'ကြီးကျယ်ခမ်းနားဆုံး အောင်မြင်မှု' - ပြင်သစ်အိုးပင်းကို ၁၃ ကြိမ်မြောက် ဗိုလ်စွဲပြီး ဂရန်းစလမ်းအောင်မြင်မှု အများဆုံး အကြိမ် ၂၀ စံချိန်ကို လိုက်မီသွားတဲ့ မြေစေးကွင်းဘုရင် နဒါးလ်

'ကြီးကျယ်ခမ်းနားဆုံး အောင်မြင်မှု' - ပြင်သစ်အိုးပင်းကို ၁၃ ကြိမ်မြောက် ဗိုလ်စွဲပြီး ဂရန်းစလမ်းအောင်မြင်မှု အများဆုံး အကြိမ် ၂၀ စံချိန်ကို လိုက်မီသွားတဲ့ မြေစေးကွင်းဘုရင် နဒါးလ်
Photos: EPA

တနင်္ဂနွေနေ့က ရာဖဲလ် နဒါးလ်က နိုဘတ် ဂျိုကိုဗစ်ကို ၆-၀၊ ၆-၂၊ ၇-၅ နဲ့ သုံးပွဲပြတ်နိုင်ခဲ့ပြီးနောက် ပြင်သစ်အိုးပင်း တင်းနစ်ပြိုင်ပွဲကို ၁၃ ကြိမ်မြောက် ဗိုလ်စွဲပြီး ရော်ဂျာ ဖက်ဒါရာရဲ့ ထာဝရအကြိမ်အများဆုံး ဂရန်းစလမ်းဆုဖလား အကြိမ် ၂၀ နဲ့ တူညီသွားခဲ့ပါတယ်။ 

ဒီအောင်မြင်မှုဟာ "အားကစားလောကရဲ့ ကြီးကျယ်ခမ်းနားဆုံး အအောင်မြင်မှုတွေထဲက တစ်ခု"ဖြစ်တယ်လို့ နဒါးလ်က ဆိုပါတယ်။ 

ကမ္ဘာ့အဆင့် (၁) ဂျိုကိုဗစ်အတွက် ဒီရှုံးနိမ့်မှုဟာ ၁၈ ကြိမ်မြောက် ဂရန်းဆလမ်းဆုရယူဖို့ သူ့ရဲ့ မျှော်လင့်ချက်တွေကို အဆုံးသတ်စေခဲ့သလို ၁၉၆၉ ခုနှစ်က ရော့ဒ်လာဗာနောက်ပိုင်း အဓိကပြိုင်ပွဲရပ် ၄ ခုစလုံးမှာ ဖလားနှစ်ကြိမ်ရယူတဲ့ ပထမဆုံး အမျိုးသားတင်းနစ်ကစားသမားဖြစ်လာဖို့အရေးလည်း ပျက်ပြယ်ခဲ့ပါတယ်။ 

အသက် ၃၄ နှစ်ရှိဖြစ်တဲ့ မြေစေးကွင်းဘုရင် နဒါးလ်က Roland Garros မှာ သူ့ရဲ့ ပွဲ ၁၀၀ မြောက် နိုင်ပွဲကို ရယူခဲ့ပြီး ၂၀၀၅ ခုနှစ်မှာ သူ့ရဲ့ ပွဲဦးထွက် ကစားခဲ့ပြီးနောက်ပိုင်း နှစ်ပွဲသာ ရှုံးနိမ့်ထားပါတယ်။

နဒါးလ်ဟာ ဂျိုကိုဗစ်ကို ဗိုလ်လုပွဲမှာ သုံးပွဲပြတ်နဲ့ နိုင်လိုက်တာကြောင့့် ဒီနှစ် ပြိုင်ပွဲတလျှောက်လုံးမှာ Set တစ်ခုမှ မရှုံးဘဲ ပွဲတိုင်းကို သုံးပွဲပြတ်တွေနဲ့ အနိုင်ရခဲ့တာဖြစ်ပါတယ်။ 

"နောက်ထပ်ကြီးကျယ်ခမ်းနားတဲ့ ပြိုင်ပွဲအတွက် နိုဘတ်ရယ် ဂုဏ်ယူပါတယ်။ ဒီနေ့အတွက် ဝမ်းနည်းပါတယ်။ ငါတို့တွေဟာ အကြိမ်များစွာ အတူ ကစားခဲ့ကြပြီး တနေ့ကျ တစ်ယောက်က အနိုင်ရပြီး နောက်တစ်လှည့်ကျတော့ နောက်တစ်ယောက်က အနိုင်ရတယ်။"လို့ နဒါးလ်က ပြောပါတယ်။ 

"ကျနော့်ရဲ့ ကစားသမားဘဝမှာ ဒဏ်ရာအနာတရတွေနဲ့ ကြုံတွေ့ဖြတ်သန်းခဲ့ရပြီးတဲ့နောက်မှာ ကျနော့် မိသားစု မရှိဘဲ ဒီအောင်မြင်မှုကို ကျနော် မရယူနိုင်ပါဘူး။" 

နဒါးလ်က သူဟာ ဖက်ဒရာရဲ့ စံချိန်မှတ်တမ်းနဲ့ တူညီဖို့ပင် တွေးတောနေခြင်း မရှိဘူးလို့ ပြောပါတယ်။ 

"အလွန်ခက်ခဲတဲ့ နှစ်တစ်နှစ်ပါပဲ။ ဒီနေရာမှာ အောင်မြင်မှုရတာက ကျနော့်အတွက်တော့ အရာရာပါပဲ။ ဒီတော့ ရော်ဂျာရဲ့ ဆုဖလားအကြိမ် ၂၀ နဲ့ တူညီအောင် လုပ်ဆောင်နေတာ မဟုတ်ပါဘူး။ ကျနော့်အတွက် ဒီနေ့က Roland Garros အောင်ပွဲပါပဲ။"လို့ သူက ပြောပါတယ်။ 

"Roland Garros ဆိုတာကတော့ ကျနော့်အတွက် အရာရာပါပဲ။ ကျနော့်ရဲ့ တင်းနစ်ကစားသမားဘဝမှာ အရေးကြီးဆုံး အချိန်အများစုကို ဒီနေရာမှာ ရှိခဲ့ပါတယ်။

"ဒီမှာ ကစားရတာဟာ တကယ့်ကို လှုံ့ဆောင်မှုတစ်ခုပါပဲ။ ဒီတင်းနစ်ကွင်းနဲ့ မြို့ဟာ မယုံနိုင်စရာကောင်းတာနဲ့အတူ ကျနော့်မှာ ချစ်ခြင်းပုံပြင်တစ်ပုဒ်ရှိပါတယ်။" 

ဂျိုကိုဗစ်အတွက် ၂၀၂၀ မှာ ယူအက်စ်အိုးပင်းဗိုလ်လုပွဲမှာ အရေးနိမ့်ပြီးနောက် ဒုတိယမြောက် ဗိုလ်လုပွဲ ရှုံးပွဲကြုံတွေ့တာဖြစ်ပါတယ်။ 

လက်ရှိချန်ပီယံဖြစ်တဲ့ စပိန်သား နဒါးလ်ကတော့ ဗိုလ်လုပွဲကို လေးကြိမ်ဆက်တိုက်နဲ့ ၁၃ ကြိမ်မြောက် တက်ရောက်နိုင်ခဲ့ဖြစ်သလို ဗိုလ်လုပွဲရောက်ရှိတဲ့ ၁၃ ကြိမ်စလုံး ချန်ပီယံဆုရရှိထားတဲ့ ပြိုင်ပွဲရဲ့ အအောင်မြင်ဆုံးကစားသမားဖြစ်ပါတယ်။ 

(AFP)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly