်မိုးကုတ်စက်ဝိုင်းကြီးကို ငေးကြည့်နေရုံပင်ဖြစ်သည်။ ကောင်းကင်ယံသည် ကြည်လင်နေပါက အင်္ဂါဂြိုဟ်သည် ထိုဒေသအတွင်း အတောက်ပဆုံးအရာဖြစ်နေကာ ထင်ရှားသော အနီ - လိမ္မော်ရောင် ကြယ်ပွင့် အဖြစ် မြင်ရမည်ဖြစ်သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly