COVID-19 ကူးစက်ခံရပြီး ပြန်လည်ကောင်းမွန်လာသူများနှင့် ဆွေးနွေးခန်း အစီအစဉ် တစ်ပတ်တစ်ကြိမ် ပြုလုပ်မည်

COVID-19 ကူးစက်ခံရပြီး ပြန်လည်ကောင်းမွန်လာသူများနှင့် ဆွေးနွေးခန်း အစီအစဉ် တစ်ပတ်တစ်ကြိမ် ပြုလုပ်မည်
ဓာတ်ပုံ - သက်ကို / မဇ္ဈိမ

အောက်တိုဘာ ၁ဝရက်

တစ်ပတ်လျှင် သုံးကြိမ် ပြုလုပ်နေသည့် “ကိုဗစ်အကြောင်း သိကောင်းစရာ”ခေါင်းစဉ်ဖြင့် အမေးအဖြေကဏ္ဍအား ယခုလာမည့်အပတ်မှ စတင်ကာ နှစ်ကြိမ်သာပြုလုပ်တော့မည်ဖြစ်ပြီး ကျန်တစ်ကြိမ်အား COVID-19 ကူးစက်ခံရပြီး ပြန်လည်ကောင်းမွန်လာသည့် ပြည်သူများနှင့် ဆွေးနွေးခန်းအစီအစဉ် ပြုလုပ်မည်ဖြစ်သည်။

COVID-19 ရောဂါဖြစ်ပွားမှု နောက်ဆုံးအခြေအနေနှင့် စပ်လျဉ်း၍ အောက်တိုဘာ ၉ရက်နေ့က ပြည်သူများသို့ အစီရင်ခံတင်ပြသည့် မိန့်ခွန်းတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ထည့်သွင်းပြော ဆိုခဲ့ခြင်းဖြစ်သည်။

“ဘယ်လိုသူတို့တွေ ကိုဗစ်ရောဂါကို ရင်ဆိုင်ခဲ့လဲ။ ဘယ်လိုကျော်လွှားခဲ့လဲ။ ဘယ်လိုပုံစံနဲ့ ရင်ဆိုင်ကျော်လွှားခြင်းဟာ အကောင်းဆုံးလဲဆိုတာကို ပြည်သူတွေ သိထားတဲ့အခါကျတော့ ကိုယ့်ရဲ့မိသားစုတွေ၊ ကိုယ့်ရဲ့မိတ်ဆွေ တွေ၊ ကိုယ်ကိုယ်တိုင်ဖြစ်ဖြစ် ဒီကိုဗစ် ရောဂါရပြီဆိုရင် စိုးရိမ်ကြောင့်ကြမှုမလိုအောင်ပေါ့။ ” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

အဆိုပါ အမေးအဖြေကဏ္ဍအား ပြီးခဲ့သည့် စက်တင်ဘာ ၂၉ရက်နေ့မှ စတင် ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ပါမောက္ခ သမားတော်ကြီးများကိုယ်တိုင် အင်တာနက် လူမှုကွန်ရက်မှ တစ်ဆင့် ဖြေကြား ဆွေးနွေးပေးနေခြင်းဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်သည် COVID-19 ကူးစက်ခံရပြီး ပြန်လည်ကောင်းမွန်သွားသည့် လူနာနှင့် အောက်တိုဘာ ၈ရက်နေ့က ဆွေးနွေးပြီးသည့်နောက် ယခုကဲ့သို့ အစီအစဉ်ပြောင်းလိုက်ခြင်းဖြစ်ကြောင်း သိရသည်။

“ရောဂါဖြစ်တဲ့သူက အသက်လည်း မငယ်ပါဘူး။ ၆၆ နှစ် ရှိပါပြီ။ နောက်ပြီးတော့ ရောဂါအခံတွေလည်းရှိပါတယ်။ ဆီးချိုလည်းရှိတယ်။ သွေးတိုးလည်း ရှိတယ်။ ကျောက်ကပ်လည်းသိပ်မကောင်းဘူး အဲ့ဒီတော့ ကျန်းမာရေး ကလည်း ကောင်းတာမဟုတ်ဘူး။ အသက်ကလည်း ငယ်တာမဟုတ်ဘူး။ အဘက်ဘက်ကကြည့်ရင် ကိုဗစ်ရောဂါရရင် အင်မတန် အန္တရာယ်ရှိနိုင်တဲ့ ပုဂ္ဂိုလ်တစ်ဦးလို့ သတ်မှတ်လို့ရပါတယ်။ ဒါပေမယ့် မြန်မြန်ဆန်ဆန်နဲ့ ကောင်းသွားတယ်။ အေးအေးဆေးဆေးပဲ။ ကျွန်မကမေးတယ်။ ရောဂါဖြစ်တုန်းက ဒါကို ဘယ်လိုရင်ဆိုင်ခဲ့လဲ။ ဘယ်လိုကျော်လွှားခဲ့လဲဆိုတာ။ အဖြေကို ကျွန်မသဘောကျလွန်းလို့။ အဖြေက ရိုးရိုးရှင်းရှင်းလေးပဲ။ ကိုယ့်ဟာကိုယ်ပဲ လုပ်ယူပါတယ်။ ဒီဟာကိုပေါ့နော်။ ရောဂါဖြစ်ပြီဆိုရင် စိတ်ထားတတ်ဖို့၊ နေတတ်ဖို့ဆိုတဲ့ အဓိပ္ပါယ်နဲ့ ပြောတာပေါ့။ ဒါနဲ့ အဲ့ဒီအဖြေကို သဘောလည်းကျတယ်။ နောက်ပြီး စိတ်လည်းဝင်စားလို့ အခု ပြည်သူလူထုကို ကိုဗစ်ရောဂါနဲ့ပတ်သက်လို့ ပညာပေးအစီအစဉ်တွေ နည်းနည်းလေး ပြောင်းလိုက်ဖို့ စဉ်းစားထားပါတယ် ” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

ထို့ပြင် COVID-19 ကုသနည်းတခုတခုဖြစ်သည့် သွေးရည်ကြည်ကုထုံးနှင့် ကုသရာတွင် ရောဂါပျောက်ကင်းမှုများ ရှိနေသည့်အတွက် ရောဂါကူးစက်ခံရပြီး ပြန်လည်ကောင်းမွန်လာသည့် ပြည်သူများအနေဖြင့်လည်း မိမိတို့၏ သွေးရည်ကြည်အား ပြန်လည်လှူဒါန်းကြရန် ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly