နယ်စပ်၌ နီပေါစစ်ဆေးရေးအဖွဲ့ကို တရုတ်တပ်ဖွဲ့ဝင်များက မျက်ရည်ယိုဓာတ်ငွေ့ဖြင့် ပစ်ခတ်ခဲ့ 

By Timesnownews.com
12 October 2020
နယ်စပ်၌ နီပေါစစ်ဆေးရေးအဖွဲ့ကို တရုတ်တပ်ဖွဲ့ဝင်များက မျက်ရည်ယိုဓာတ်ငွေ့ဖြင့် ပစ်ခတ်ခဲ့ 

အောက်တိုဘာ ၁၂

နီပေါနိုင်ငံ ဟမ်လာ ဒေသ နမ်ခါ ဧရိယာတွင် စနေနေ့က နီပေါစစ်ဆေးရေးအဖွဲ့တစ်ခုကို တရုတ်လုံခြုံရေး တပ်ဖွဲ့ဝင်များက မျက်ရည်ယိုဓာတ်ငွေ့ကျည်တောင့်များဖြင့် ပစ်ခတ်ခဲ့ရာ ယင်းသည် တရုတ်တို့ဘက်က အခြားနိုင်ငံများ၏ အချုပ်အချာအာဏာကို နောက်ထပ် အလေးမထားသည့် လုပ်ရပ်တစ်ခု ဖြစ်ပုံပေါ်နေခဲ့သည်။ 

နီပေါ စစ်ဆေးရေးအဖွဲ့သည် နယ်စပ်တိုင်များကို စစ်ဆေးရန် ယင်းနေရာသို့ ရောက်သွားခဲ့ခြင်းဖြစ်ကြောင်း နမ်ခါ ကျေးရွာ အုပ်ချုပ်ရေးအဖွဲ့၏ ဒုဥက္ကဋ္ဌ ပီနာ လာမာက ပြောသည်။ 

စစ်ဆေးရေးအဖွဲ့သည် နယ်စပ်တိုင်များကို မှတ်သားစစ်ဆေးနေခဲ့ချိန် တရုတ်တပ်ဖွဲ့ဝင်များက မျက်ရည်ယိုဓာတ်ငွေ့ဖြင့် ပစ်ခတ်ခဲ့ခြင်း ဖြစ်ကြောင်း လာမာက ပြောခဲ့သည်ဟု ပြည်တွင်းသတင်းဌာနတစ်ခုဖြစ်သည့် Khabarhub က ဖော်ပြသည်။ 

နီပေါ စစ်ဆေးရေးအဖွဲ့သည် နယ်စပ်တိုင် အမှတ် ၅ ၊ ၆ ၊ ၇ ၊ ၈ တို့ကနေ ပြန်လာခဲ့ချိန် နယ်စပ်တစ်လျှောက်ရှိ နယ်စပ်တိုင်အမှတ် ၉ နားအရောက်တွင် မျက်ရည်ယိုဓာတ်ငွေ့ဖြင့် ပစ်ခတ်ခံခဲ့ရခြင်းဖြစ်သည်။ 

နီပေါ ကွန်ဂရက် ခေါင်းဆောင် ဂျီးဗန် ဘာဟာဒါ ရှာဟီ ဦးဆောင်သော အဖွဲ့ကို တရုတ်ဘက်ခြမ်းက မျက်ရည်ယိုဓာတ်ငွေ့ဖြင့် ပစ်ခဲ့ပြီး လာမာသည် မျက်လုံးတွင် အသေးစား ဒဏ်ရာရခဲ့ကြောင်း Khabarhub က ဖော်ပြသည်။ 

အဆိုပါ တူညီသော အရပ်ဒေသတွင် တရုတ်တို့ဘက်က နယ်မြေထိပါးကျူးကျော်မှု ရှိခဲ့သည် ဆိုပြီး ဒေသခံများ၏ စွပ်စွဲချက်များ ထွက်ပေါ်ခဲ့ပြီးနောက် နီပေါ နိုင်ငံခြားရေးဝန်ကြီးဌာနက အဆိုပါ စွပ်စွဲချက်များနှင့် ဆန့်ကျင်လျက် တရုတ်တို့ နယ်မြေကျူးကျော်သည်ဆိုသည့် ပြောဆိုချက်များကို ငြင်းဆန်ခဲ့သည်။ 

ယင်းနောက် ယခုကဲ့သို့ မျက်ရည်ယိုဓာတ်ငွေ့ဖြင့် ပစ်ခတ်မှုဖြစ်စဉ် ပေါ်ပေါက်ခဲ့ခြင်း ဖြစ်သည်။ 

မကြာသေးမီက တရုတ်တို့၏ အဆောက်အအုံတစ်ခု တည်ဆောက်မှုသည် တရုတ်ဘက်ခြမ်းတွင်သာ ရှိနေခဲ့ကြောင်း၊ ဒေသခံများ အစောပိုင်းက ပြောထားသလို နီပေါဘက်ခြမ်းတွင် မကျရောက်ကြောင်း နီပေါ နိုင်ငံခြားရေးဝန်ကြီးဌာနက  ထုတ်ပြန် သည်။ 

“တရားဝင်မှတ်တမ်းမှတ်ရာတွေ၊ ပူးတွဲ ကွင်းဆင်း စစ်ဆေးမှုရဲ့ အစီရင်ခံစာတွေ၊ နယ်နမိတ် မြေပုံတွေ အပေါ် အခြေခံပြီးတော့ နီပေါ အစိုးရ၊ မြေတိုင်းဌာနဘက်က ဒီ သူတို့ပြောတဲ့ အဆောက်အအုံဟာ နီပေါနယ်နမိတ်ထဲမှာ မရှိဘူးဆိုတာ အတည်ပြုထားခဲ့ပါတယ်” ဟု နီပေါ နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly