ကိုရိုနာဗိုင်းရပ်စ်က မျက်နှာပြင်များပေါ်၌ ၂၈ ရက်ကြာ ရှင်သန်နိုင်ကြောင်း လေ့လာတွေ့ရှိ 

ကိုရိုနာဗိုင်းရပ်စ်က မျက်နှာပြင်များပေါ်၌ ၂၈ ရက်ကြာ ရှင်သန်နိုင်ကြောင်း လေ့လာတွေ့ရှိ 
Researchers at Australia's national science agency have found that the coronavirus can survive on surfaces like mobile phone screens for up to 28 days in cool, dark conditions.

အောက်တိုဘာ ၁၂ 

ကိုဗစ်-၁၉ ရောဂါကိုဖြစ်စေသော ကိုရိုနာဗိုင်းရပ်စ်သည် အေးမြပြီး မှောင်မိုက်သည့်အခြေအနေများ၌ ငွေစက္ကူနှင့် ဖုန်းကဲ့သို့သော ပစ္စည်းများပေါ်တွင် ၂၈ ရက်အထိ ရှင်သန်နိုင်ကြောင်း ဩစတြေးလျအမျိုးသားသိပ္ပံအေဂျင်စီ၏လေ့လာမှုအရသိရသည်။

CSIRO (Commonwealth Scientific and Industrial Research Organisation) ဌာန ရောဂါကြိုတင်ကာကွယ်ရေးစင်တာမှသုတေသီများသည် အပူချိန်သုံးခုတွင် အမှောင်အခြေအနေ၌ SARS-CoV-2 ၏ သက်တမ်းကို စမ်းသပ်ခဲ့ကြပြီး အပူချိန်အခြေအနေပိုမိုပူပြင်းပါက ရှင်သန်နှုန်းလျော့ကျသွားကြောင်း တွေ့ရှိခဲ့သည်ဟု တနင်္လာနေ့က ပြောသည်။  

အပူချိန် ၂၀ ဒီဂရီဆဲလ်စီးယပ်စ် (၆၈ ဒီဂရီဖာရင်ဟိုက်) တွင် SARS-CoV-2 ဗိုင်းရပ်စ်သည် ဖန်၊ စတီးနှင့် ပလတ်စတစ်ငွေစက္ကူများပေါ်တွင် ၂၈ ရက်မျှ ရှင်သန်နေနိုင်လျက် လက်ကိုင်ဖုန်းဖန်မျက်နှာပြင်ကဲ့သို့သော ချောမွေ့သည့်မျက်နှာပြင်၌ ကြာရှည်နေနိုင်ကြောင်း သိပ္ပံပညာရှင်များက တွေ့ရှိခဲ့ကြသည်။  

အပူချိန် ၃၀ ဒီဂရီဆဲလ်စီယပ်စ် (၈၆ ဒီဂရီဖာရင်ဟိုက်)၌ ရှင်သန်နှုန်းသည် ၇ ရက်အထိ ကျဆင်းသွားပြီး အပူချိန် ၄၀ ဒီဂရီစင်တီဂရိတ်( ၁၀၄ ဒီဂရီဖာရင်ဟိုက်) တွင် ၂၄ နာရီမျှသာ ရှင်သန်နိုင်ကြောင်း တွေ့ရှိခဲ့ကြသည်။  

ဗိုင်းရပ်စ်သည် ချည်ကဲ့သို့သော အပေါက်ငယ်ပါသောမျက်နှာပြင်များပေါ်၌ ရှင်သန်မှုကာလ ပိုမိုတိုတောင်းပြီး အနိမ့်ဆုံးအပူချိန်၌ ၁၄ ရက်အထိ ရှင်သန်နိုင်ကာ အမြင့်မားဆုံးအပူချိန်၌ ၁၆ နာရီအောက်သာ ရှင်သန်နိုင်သည်ဟု သုတေသီများက ဆိုသည်။  

ဗိုင်းရပ်စ်သည် အပေါက်မပါရှိသော မျက်နှာပြင်များပေါ်၌ လေးရက်အထိ ရှင်သန်နိုင်သည်ဟူသော ယခင်လေ့လာတွေ့ရှိချက်များထက် သိသိသာသာ ကြာကြာရှင်သန်နိုင်သည်ဟု ပညာရှင်များသုံးသပ်ထားသော Virology Journal တွင် ဖော်ပြထားသည်။  

ဩစတြေးလျ ရောဂါကာကြိုတင်ကာကွယ်ရေးစင်တာမှ ဒါရိုက်တာ Trevor Drew က ရောဂါကူးစက်နိုင်သည့် ရှင်သန်နေသောဗိုင်းရပ်စ်သဲလွန်စများတွင်တွေ့ရှိရသော  အလွန်တုံ့ပြန်လွယ်သောနည်းလမ်းကိုအသုံးပြုလျက် စမ်းသပ်မှုမပြုမီ အမျိုးမျိုးသော ပစ္စည်းများပေါ်ရှိ ဗိုင်းရပ်စ်သေများကိုပါ လေ့လာမှုပြုခဲ့သည်ဟု ဆိုသည်။  

“လူတစ်ယောက်က ပစ္စည်းတွေကို အမှတ်တမဲ့ ထိကိုင်မိပြီး လက်ကို လျက်မိတာ၊ ဒါမှမဟုတ် မျက်လုံးနဲ့ နှာခေါင်းကို ထိမိလိုက်ရင် အဲဒီအချိန်ကစပြီး သီတင်းပတ် နှစ်ပတ်အထိ ရောဂါရှိနေနိုင်ပါတယ်” ဟု Trevor Drew ကပြောသည်။  

လူများ ပို၍ကူးစက်လာနိုင် 

လေ့လာမှုတွင် ရောဂါကူးစက်မှုအမြင့်ဆုံးအနေအထားကို ကိုယ်စားပြုသော ဗိုင်းရပ်စ်၏ တစ်သမတ်တည်း အဆင့်များဖြင့် လုပ်ဆောင်ခဲ့ပြီး ဗိုင်းရပ်စ်ကို အဆင့်လျော့ကျစေသော ခရမ်းလွန်ရောင်ခြည်အလင်းထိတွေ့မှုမရှိအောင် အချက်များစွာကို ထည့်သွင်းစဉ်းစားခဲ့သည်ဟု Drew က ဆိုသည်။  

စိုထိုင်းဆများလာပါက ဗိုင်းရပ်စ်ကို ပိုမိုဆိုးရွားစေကြောင်း တွေ့ရှိထားသောကြောင့် စိုထိုင်းဆကို ၅၀ ရာခိုင်နှုန်း အနေအထား၌ ထိန်းသိမ်းထားခဲ့ကြသည်။  

ဗိုင်းရပ်စ်သည် အဓိကအားဖြင့် လေမှတစ်ဆင့် ပျံ့နှံ့သည်ဆိုသော်လည်း မျက်နှာပြင်များမှတစ်ဆင့် ဗိုင်းရပ်စ်ကူးစက်မှုကို အတွင်းကျကျ ထပ်မံသုတေသနပြုရန်လိုအပ်သည်ဟု CSIRO ဌာနက ပြောသည်။  

“မျက်နှာပြင်ကနေကူးစက်တဲ့ တိကျတဲ့အခန်းကဏ္ဍ၊ မျက်နှာပြင်ကို ထိတွေ့တဲ့အတိုင်းအတာနဲ့ ကူးစက်ဖို့လိုအပ်တဲ့ ဗိုင်းရပ်စ်ပမာဏကို မဆုံးဖြတ်ရသေးပေမယ့် မျက်နှာပြင်တွေပေါ်မှာ ဒီဗိုင်းရပ်စ်က ဘယ်လောက်ကြာကြာ ရှင်သန်နိုင်တယ်ဆိုတာကို ရှာတာဟာ ထိတွေ့မှုများတဲ့နယ်ပယ်တွေမှာ ကူးစက်မှုအန္တရာယ်လျှော့ချရေးနည်းဗျူဟာတွေ ဖော်ထုတ်ဖို့အတွက် အရေးကြီးပါတယ်” ဟု CSIRO မှ သုတေသီ Debbie Eagles က ဆိုသည်။  

 မျက်နှာပြင်များထက်စာလျှင် ရောဂါကူးစက်ခံထားရသောလူများကတစ်ဆင့် ပိုမိုကူးစက်တတ်ကြောင်း Drew က ABC သတင်းဌာနကို ပြောသည်။  

“ဒါပေမယ့် ကူးစက်ခံထားရတဲ့လူတွေကို သီးသန့်ဖယ်ရှားထားတာတောင် တစ်ခါတလေ ရောဂါကင်းစင်တယ်ဆိုတဲ့ နိုင်ငံနဲ့ တချို့နေရာတွေမှာ ဘာကြောင့် ရောဂါတွေက ပြန်ဖြစ်နေရတာလဲဆိုတဲ့အချက်ကို ဒီသုတေသနက အထောက်အကူပြုကောင်းပြုပါလိမ့်မယ်” ဟု Drew က ဆိုသည်။  

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly