နေပြည်တော်တွင် ဆိုင်ကယ် မတော်တဆမှုကြောင့် သေဆုံးသူ၏ မိသားစုဝင် ၂ ဦးတွင် ကိုဗစ်ပိုး တွေ့

နေပြည်တော်တွင် ဆိုင်ကယ် မတော်တဆမှုကြောင့် သေဆုံးသူ၏ မိသားစုဝင် ၂ ဦးတွင် ကိုဗစ်ပိုး တွေ့

နေပြည်တော်၊ အောက်တိုဘာ ၁၂၊  

အုပ်ချုပ်ရေးမြို့တော် နေပြည်တော်တွင် ဆိုင်ကယ် မတော်တဆမှုကြောင့် သေဆုံးပြီးမှ ကိုဗစ်ရောဂါ ကူးစက်နေကြောင်း တွေ့ရှိရသူ၏ မိသားစုဝင် နှစ်ဦးတွင်လည်း ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိခဲ့ကြောင်း နေပြည်တော် ပြည်သူ့ကျန်းမာရေး ဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ မြတ်ဝဏ္ဏစိုးက မဇ္စျိမကို ပြောကြားသည်။

လယ်ဝေးမြို့ရှိ ရေသန့်စက်ရုံတစ်ခုတွင် ယာဉ်မောင်းအဖြစ် တာဝန်ထမ်းဆောင်နေသူ တစ်ဦးသည် အောက်တိုဘာလ ၇ ရက်ညက ဆိုင်ကယ်မတော်တဆမှုကြောင့် သေဆုံးရာ နေပြည်တော် ကုတင် ၁ဝဝဝ ဆံ့ဆေးရုံကြီးသို့ ရောက်ရှိလာပြီး နှာခေါင်းတို့ဖတ်၊ အာခေါင်တို့ဖတ်ယူ စစ်ဆေးရာမှ အဆိုပါသေဆုံးလူတွင် ရောဂါပိုး တွေ့ရှိခဲ့ခြင်းဖြစ်သည်။

ထို့ကြောင့် သူ၏ မိသားစုဝင်များနှင့် ၎င်းအလုပ်လုပ်ကိုင်ခဲ့သည့် ရေသန့်စက်ရုံမှ ထိတွေ့မှုရှိခဲ့သည့် ဝန်ထမ်းများကို အသွားအလာကန့်သတ်ပြီး ထပ်မံစစ်ဆေးရာတွင် ယခုကဲ့သို့ တွေ့ရှိခဲ့ခြင်းဖြစ်သည်။

“သူ့ရဲ့ အတူနေမိသားစုဝင် နှစ်ဦးပေါ့နော်။ သူ့ရဲ့သမီးရယ်၊ နောက်သူ့ရဲ့ ယောက်ဖပေါ့နော်။ နှစ်ယောက်က positive တွေ့ပါတယ်” ဟု ဒေါက်တာ မြတ်ဝဏ္ဏစိုးကပြောသည်။

အဆိုပါ သေဆုံးသွားသူနှင့် ဆက်စပ်နေသည့် ရေသန့်လုပ်ငန်းခွင်မှ လုပ်သားများနှင့် လိုက်ပါ ပို့ဆောင်ပေးခဲ့သည့် ပရဟိတအသင်းတစ်ခုက လူများကို စစ်ဆေးရာတွင် ရောဂါပိုး မတွေ့ရှိခဲ့ကြောင်း ဒေါက်တာ မြတ်ဝဏ္ဏစိုးက ရှင်းပြသည်။

သေဆုံးပြီးနောက် ပိုးတွေ့ခဲ့သူ အလုပ်လုပ်ခဲ့သည့် စက်ရုံကို လက်ရှိတွင် ခေတ္တပိတ်ထားပြီ ဖြစ်ကြောင်းသိရသည်။

ပြည်ထောင်စုနယ်မြေ နေပြည်တော်တွင် ပိုးတွေ့လူနာ အများစုသည် အစိုးရဝန်ထမ်း အများစုပါဝင်သည်။ သက်သာပျောက်ကင်းပြီး ဆေးရုံးဆင်းခွင့် ရရှိသည့် အစိုးရဝန်ထမ်းများနှင့် ပတ်သက်၍ ဒေါက်တာ မြတ်ဝဏ္ဏစိုးက “ကျွန်တော်တို့ ဆေးရုံဆင်းတဲ့ စံသတ်မှတ်ချက်ရှိပါတယ်။ ဆေးရုံပေါ်မှာ ၁၄ ရက်ပေါ့ ရောဂါလက္ခဏာ မရှိဘူး။ ဆေးရုံတက်ရက် ၁၁ ရက်နဲ့အထက် ဘာရောဂါလက္ခဏာမှ မရှိဘူး၊ သူ့သတ်မှတ်ချက်တွေအတိုင်း ကျွန်တော်တို့ ဆင်းပေးတာပါ။ ဆင်းပေးပြီး ပြန်ရောက်တဲ့အခါမှာ ရောဂါကူးစက်မှု အန္တရာယ်လည်း မရှိပါဘူး။ သို့သော် သူတို့သည် Home Stay (နေအိမ်တွင်သာ သီးခြားနေထိုင်မှု) တစ်ပတ်နေရပါတယ်။ အဲဒါပြီးရင်တော့ ပုံမှန်လုပ်ငန်းကို စတင်ရမှာဖြစ်ပါတယ်” ဟု ပြောသည်။

နေပြည်တော်တွင် ပြည်တွင်းကူးစက်မှု စတင်ဖြစ်ပွားနေပြီ ဖြစ်သောကြောင့် ပြည်သူများအနေဖြင့် ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် အချက်များကို လိုက်နာကြရန်လည်း ဒေါက်တာ မြတ်ဝဏ္ဏစိုးက အသိပေးပြောကြားထားသည်။

အောက်တိုဘာလ ၁၁ ရက်နေ့ ညပိုင်းအထိ နေပြည်တော်တွင် ကိုဗစ်အတည်ပြုလူနာ ၂၂၅ ဦး ရှိပြီဖြစ်ပြီး ဆေးရုံတက်လူနာ ၉၅ ဦး၊ ဆေးရုံဆင်းခွင့်ရှိသူ ၁၂၆ ဦးနှင့် သေဆုံးသူ လေးဦးအထိ ရှိနေပြီဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly