COVID-19 ရောဂါပိုးကူးစက်ခံရပြီးနောက် ပထမဆုံး လူထုတွေ့ဆုံပွဲ ဒေါ်နယ်ထရမ့် ပြုလုပ် 

COVID-19 ရောဂါပိုးကူးစက်ခံရပြီးနောက် ပထမဆုံး လူထုတွေ့ဆုံပွဲ ဒေါ်နယ်ထရမ့် ပြုလုပ် 
Photo - AFP

အောက်တိုဘာ ၁၁ 

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဟာ COVID-19 ရောဂါပိုး ကူးစက်ခံရပြီးနောက်ပိုင်း ပထမဆုံးအကြိမ် လူထုတွေ့ဆုံပွဲတစ်ခုကို အောက်တိုဘာ ၁၀ ရက်က အိမ်ဖြူတော်မှာ ပြုလုပ်ခဲ့ပါတယ်။ 

မဲဆွယ်စည်းရုံးပွဲ ပုံစံမျိုး အခမ်းအနားမှာတော့ ထရမ့်ဟာ ရာနဲ့ချီတဲ့ ထောက်ခံအားပေးသူတွေရဲ့ ရှေ့မှောက်မှာ ပေါ်လာခဲ့တာ ဖြစ်ပြီး ဒါဟာ COVID-19 ကြောင့် ရုတ်တရက် လုပ်လက်စ အလုပ်တွေ ရပ်လိုက်ရပြီး ဆေးကုသမှုတွေ ခံရပြီးတဲ့နောက် ကိုးရက်အကြာမှာ ထရမ့်ဟာ ခုလို လူအများရှေ့ ပြန်ရောက်လာခဲ့တာ ဖြစ်ပါတယ်။ 

“ကျွန်တော် နေလို့ထိုင်လို့ တကယ် ကောင်းပါတယ်” လို့ အိမ်ဖြူတော် လသာဆောင်တစ်ခုကနေ ထွက်လာစဉ် ထရမ့်က ပြောကြားခဲ့ပါတယ်။ အဲဒီနောက် ထရမ့်ဟာ သူ့နှာခေါင်းစည်းကို ဆွဲဖယ်လိုက်ပြီး မိန့်ခွန်းပြောကြားခဲ့ပါတယ်။ 

အခမ်းအနား တက်ရောက်လာတဲ့ ထောက်ခံအားပေးသူ လူအုပ်စုထဲမှာတော့ လူအများစုဟာ “Make America Great Again” စာတန်းပါ အနီရောင်ဦးထုပ်တွေဆောင်းထားပြီး နှာခေါင်းစည်းတွေ တပ်ထားကြပါတယ်။ ဒါပေမယ့်လည်း လူအုပ်စုဟာ လူခွာနေမှု စည်းမျဉ်းတွေကို လိုက်နာကျင့်သုံးတာမျိုး တော်တော်လေး နည်းပါးနေခဲ့ပါတယ်။ 

“မဲဆန္ဒရှင်တွေများများလာပြီး မဲပေးကြပါ၊ ကျုပ် ခင်ဗျားတို့ကို ချစ်ပါတယ်” လို့ ထရမ့်က အခမ်းအနားတက်လာတဲ့ လူအုပ်စုကို ပြောခဲ့ပါတယ်။ အဆိုပါအခမ်းအနားကို တက်ခဲ့ကြသူတွေကတော့ မိနစ် ၂၀ လောက် ကြာမြင့်ခဲ့တဲ့ ထရမ့် မိန့်ခွန်း ပြောကြားမှုအတွင်း  “အမေရိကန်” ဆိုတာနဲ့ “နောက်ထပ် လေးနှစ်” ဆိုတာကို သံပြိုင်အော်နေခဲ့ကြပါတယ်။ 

ရွေးကောက်ပွဲနေ့ မတိုင်မီ သီတင်းပတ် လေးပတ်သာသာ လိုတော့ချိန် လူထုသဘောထားစစ်တမ်းတွေအရ ပြိုင်ဘက် အသက် ၇၇ နှစ်ရှိ ဒီမိုကရက်တစ်သမ္မတလောင်း ဂျိုးဘိုင်ဒန်ရဲ့ နောက်မှာ ဆိုးဆိုးဝါးဝါး ရှိနေတဲ့အတွက် ထရမ့်အနေနဲ့ ခုချိန်မှာ မဲဆွယ်စည်းရုံးပွဲတွေဆီ တဖန် ပြန်သွားဖို့ မစောင့်နိုင်လောက်အောင်ကို စိတ်ဆန္ဒပြင်းပြနေမှာဖြစ်ပါတယ်။  

အောက်တိုဘာ ၁၀ ရက် အခမ်းအနားကတော့ ဖလော်ရီဒါမှာ အောက်တိုဘာ ၁၂ ရက်မှာ ပြုလုပ်မယ့် မဲဆွယ်စည်းရုံပွဲအတွက် အခြေအနေကောင်းတစ်ခုအဖြစ် ရှိစေခဲ့ပါတယ်။ ဒါ့အပြင် အောက်တိုဘာ ၁၃ ရက် ပန်ဆယ်လ်ဗေးနီးယားနဲ့ အောက်တိုဘာ ၁၄ ရက် အိုင်အိုဝါတို့မှာလည်း မဲဆွယ်စည်းရုံးပွဲတွေ ပြုလုပ်သွားဖို့ ရှိနေပါတယ်။ 

ခုလို ကပ်ရောဂါကာလတစ်ခုအတွင်းမှာ ကြီးမားတဲ့လူထု စုဝေးပွဲကြီးတွေ ကျင်းပမယ့် ထရမ့်ရဲ့ စိတ်ဆုံးဖြတ်ချက်ဟာ အဆင်အခြင်မဲ့ ဖြစ်နေတယ်လို့ ဘိုင်ဒန်က ပြစ်တင်ထားပါတယ်။ ဒါပေမယ့် ထရမ့်ကတော့ စိုးရိမ်ပူပန်မှုတွေကို ဘေးဖယ်ထားခဲ့ပြီး အမေရိကန်နိုင်ငံဟာ ကိုရိုနာဗိုင်းရပ်စ်အပေါ် အသာစီးရနေပြီဖြစ်တယ်လို့အခိုင်အမာ ပြောပါတယ်။ 

လက်ရှိမှာတော့ နိုင်ငံမှာ ဗိုင်းရပ်စ်ကြောင့် သေဆုံးသူဦးရေဟာ ၂၁၃,၀၀၀ ကျော် ရှိနေပြီး ဆက်လက်မြင့်တက်နေပါတယ်။ 

“ကျုပ်တို့ နိုင်ငံဟာ ဒီ ဆိုးဝါးလှတဲ့ တရုတ်ဗိုင်းရပ်စ်အပေါ် အနိုင်ရတော့မယ်ဆိုတာကို ခင်ဗျားတို့ကို သိစေချင်ပါတယ်၊ အဲဒီဗိုင်းရပ်စ်က ပျောက်ကွယ်တော့မှာပါ၊ ပျောက်ကွယ်ပါတော့မယ်”  လို့ ထရမ့်က ပြောသွားပါတယ်။ 

“ကျုပ်တို့ဟာ အစွမ်းထက်တဲ့ ကုထုံးတွေ၊ ဆေးဝါးတွေ ထုတ်လုပ်နေပါတယ်၊ ပြီးတော့ နာမကျန်းသူတွေကို ကုသပေးနေတယ်၊ ကျုပ်တို့ ပြန်နာလန်ထူလာပါတော့မယ်၊ ကာကွယ်ဆေးကလည်း တကယ့်ကို လျင်လျင်မြန်မြန်ပဲ ပေါ်လာပါတော့မယ်” လို့ ထရမ့်က ပြောသွားခဲ့ပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly