မယ်စဲ့မဲဆန္ဒနယ်(၂)မှ ဝင်ရောက်ယှဉ်ပြိုင်မည့် USDP ကိုယ်စားလှယ်လောင်းကို ကော်မရှင်က အမည်စာရင်း ပယ်ဖျက်

မယ်စဲ့မဲဆန္ဒနယ်(၂)မှ ဝင်ရောက်ယှဉ်ပြိုင်မည့် USDP ကိုယ်စားလှယ်လောင်းကို ကော်မရှင်က အမည်စာရင်း ပယ်ဖျက်

အောက်တိုဘာ ၁၂ရက်

ကယားပြည်နယ်၊ မယ်စဲမြို့နယ်၊ ပြည်နယ်လွှတ်တော် မဲဆန္ဒနယ်အမှတ်(၂)နေရာတွင် ပြည်ထောင်စုကြံ့ခိုင်ရေး နှင့်ဖွံ့ဖြိုးရေးပါတီမှကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်မည့် ဦးနှင်းဝေကို ရွေးကောက်ပွဲကော်မရှင်က ကိုယ်စားလှယ် လောင်းအမည်စာရင်းမှ ပယ်ဖျက်လိုက်ကြောင်း ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ကယားပြည်နယ်အတွင်း ရေး မှူး ဦးကျော်ဆန်းဝင်းက မဇ္ဈိမကို ပြောသည်။

ဦးနှင်းဝေကို ကိုယ်စားလှယ်လောင်းအမည်စာရင်းမှ ပယ်ဖျက်ကြောင်းကို ရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာလ ၃ရက်က ကြေညာခဲ့ခြင်းဖြစ်သည်။

ဦးနှင်းဝေအနေဖြင့် ပြည်နယ် ရွေးကောက်ပွဲ နည်း ဥပဒေ ၈ ( ခ ) နှင့် ပုဒ်မ ၁၀ ( င ) တို့ဖြင့် ငြိစွန်းနေသော ကြောင့် ယခုလို ပယ်ဖျက်လိုက်ခြင်းဖြစ်ကြောင်း ဦးကျော်ဆန်းဝင်းက ပြောသည်။

“မိဘမွေးဖွားစဉ်က မိဘနှစ်ပါးလုံးက နိုင်ငံသာ ဖြစ်ရမယ်ဆိုတာ အဖေက နိုင်ငံသားမဖြစ်တဲ့အတွက် ငြိစွန်းလို့ ဒီလိုဖြစ်တာပါ”ဟု ဦးကျော်ဆန်းဝင်းက ပြောသည်။

ထိုသို့ ရွေးကောက်ပွဲဥပဒေပါပြဌာန်းချက်များနှင့်ငြိစွန်းခြင်းကြောင့် ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲက ရွေးကောက်ပွဲနည်းဥပဒေအရ အမည်စာရင်းမှပယ်ဖျက်ရန် ဆုံးဖြတ်ချက်ကို အတည်ပြုခဲ့ခြင်းဖြစ်ကြောင်းလည်း ၎င်းကဆက်လက်ပြောကြားသည်။

“ရွေးကောက်ပွဲ နည်းဥပဒေ ၈ ( ခ ) ၊ပုဒ်မ ၁၀ ( င ) နဲ့ ညှိစွန်းတဲ့အတွက် ခရိုင်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲက ကိုယ်စားလှယ်လောက်အမည်စာရင်းပယ်ဖျက်ဖို့ အစည်းအဝေးဆုံးဖြတ်ချက်အရ သဘောတူတယ်။ အဲဒီ သဘောတူညီချက်ကို ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲကို တင်ပြတယ်။ ပြည်နယ်ရွေးကောက်ပွဲကော် မရှင်အဖွဲ့ခွဲကတော့ ရွေးကောက်ပွဲနည်းဥပဒေအရ ဆုံးဖြတ်ချက်ကို အတည်ပြု ပေးခဲ့တယ်” ဟု ဦးကျော်ဆန်းဝင်းက ပြောသည်။

ရွေးကောက်တင်မြှောက်ခံရသူ တစ်ဦးသည် ပုဒ်မ ၈ နှင့် ပုဒ်မ ၁၀ ပါ ပြဋ္ဌာန်းချက် တစ်ရပ်ရပ်နှင့် ငြိစွန်းကြောင်း တိုင်ကြားချက်ကိုရရှိလျှင် ကော်မရှင်သည် ယင်းတိုင်ကြားချက်ကို ရွေးကောက်ပွဲ ခုံအဖွဲ့ ဖွဲ့၍စစ်ဆေးပြီး လွှတ်တော်ကိုယ်စားလှယ်အဖြစ်မှ ဆက်လက်ရပ်တည်ပိုင်ခွင့် ရှိ၊ မရှိကို ဆုံးဖြတ်နိုင်ကြောင်း ရွေးကောက်ပွဲ ဥပဒေတွင် ဖော်ပြထားသည်။

ဦးနှင်းဝေသည် ၂၀၁၀ခုနှစ် အထွေထွေ ရွေးကောက်ပွဲတွင် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အဖြစ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ဖူးသူ တစ်ဦး ဖြစ်သည်။

အဆိုပါ မယ်စဲ့မြို့ နယ်ပြည်နယ်လွှတ်တော် မဲဆန္ဒနယ်အမှတ် (၂)တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)ပါတီမှ ကယားပြည်နယ်ဝန်ကြီးချုပ်ဟောင်း ဦးအယ်လ် ဖောင်းရှိုလည်း ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။

မယ်စဲ့မြို့နယ်သည် ထိုင်းနိုင်ငံ၊ မယ်ဟောင်ဆောင်ခရိုင်နှင့် နယ်စပ်ချင်း ထိစပ်လျက်ရှိပြီး ကယန်းတိုင်းရင်းသားများအပါအဝင် ကရင်တိုင်းရင်းသားများနှင့် ရှမ်းတိုင်းရင်းသားများ နေထိုင်ကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly