ခရစ္စတီယာနို ရော်နယ်လ်ဒိုဟာ ဂျူဗင်တပ်စ်နဲ့အတူ ကျနော့်ရဲ့ ချန်ပီယံလိဂ်မှတ်တမ်းကို လိုက်မီနိုင်တယ်။ - ဆီးဒေါ့ဖ် 

ခရစ္စတီယာနို ရော်နယ်လ်ဒိုဟာ ဂျူဗင်တပ်စ်နဲ့အတူ ကျနော့်ရဲ့ ချန်ပီယံလိဂ်မှတ်တမ်းကို လိုက်မီနိုင်တယ်။ - ဆီးဒေါ့ဖ် 
Photos: EPA

ဆီးဒေါ့ဖ်ဟာ မတူညီတဲ့ ကလပ်အသင်းသုံးသင်းနဲ့ ချန်ပီယံလိဂ်ဖလားကို ဆွတ်ခူးခဲ့တဲ့ သူ့ရဲ့ မှတ်တမ်းကို ခရစ္စတီယာနို ရော်နယ်လ်ဒို လိုက်မီဖို့ အလားအလာနဲ့ ပတ်သက်ပြီး စိုးရိမ်စိတ်မရှိပါဘူး။ 

ပေါ်တူဂီကြယ်ပွင့် ရော်နယ်လ်ဒိုဟာ မန်ချက်စတာယူနိုက်တက်နဲ့ ရီးယဲလ်မက်ဒရစ်တို့မှာ ကစားစဉ်က ဥရောပဖလားကို ကိုင်မြှောက်ခဲ့ပြီးနောက် လက်ရှိ ဂျူဗင်တပ်စ်အသင်းနဲ့အတူ ဖလားထပ်မံရယူဖို့ ရည်ရွယ်နေတာဖြစ်ပါတယ်။ 

ဆီးဒေါ့ဖ်ဟာ ဘောလုံးသမိုင်းမှာ အေဂျက်စ်၊ မက်ဒရစ်၊ အေစီမီလန်တို့နဲ့အတူ ချန်ပီယံလိဂ်ဖလားကို ဆွတ်ခူးနိုင်ခဲ့တဲ့ တစ်ဦးတည်းသော ကစားသမားဖြစ်ပါတယ်။

ဂျူဗင်တပ်စ်ဟာ ၁၉၉၆ ခုနှစ်နောက်ပိုင်း ချန်ပီယံလိဂ်ဖလား ဆွတ်ခူးနိုင်ခဲ့ခြင်းမရှိပေမယ့်လည်း ၂၀၁၅ နဲ့ ၂၀၁၇ တို့မှာ ဗိုလ်လုပွဲအထိ တက်ရောက်ခဲ့ပြီး ဆီးဒေါ့ဖ်က ဘလွန်းဒီအော်ဆု (၅)ကြိမ်ရ ရော်နယ်လ်ဒိုဟာ တိုက်စစ်ကို ဦးဆောင်နေတာနဲ့အတူ သူတို့ဟာ ချန်ပီယံဖလားကို ရယူသွားနိုင်တယ်လို့ ယုံကြည်နေပါတယ်။

"ခရစ္စတီယာနို ရော်နယ်လ်ဒိုသာ ကျနော့်မှတ်တမ်းနဲ့ တူညီသွားခဲ့မယ်ဆိုရင် တကယ်ကို ကျေနပ်စရာကောင်းမှာပါ။ ကျနော်တို့တွေ မတူညီကွဲပြားတဲ့ အခြားသူတွေအကြောင်း ပြောလို့ အဆင်ပြေတယ်မို့လား? ဒီတော့ ဆိုးရွားတဲ့အရာလို့ ကျနော် မထင်ပါဘူး။"လို့ သူက Goal ပြောခဲ့ပါတယ်။

"ကျနော်က အမြဲတမ်း ပထမဦးဆုံးဖြစ်လိမ့်မယ်။ ဒါက ပြောင်းလဲမှာ မဟုတ်ပါဘူး။ စံချိန်မှတ်တမ်းတွေဆိုတာ တူညီဖို့နဲ့ ကျိုးပျက်ဖို့ပါ။ ဂျူဗင်တပ်စ်ဟာ ချန်ပီယံလိဂ်ဖလားကို အမြဲတန်း စိန်ခေါ်နိုင်တဲ့ အသင်းတစ်သင်းပါ။ အရင်က ကျနော်ပြောခဲ့သလိုပဲ ခရစ္စတီယာနိုဟာ သူ့ရဲ့ လှုံ့ဆော်မှုနဲ့ သူ့ရဲ့ စွမ်းဆောင်ရည်ကို ထိန်းသိမ်းထားနေသူပါ။ ဆိုတော့ ဘာလို့ မလုပ်နိုင်ရမှာလဲ။" 

ဆီးဒေါ့ဖ်က ရော်နယ်လ်ဒိုနဲ့ ဘာစီလိုနာကြယ်ပွင့် လီယွန်နယ် မက်ဆီတို့ဟာ အသက် ၃၅ နဲ့ ၃၃ နှစ်အရွယ် အသီးသီးရှိနေပြီဖြစ်ပေမယ့် ဖီဖာရဲ့ The Best (ကမ္ဘာ့အကောင်းဆုံးကစားသမားဆု)ဆုအတွက် ဆက်လက် တိုက်ပွဲဝင်နိုင်မယ်လို့ ယုံကြည်နေပါတယ်။

"သူတို့ဟာ ကြံ့ခိုင်မှုနဲ့ လှုံ့ဆော်မှုရှိမယ်ဆိုရင် နှစ်ယောက်စလုံးဟာ အမြင့်ဆုံးအဆင့်မှာ ဆက်ပြီး စွမ်းဆောင်ပါလိမ့်မယ်လို့ မြင်ပါတယ်။ သူတို့ ဘာကြောင့် မလုပ်နိုင်ရမှာလဲဆိုတာ ကျနော် မထင်ပါဘူး။"လို့ သူက ပြောပါတယ်။

"ဒီနေရာမှာ မေးခွန်းတွေ ရှိပါတယ်။ ပျိုမျစ်တဲ့ လူငယ်အချို့ဟာ သူတို့ရဲ့ ပြိုင်ပွဲမှာ တိုးတက်လာတယ်ဆိုတာ ကျနော်တွေ့မြင်ရမလား။ 

"ဒါက ကျနော် တွေ့ချင်တာပါ။ ဘာကြောင့်လဲဆိုတော ခရစ္စတီယာနိုနဲ့ မက်ဆီတို့ဟာ လွန်ခဲ့တဲ့ ၁၂-၁၃ နှစ်အတွင်း သူတို့လုပ်နိုင်တဲ့ စွမ်းရည်ကို ပြသခဲ့ပြီး သူတို့မှာ ရှိတဲ့အရာကို ဆက်ပြီးလည်း လုပ်ဆောင်နေတယ်။"

အသက် ၄၄ နှစ်အရွယ် ဆီးဒေါ့ဖ်က လာမယ့် နှစ်တွေမှာ ထိပ်ဆုံး တစ်ဦးချင်းဆုတံဆိပ်တွေကို ရယူမယ့် ကစားသမား အများအပြား ရှိလာမယ်လို့ ယုံကြည်နေပါတယ်။

ဆီးဒေါ့ဖ်က "ပိုပြီး တိုးတက်ကောင်းမွန်လာမယ့် ကစားသမား လုံလုံလောက်လောက်ရှိနေပါတယ်။ နေမာမှာ ကောင်းမွန်တဲ့ ဘောလုံးရာသီ ရှိခဲ့ပါတယ်။ ဒါပေမယ့် သူဟာ တိုးတက်လာနိုင်သေးတယ်။ သူဟာ သူတို့တွေထဲက တစ်ဦးဖြစ်တယ်။ နောက်ပြီး ကျနော်တို့မှာ (ကီဗင်)ဒ ီဘရိုင်းနားလို ကွင်းလယ်ကစားသမားအချို့ရှိတယ်။"လို့ ဆက်ပြီး ပြောပါတယ်။ 

"ကျနော်တို့တွေမှာ (အီဒင်) ဟာဇက် ရှိတယ်။ ဟာဇက်ဟာ အဲဒီအဆင့်ကို အလွယ်လေးရောက်နိုင်တယ်လို့ ကျနော် အမြဲပြောဖူးပါတယ်။ ဒါပေမယ့် ခင်ဗျားဟာ အကောင်းဆုံးဖြစ်ဖို့ လှုံ့ဆောင်ခံရသလား။ ဒါ့အပြင် အံ့အားသင့်ဖွယ်ကောင်းတဲ့ (ရိုမီလူ)လူကာကူရှိတယ်။ သူဟာ ပြီးခဲ့တဲ့ ရာသီက ခုန်တက်လာခဲ့တယ်။

"ကျနော် အနည်းငယ် မေ့နေတာလည်း ဖြစ်နိုင်တယ်။ (ရော်ဘတ်) လီဝန်ဒေါစကီးဟာ အံ့သြစရာကောင်းတဲ့ အလုပ်တစ်ခုလုပ်ခဲ့တယ်။ (ဖိလစ်) ကော်တင်ဟို စတဲ့ ကစားသမားတွေ အများကြီးပါ။ (ဆာဒီယို) မာနေး၊ (မိုဟာမက်) ဆာလာ အများကြီးပါပဲ။ 

"ဆိုတော့ မက်ဆီနဲ့ ရော်နယ်လ်ဒို ပြသခဲ့တဲ့ တသမတ်တည်းဖြစ်မှုအကြောင်းပါပဲ။ ကစားသမားအားလုံးဟာ ဒီအဆင့်မှာ နှစ်တွေတောက်လျှောက် တသမတ်တည်းရှိနိုင်တယ်ဆိုတာ ခရစ္စတီယာနိုက သူတို့တွေကို ပြသခဲ့တာပါ။ ဒါက စိတ်ဓာတ်ပိုင်းဆိုင်းရာ အရာတစ်ခုဖြစ်တယ်။ ဒါက လှုံ့ဆော်မှုတစ်ခုပါ။ ချန်ပီယံတွေမှာရှိတဲ့ ဒါတွေက မောင်းနှင်းတာပါ။" 

"နောက်ထပ် အများကြီး တွေ့မြင်ရဖို့ မျှော်လင့်ကြရတာပေါ့။" 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly