တရုတ်တွင် ဖမ်းဆီးထားသည့် ထိုင်ဝမ်နိုင်ငံသားက နိုင်ငံပိုင်ရုပ်သံမှ တစ်ဆင့် ဖြောင့်ချက်ပေး 

တရုတ်တွင် ဖမ်းဆီးထားသည့် ထိုင်ဝမ်နိုင်ငံသားက နိုင်ငံပိုင်ရုပ်သံမှ တစ်ဆင့် ဖြောင့်ချက်ပေး 

အောက်တိုဘာ ၁၂

တရုတ်နိုင်ငံတွင် အမျိုးသားလုံခြုံရေးအန္တရာယ်ရှိသည်ဟု စွပ်စွဲချက်ဖြင့် ထိုင်ဝမ်နိုင်ငံသားသည် တနင်္ဂနွေနေ့ ညနေ့ပိုင်း၌ တရုတ်နိုင်ငံပိုင် ရုပ်သံမှ တစ်ဆင့် ဝန်ခံဖြောင့်ချက်ပေးသည်။ 

ပြီးခဲ့သည့်နှစ် ဆန္ဒပြပွဲများအတွင် ဟောင်ကောင်နယ်စပ်က မြို့တစ်မြို့တွင် စစ်ရေးလေ့ကျင့်မှုအား ခိုး၍ ဗီဒီယိုရိုက်ခဲ့ကြောင်း ၎င်းက ရုပ်သံမှတစ်ဆင့် ဝန်ခံခဲ့သည်။ 

ဖမ်းဆီးခံရသူ လီမန်ချူးသည် ၂၀၁၉ ဩဂုတ် ၁၉ ရက်က ဟောင်ကောင်ကနေပြီး ရှန်ကျန်းမြို့အတွင်း ဝင်ရောက်သွားရာမှ ပျောက်ဆုံးနေခြင်းဖြစ်သည်ဟု ၎င်း၏ ဆွေမျိုးများက ပြောသည်။ 

ဟောင်ကောင်တွင် ထိုအချိန်က တရုတ်သို့ တရားခံလွဲပြောင်းပေးရသည့် ဥပဒေ၊ ဟောင်ကောင်အစိုးရနှင့် ပေကျင်းရှိ တရုတ်အစိုးရတို့ကို ဆန့်ကျင်သော လများစွာ ကြာမြင့်သည့် ဆန္ဒပြပွဲကြီးများ ဖြစ်ပွားပေါ်ပေါက်နေချိန်လည်း ဖြစ်သည်။ 

ထိုအချိန်က ရှန်ကျန်းရှိ အားကစားကွင်းတစ်ကွင်း၌ သံချပ်ကာယာဉ်များနှင့်အတူ တရုတ် စစ်ဖက်ရဲ ထောင်ပေါင်းများစွာက စစ်ရေးလေ့ကျင့်ရန် စုရုံးအသင့်ရှိနေခဲ့သည်။ 

ထိုသို့ စစ်သားများက ကြိုတင်စစ်ရေးလေ့ကျင့်ခြင်းသည် တရုတ်နိုင်ငံက ဟောင်ကောင်အား မငြိမ်သက်မှုများကို ဟန့်တားရန် ၎င်း၏ တပ်ဖွဲ့ဝင်များကို အင်အားသုံး ဖြန့်ကြက်ရန် လုပ်ဆောင်နေသည်ဆိုသော ထင်မြင်ယူဆချက်များ ထွက်ပေါ်ခဲ့သည်။ 

“ကျွန်တော်ဟာ အဲဒီ စစ်ရေးလေ့ကျင့်မှုကို ဖုန်းနဲ့ ဗီဒီယို ရိုက်ခဲ့တာ ဖြစ်ပါတယ်။”ဟု CCTV ရုပ်သံတွင် လီမန်ချူးက ဝန်ခံပြောသည်။ 

“ကျွန်တော် တောင်းပန်ပါတယ်။ ကျွန်တော် ဆိုးဆိုးဝါးဝါးတွေ လုပ်ခဲ့တာ ဖြစ်ပါတယ်။”ဟု ဆံပင်တိုတို ညှပ်ထားပြီး အကျဉ်းသားနံပါတ်ပါ အပြာရောင်ရှပ်အင်္ကျီ ဝတ်ဆင်ထားသည့် လီက ပြောသည်။ 

ထို စစ်ရေးလေ့ကျင့်မှုကို စောင့်ကြည့်လိုသည့် ရည်ရွယ်ချက် တစ်ခုတည်းဖြင့် ရှန်ကျန်းသို့ သွားရောက်ခဲ့ခြင်းဖြစ်သည်ဟု CCTV အရ သိရသည်။ 

အားကစားရုံ ပတ်ပတ်လည် ဗီဒီယိုဖိုင် ၁၆ ဖိုင်နှင့် ဓာတ်ပုံပေါင်း ၄၈ ပုံ ၎င်းက ရိုက်ကူးခဲ့သည်ဟု ဆိုသည်။ အင်တာနက်တွင် ယင်း ဗီဒီယိုနှင့် ဓာတ်ပုံအချို့ကို ဖြန့်ဝေပြီးနောက် ၎င်းကို လုံခြုံရေးအဖွဲ့က ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။ 

တရုတ်နိုင်ငံသည် အကျဉ်းသားများအား အများပြည်သူရုပ်သံတွင် အတင်းအကျပ် ဝန်ခံခိုင်းခြင်းများကို ပြုလုပ်လေ့ရှိသည်ဟု လူ့အခွင့်အရေးအဖွဲ့များက စွပ်စွဲထားသည်။ တရုတ်နိုင်ငံသည် အာဏာရကွန်မြူနစ်ပါတီ လက်အောက်၌ တရားစီရင်ရေးစနစ်မှာ ပွင့်လင်းမြင်သာမှု မရှိပေ။ 

တရုတ်အစိုးရက ဟောင်ကောင် အစိုးရဆန့်ကျင်သော ဆန္ဒပြပွဲများကို ထိုင်ဝမ်ရှိ အာဏာပိုင်များနှင့် တက်ကြွလှုပ်ရှားသူများက အားပေးအားမြှောက်ပြုလျက်ရှိသည်ဟု စွပ်စွဲထားသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly