ထိုင်းမှာ ဘတ်စ်ကားနဲ့ ရထား တိုက်မိပြီး လူ ၁၈ ဦး သေဆုံး 

ထိုင်းမှာ ဘတ်စ်ကားနဲ့ ရထား တိုက်မိပြီး လူ ၁၈ ဦး သေဆုံး 

အောက်တိုဘာ ၁၂

ထိုင်းနိုင်ငံမှာ ကုန်ရထားတစ်စီးက ဘာသာရေးပွဲတော်သို့ သွားရောက်ကြတဲ့ ခရီးသည်တွေကို တင်ဆောင်လာတဲ့ ဘတ်စ်ကားတစ်စီးကို တနင်္ဂနွေက ဝင်တိုက်မိရာမှာ လူအနည်းဆုံး ၁၈ ဦး သေဆုံးပြီး ၄၀ ကျော် ဒဏ်ရာရတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ 

မြို့တော် ဘန်ကောက်က မိုင် ၃၀ ခန့်အကွာ နံနက်ပိုင်းမှာ ဖြစ်ပွားတဲ့ ဒီ တိုက်ခိုက်မှုမှာ ဘတ်စ်ကားဟာ ကျွမ်းထိုးမှောက်ခုံဖြစ်ခဲ့ပြီး ကားခေါင်းမိုးလည်း ပြတ်ထွက်သွားခဲ့ပါတယ်။ 

ခရီးသည် ၄၀ ကျော်ကို ကုသပြုစုဖို့အတွက် အနီးနားက ဆေးရုံဆေးပေးခန်းတွေဆီ အမြန်ပို့ဆောင်ခဲ့ရကြောင်း ပြည်နယ်ဆေးရုံညွှန်ကြားရေးမှူး အမျိုးသမီးဖြစ်သူ ဆွမ်ဘတ်က ပြောပါတယ်။ 

“ကျွန်မ ဆေးရုံကို ရောက်လာသူ ၂၃ ဦးမှာ လေးဦးက စိုးရိမ်ရတဲ့ အခြေအနေမှာ ရှိနေတယ်။ စောင့်ကြည့်နေရဆဲက ရှစ်ဦးရှိပါတယ်။”လို့ သူက သတင်းထောက်တွေကို ပြောပါတယ်။ 

နေ့လယ်နှောင်းပိုင်းမှာ အနည်းငယ် ထိခိုက်ဒဏ်ရာရသူ ၃၀ ကျော်ကိုတော့ အိမ်တွေဆီ ပို့ဆောင်ပေးခဲ့တယ်လို့ ဌာနေရဲတပ်ဖွဲ့ အကြီးအကဲက ဆိုပါတယ်။ 

“ဒီ ယာဉ်တိုက်မှုမှာ သေဆုံးသူက ၁၈ ဦးရှိတယ်။ ဖြစ်ပွားရတဲ့ အကြောင်းကို စုံစမ်းစစ်ဆေးဆဲ ဖြစ်ပါတယ်။”လို့ သူက ပြောပါတယ်။ 

ဘတ်စ်ကားဟာ လမ်းပေါ်ကနေ ရထားသံလမ်းကို တစ်ဖြည်းဖြည်းချင်း တက်လာချိန်မှာ ကုန်တင်ယာဉ်က ကားကို ဘေးကနေ ဝင်တိုက်ခဲ့တာကို အစိးရဌာနတစ်ရပ်က ထုတ်ပြန်တဲ့ ဗီဒီယိုမှာ မြင်တွေ့ရပါတယ်။ 

“ဒီ မတော်တဆ ဖြစ်ရပ်ကို မြင်တဲ့အချိန် ကျွန်တော် ကြောက်လန့်ပြီး ကြက်သေသေသွားတယ်။ တကယ်ဆိုးဝါးတဲ့ မြင်ကွင်းပါပဲ။”လို့ သံလမ်းဘေး နေထိုင်သူ အသက် ၃၄ နှစ်ရှိ ပတ်ချီထရာက ဆိုပါတယ်။ 

“ခရီးသည် အားလုံးဟာ ကြောက်လန့်တကြား အကူအညီ အော်ဟစ်တောင်းနေကြတယ်။”လို့ သူက ပြောပါတယ်။ 

ကယ်ဆယ်ရေးသမားတွေ ရိုက်ယူတဲ့ ဓာတ်ပုံတွေမှာ ကားကိုယ်ထည် ပိန်ချိုင့်ရွဲစောင်းနေတာနဲ့ အပျက်အစီးတွေနဲ့အတူ သံလမ်းတွေမှာ ရုပ်အလောင်းတွေကို ချထားတာကို မြင်တွေ့ရပါတယ်။ 

ဘတ်စ်ကားခရီးသည်တွေဟာ ရဟန်းသံဃာတော်တွေကို ဝါဆိုသင်္ကန်း ကပ်လှူဖို့အတွက် ထွက်ခွာလာခဲ့ကြတာ ဖြစ်ကြောင်း သိရပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly