ကိုဗစ်ကာကွယ်ရေးတွင် စည်းကမ်းသတ်မှတ်ချက် A အဆင့်ရှိသော CMP စက်ရုံများကို ပြန်လည်ဖွင့်လှစ်ခွင့်ပြုမည်

ကိုဗစ်ကာကွယ်ရေးတွင် စည်းကမ်းသတ်မှတ်ချက် A အဆင့်ရှိသော CMP စက်ရုံများကို ပြန်လည်ဖွင့်လှစ်ခွင့်ပြုမည်
Photo: AFP

အောက်တိုဘာ ၁၀

COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်​ရေးတွင် အဆင့် A ရရှိ​အောင် ပြင်ဆင်​ဆောင်ရွက်နိုင်သည့် ကုန်ကြမ်းယူ ကုန်​ချော​ပေး လက်ခစားလုပ်ငန်း (CMP) စက်ရုံများကို ပြန်လည်ဖွင့်လှစ်ခွင့် ပြုမည်ဖြစ်​ကြောင်း မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) က ​အောက်တိုဘာလ ၁၀ ရက်​နေ့ ည​နေပိုင်းတွင် ထုတ်ပြန်ချက်အရ သိရသည်။

လက်ခစားလုပ်ငန်း (CMP) များ အနေဖြင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်အတိုင်း ဆောင်ရွက်ထားမှု ရှိမရှိကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ  ကြီးကြပ်စီစစ်မည်ဖြစ်သည်။

COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့်ပတ်သက်၍ အဆင့်အလိုက်စည်းကမ်းသတ်မှတ်ချက် များရှိရာ အဆင့် A ရရှိလျှင် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဆုံးဖြတ်ချက်ဖြင့် ​အောက်တိုဘာလ ၁၂ ရက်​နေ့မှ စတင်ကာ ပြန်လည်လုပ်ကိုင်ခွင့်ပြုမည်ဟု ထုတ်ပြန်ချက်တွင် ​ဖော်ပြထားသည်။
ရန်ကုန်တိုင်းသကြီးအတွင်းရှိ CMP စက်ရုံများကိုအောက်တိုဘာလ ၂၁ ရက်​နေ့အထိ ပိတ်သိမ်းရန် ​အောက်တိုဘာလ ၅ ရက်​နေ့တွင် အစိုးက ထုတ်ပြန်​ပြီး​နောက် ယခုလို ​​ကြေညာချက် ပြန်လည်ထုတ်ပြန် လာခြင်းလည်း ဖြစ်သည်။
လက်ရှိတွင် ကုန်ကြမ်းယူ ကုန်​ချော​ပေး လက်ခစားလုပ်ငန်း CMP စက်ရုံဝန်ထမ်းများအ​​နေဖြင့် စက်တင်ဘာလအတွက် လစာထုတ်ယူရန် စက်ရုံ အလုပ်ရုံများသို့ ​အောက်တိုဘာလ ၈ ရက်​နေ့မှ စတင်ကာ သွားလာခွင့်ပြုထားသည်။
မြန်မာနိုင်ငံတွင် ​ကျန်းမာ​ရေးနှင့် အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ အောက်တိုဘာလ ၁၀ ရက်​နေ့ ည ၈ နာရီအထိ ကိုဗစ်အတည်ပြုလူနာ (၂၆၀၆၄)ဦးရှိပြီး ​သေဆုံးသူ (၅၉၈) ရှိ​နေပြီ ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly