အိန္ဒိယနယ်စပ်၌ တရုတ်စစ်အင်အား ၆၀၀၀၀ တပ်စွဲ၊ ဆွေးနွေးပွဲများက အလုပ်မဖြစ်နိုင်ဟု အမေရိကန် သတိပေး 

အိန္ဒိယနယ်စပ်၌ တရုတ်စစ်အင်အား ၆၀၀၀၀ တပ်စွဲ၊ ဆွေးနွေးပွဲများက အလုပ်မဖြစ်နိုင်ဟု အမေရိကန် သတိပေး 

အောက်တိုဘာ ၁၁

ဆွေးနွေးပွဲများ၊ သဘောတူညီမှုများသည် မဟာကွန်မြူနစ်နိုင်ငံကြီး တရုတ်ကို ၎င်း၏ လမ်းကြောင်းမှ ပြောင်းလဲရေးအတွက် နားချဖျောင်းဖျနိုင်လိမ့်မည် မဟုတ်ဟု ဆိုခြင်းနှင့် တရုတ်သည် အခြားသောလမ်းကို ရှာဖွေလိမ့်မည် မဟုတ်ဟု ဆိုခြင်းတို့ကို လက်ခံရတော့မည့် အချိန်ပဲ ဖြစ်သည်ဟု အမေရိကန်အမျိုးသားလုံခြုံရေးအကြံပေး ရောဘတ်အိုဘရိုင်ယန်က ပြောလိုက်ကာ ရန်လိုသော လုပ်ရပ်များနှင့် ပတ်သက်ပြီး တရုတ်ကို ထိပ်တိုက်တေ့ ရင်ဆိုင်ရန် လိုအပ်ကောင်း လိုအပ်မည်ဟု အရိပ်ပြလိုက်သည်။ 

“တရုတ်ပြည်သူ့သမ္မတနိုင်ငံကို အပြောင်းအလဲ လုပ်ဖို့ ဆွေးနွေးပွဲတွေ၊ သဘောတူညီချက်တွေက ဖျောင်းဖျသိမ်းသွင်းလို့ မရနိုင်ဘူးဆိုတာကို ခုချိန်မှာ လက်ခံရဖို့ ဖြစ်လာပြီ။ အခြား လမ်းကြောင်းတွေကို လျှောက်လှမ်းလာအောင်၊ အပြုအမူတွေ ပြောင်းလဲလာအောင် လုပ်ဆောင်နိုင်ဖို့လည်း ဘာမှ မရှိဘူး။ ဒါကို ကျွန်တော်တို့ တော်တော်လေးကို အချိန်ကြာကြာ ကြိုးစားထားပြီးပြီ။”ဟု အိုဘရိုင်ယန်က ပြောပြီး တရုတ်နှင့် ကြီးထွားလာသော ရန်စောင်မှုကို အရိပ်အမြွက် ထုတ်ပြကာ အမေရိကန် ရွေးကောက်ပွဲ နီးကပ်လာချိန်၌ စကားလုံးစစ်ပွဲကို စတင်လိုက်သည်။ 

လာဒက်ရှ်ဒေသ၌ အိန္ဒိယနှင့် တရုတ် တပ်မှူးများ အောက်တိုဘာ ၁၂ ရက်တွင် ဆွေးနွေးပွဲ နောက်တစ်ကြိမ် ကျင်းပရန် ရှိချိန်၌ အမေရိကန်က ယခုကဲ့သို့ ထုတ်ပြန်လာခြင်းလည်း ဖြစ်သည်။ အမေရိကန်နှင့် အိန္ဒိယမှ နိုင်ငံခြားရေးနှင့် ကာကွယ်ရေးဝန်ကြီးများ၏ ‘၂+၂ ဆွေးနွေးပွဲ နောက်တစ်ကြိမ်ကို နယူးဒေလီ၌ အောက်တိုဘာ ၂၆ နှင့် ၂၇ ရက်တွင် ကျင်းပရန် ရှိပြီး အိုဘရိုင်ယန် ထောက်ပြထားသော လာဒက်ရှ်ဒေသရှိ လက်ရှိထိန်းချုပ်နယ်သတ်မျဉ်း (Line of Actual Control-LAC) တစ်လျှောက် တရုတ်စစ်အင်အား အမြောက်အမြား ချထားသည်ကိုပါ အလေးထား ဆွေးနွေးမည် ဖြစ်သည်။ 

“အဲဒီ နယ်သတ်မျဉ်းကို အင်အားသုံးပြီး ထိန်းချုပ်နိုင်ဖို့ တရုတ်ကြိုးစားနေတဲ့ အိန္ဒိယနယ်စပ်မှာ တရုတ်ကွန်မြူနစ်ပါတီရဲ့ ပိုင်နက်ကျူးကျော်မှုက သိသာထင်ရှားတယ်။”ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပီယို၏ ထုတ်ပြန်ချက်များနှင့် တစ်ချိန်တည်းလိုမှာပင် အိုဘရိုင်ယန်က မှတ်ချက်ပြု ပြောခြင်းဖြစ်သည်။ လာဒက်ရှ်ဒေသ၌ အိန္ဒိယနိုင်ငံသည် တရုတ်စစ်အင်အား ၆၀၀၀၀ တပ်စွဲထားသည်ကို ရင်ဆိုင်နေရသည်ဟု ပွန်ပီယိုက သောကြာနေ့က ပြောထားသည်။ တရုတ်ကို ဆန့်ကျင်သည့် အမေရိကန် သံခင်းတမန်ခင်း ကြိုးပမ်းမှုများကို ဦးဆောင်နေသူ ပွန်ပီယိုက ယခုသီတင်းပတ်အစောပိုင်း တိုကျိုတွင် ပြုလုပ်သည့် အမေရိကန်၊ ဂျပန်၊ ဩစတြေးလျနှင့် အိန္ဒိယတို့ ပါဝင်သော ဒုတိယမြောက် လေးပွင့်ဆိုင်ဝန်ကြီးများအဆင့် ဆွေးနွေးပွဲ Quad ကို တက်ရောက်ခဲ့ပြီးနောက် ထိုသို့ ပြောဆိုလာခြင်း ဖြစ်သည်။ 

“အိန္ဒိယဟာ သူ့မြောက်ပိုင်းနယ်စပ်မှာ တရုတ်စစ်သား ခြောက်သောင်းကို ကြည့်နေရတယ်။”ဟု တိုကျိုမှ ပြန်လာပြီးနောက် ပွန်ပီယိုက ပြောဆိုခဲ့ခြင်း ဖြစ်သည်။ တိုကျိုတွင် ပွန်ပီယိုသည် အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး အက်စ်ဂျေးရှန်ကာနှင့်အတူ ဂျပန်နှင့် ဩစတြေးလျတို့မှ အဆင့်တူဝန်ကြီးများနှင့်ပါ တွေ့ဆုံခဲ့သည်။ Quad အစည်းအဝေးသည် တရုတ်ကို တန်ပြန်ဟန်ချက်ထိန်းသည့် အရေးကြီးဆုံးအဖြစ် ကမ္ဘာတစ်လွှားက အနီးကပ် စောင့်ကြည့်ခဲ့ပြီး တရုတ်နှင့် အိန္ဒိယကြား နယ်စပ်လိပ်ခဲတည်းလည်း အခြေအနေနှင့် အခြားသော အိမ်နီးချင်းနိုင်ငံများအပေါ် တရုတ်၏ ခက်ထန်သော အပြုအမူများ ရှိနေစဉ်ကြား၌ ကျင်းပခြင်း ဖြစ်သည်။ 

“Quad အစည်းအဝေးမှာ အိန္ဒိယ၊ ဩစတြေးလျနဲ့ ဂျပန်က အဆင့်တူနိုင်ငံခြားရေးဝန်ကြီးတွေနဲ့ ကျွန်တော် တွေ့ခဲ့တယ်။ ဒီမိုကရေစီနိုင်ငံကြီး လေးနိုင်ငံ၊ အင်အားကြီး ဒီမိုကရေစီ နိုင်ငံကြီး လေးနိုင်ငံဖြစ်တဲ့ ကျွန်တော်တို့ ဒီ လေးနိုင်ငံဟာ တရုတ်ကွန်မြူနစ်ပါတီရဲ့ ခြိမ်းခြောက်မှုတွေနဲ့ အသီးသီး ကြုံနေကြရတာ ဖြစ်တယ်။”ဟု ပွန်ပီယိုက ပြောသည်။ 

အမေရိကန်သည် အင်ဒို-ပစိဖိတ်ဒေသ၌ ခိုင်မာသည့် မိတ်ဖက်များ ရှိထားသည်ဟု အိုဘရိုင်ယန်က ဆိုသည်။ “၂၁ ရာစုမှ အမေရိကန်အတွက် အလွန်အရေးပါတဲ့ မိတ်ဖက်တွေထဲက တစ်ခုဖြစ်လာမယ့် အိန္ဒိယနဲ့ မိတ်ဖက်ပြုမှုဟာ ရှင်သန်လာခဲ့ပြီဖြစ်တယ်။”ဟု ၎င်းက ပြောသည်။ တရုတ်၏ စစ်ရေးနှင့် စီးပွားရေးကို တန်ပြန်သည့် ကြိုးပမ်းမှုများ၌ အမျိုးမျိုးသော နိုင်ငံများ အတူပူးပေါင်းလာခြင်းကို Quad အစည်းအဝေးက အလေးထားပုံလည်း ရှိသည်။ 

ယခု သီတင်းပတ်၌ အမေရိကန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီး စတိဗ်ဘီးဂန်းသည် အိန္ဒိယသို့ လာရောက်ကာ အိန္ဒိယနိုင်ငံခြားရေးအတွင်းဝန် ဟတ်ရှ်ရှရင်ဂလာနှင့်အတူ လာမည့် ၂+၂ အစည်းအဝေးအတွက် မူဘောင်ချမှတ်မည် ဖြစ်သည်။ မတ်လမှ လက်ရှိအထိ ၎င်းတို့နှစ်ဦးသည် ကိုရိုနာဗိုင်းရပ်စ်ကပ်ဘေးအား ပူးပေါင်းချည်းကပ်ရေးအပြင် ကပ်ဘေးနောက်ပိုင်း စီးပွားရေး ထူထောင်ရေးတို့အတွက်ပါ အကြိမ်များစွာ တွေ့ဆုံဆွေးနွေးသည်။ ပြီးခဲ့သည့်လအတွင်းကလည်း အိန္ဒိယ၊ ဂျပန်နှင့် ဩစတြေးလျတို့သည် ဒဏ်ခတ်နိုင်သော ကုန်သွယ်ရေးကွင်းဆက် ပေါ်ပေါက်ရေး သဘောတူညီချက်တစ်ရပ်ကို လက်မှတ်ထိုးခဲ့ကြရာ ကုန်သွယ်ရေးတွင် တရုတ်ကို မှီခိုနေရခြင်းမှ ကွဲထွက်နိုင်အောင် နိုင်ငံများက ကြိုးစားနေခြင်းကြောင့် အလွန်တရာ အရေးပါသည်။ 

ဥရောပမှ ဩစတြေးလျအထိ နိုင်ငံများသည် တရုတ်၏ သူလျှိုထောက်လှမ်း ခိုးယူခြင်းများ၊ အထူးသဖြင့် 5G ကွန်ရက် အသုံးပြုမှုတွင် တရုတ်အား ကန့်သတ်ရန် ကြိုးစားလာကြကြောင်း အိုဘရိုင်ယန်က ထောက်ပြသည်။ “အိန္ဒိယက Jio၊ ဩစတြေးလျမှာ Telstra၊ တောင်ကိုရီးယားက SK နဲ့ KT၊ ဂျပန်က NTT နဲ့ အခြား မိုဘိုင်းဝန်ဆောင်မှုတွေဟာ သူတို့ရဲ့ ကွန်ရက်တွေမှာ ဟွာဝေးပစ္စည်းများကို တားမြစ်လာကြတယ်။ ထရမ့်အစိုးရကလည်း စီးပွားရေးသူလျှိုလုပ်တာတွေကို စုံစမ်းစစ်ဆေ၊ တရားစွဲဆိုတာတွေကို တက်တက်ကြွကြွ လုပ်ဆောင်နေတယ်။”ဟု ၎င်းက ပြောခဲ့သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required