ဟွာဝေးသည် တရုတ်ကွန်မြူနစ်ပါတီနှင့် “ပေါင်းကြံတဲ့ သက်သေအထောက်အထား”ရှိကြောင်း ဗြိတိန်အမတ်များက အခိုင်အမာပြော

ဟွာဝေးသည် တရုတ်ကွန်မြူနစ်ပါတီနှင့် “ပေါင်းကြံတဲ့ သက်သေအထောက်အထား”ရှိကြောင်း ဗြိတိန်အမတ်များက အခိုင်အမာပြော

အောက်တိုဘာ ၁၀၊ ၂၀၂၀

ဟွာဝေးနှင့် တရုတ်ကွန်မြူနစ်ပါတီယန္တရားကြားတွင် “ပေါင်းကြံတဲ့ သက်သေအထောက်အထားတွေရှင်းရှင်းလင်းလင်း”  ရှိကြောင်း ပါလီမန်စုံစမ်းရေးက ကောက်ချက်ချလိုက်သည်။

အမတ်များက အစိုးရအနေဖြင့် ဗြိတိန်မိုဘိုင်းကွန်ယက်များမှ တရုတ်ကုမ္ပဏီ 5G kitကို ဖယ်ရှားရန် နောက်ဆုံးသတ်မှတ်ရက်ကို ရှေ့တိုးဆောင်ရွက်သင့်ကြောင်း ပြောသည်။

ဟွာဝေးကမူ “ဤအစီရင်ခံစာသည် ချက်ကျလက်ကျမဟုတ်ဘဲ ထင်မြင်မှုအပေါ်တည်ထားသည့်အတွက် ယုံကြည်ဖွယ်မရှိ” ဟု တုံ့ပြန်ခဲ့သည်။

သို့သော် နောက်ဆုံးစွပ်စွဲချက်သည် ၎င်း၏စီးပွားရေးအတွက် နောက်ထပ်စိန်ခေါ်မှုတစ်ရပ်ဖြစ်သည်။ နည်းပညာတွင် အကြီးအကျယ် ရင်းနှီးမြှုပ်နှံထားသော ကုမ္ပဏီအတွက် ရွေးချယ်စရာများသည် ယခုအခါ ဗြိတိန်တွင် အကန့်အသတ်ဖြစ်သွားသော်လည်း အခြားသော ဥရောပဒေသများနှင့် အခြားဒေသများကို ၎င်းတို့၏ 5G ဆက်သွယ်ရေး အဆောက်အဦများကို ရောင်းရန်ကြိုးစားလျက်ရှိနေချိန်ဖြစ်သည်။

“ ပူးပေါင်းလိမ်ညာရန် ကြံစည်မှုနှင့် ပတ်သတ်သည့် စွပ်စွဲချက်များအစား လွန်ခဲ့သော နှစ်နှစ်အတွင်း ဗြိတိန်အတွက် ဟွာဝေးက ပေးဆပ်ခဲ့သည်များကိုသာ လူအများက အမှတ်ရနေမှာ သေချာသည်”ဟု ကုမ္ပဏီ၏ ပြောရေးဆိုခွင့်ရှိသူက ပြောကြားသည်။
 
ဟွာဝေးနှင့် ကွန်မြူနစ်ပါတီ ချိတ်ဆက်မှုများ
 
အောက်လွှတ်တော်ကာကွယ်ရေးကော်မတီသည် ပညာရှင်များ၊ ဆိုက်ဘာလုံခြုံရေးကျွမ်းကျင်သူများ၊ ဆက်သွယ်ရေးနယ်ပယ်မှ အတွင်းလူများ၏ ထွက်ဆိုချက်များပေါ်မူတည်ပြီး ၎င်းတို့၏ရှာဖွေတွေ့ရှိမှုများကို လုပ်ဆောင် ထားခြင်းဖြစ်သည်။ ထိုလူများထဲတွင် ကုမ္ပဏီကို ကာလတာရှည်ကတည်းက ဝေဖန်နေသူများလည်း ပါဝင်သည်။

အစီရင်ခံစာတွင် အကျိုးတူအရင်းရှင်တစ်ဦးက တရုတ်အစိုးရသည် “လွန်ခဲ့သော သုံးနှစ်အတွင်း ဟွာဝေး၏ တိုးတက်မှုအတွက် အမေရိကန်ဒေါ်လာ ၇၅ဘီလီယံခန့် ငွေကြေးထောက်ပံ့ခဲ့ကြောင်း”နှင့် ကွန်ပျူတာစက်ပိုင်း ဆိုင်ရာပစ္စည်းကို “မယုံကြည်နိုင်လောက်အောင် နိမ့်သော ဈေး”ဖြင့် ရောင်းရန်ခွင့်ပြုခဲ့ကြောင်း ဆိုသည်ဟု ဖော်ပြထားသည်။

ထို့အပြင် ၎င်းတွင် ဟွာဝေးသည် အကြိမ်ကြိမ်ငြင်းဆိုမှုများပြုလုပ်ထားသော်လည်း “ဉာဏ်ပညာ၊ လုံခြုံရေးနှင့် ဉာဏပစ္စည်းမူပိုင်ခွင့်နှင့် သက်ဆိုင်သော အပြုအမူများတွင် ပါဝင်နေကြောင်း”ကို တရုတ်နိုင်ငံအတွင်း ကုမ္ပဏီများ၏မူမှန်မှု အထူးပြုသည့် သုတေသီတစ်ဦး၏ ပြောဆိုချက်ကို မီးမောင်းထိုးပြထားသည်။

“မည်မျှပင် ငြင်းဆိုနေကာမူ ဟွာဝေးသည် တရုတ်ပြည်နှင့် တရုတ်ကွန်မြူနစ်ပါတီနှင့် ခိုင်မြဲသော ဆက်စပ်မှုရှိသည်”ဟု ကော်မတီက ဆိုသည်။

“၎င်း၏ ပိုင်ဆိုင်မှုပုံစံနှင့် လက်ခံရရှိသော ထောက်ပံ့ငွေကြေးများသည် သက်သေများပင်ဖြစ်သည်”

နူကလီယားစက်ရုံအလား
 
အစီရင်ခံစာတွင် အနောက်နိုင်ငံများအနေဖြင့် “သတင်းအချက်တစ်ပိုင်းတစ်ဖြစ်သော တရုတ်ဆန့်ကျင်ရေး ကမူးရှုးထိုးဖြစ်နေမှုကို လက်မြှောက်အရှုံးပေးတာ” မလုပ်သင့်ကြောင်း သတိပေးထားသော်လည်း ပေါ်လစီပြောင်းလဲမှုအချို့လုပ်ရန် လိုအပ်ကြောင်း အကြံပြုထားသည်။

ယခုအချိန်တွင် အစိုးရသည် မိုဘိုင်းကွန်ယက်များအား ယခုနှစ်ကုန်အပြီးမှစ၍ ဟွာဝေး၏ 5G ပစ္စည်းအသစ်များကို ဝယ်ယူခြင်းမပြုရန်နှင့် ၂၀၂၇ခုနှစ်နောက်ဆုံးထား၍ ထည့်သွင်းထားပြီးသည့်အရာမှန်သမျှကို ဖယ်ရှားပစ်ရန် ပြောထားသည်။

သို့သော်  ဝန်ကြီးများအနေဖြင့် တရုတ်နှင့်ဆက်ဆံရေး ယိုယွင်းလာခြင်း သို့မဟုတ် အမေရိကန်နှင့် မဟာမိတ်များက ဖိအားပေးမှုများ ရှိလာပါက နောက်ဆုံးသတ်မှတ်ရက်ကို ၂၀၂၅ ထိ ရက်ရှေ့တိုးရန်စဉ်းစားသင့်ကြောင်း ဆိုသည်။
 
အမတ်များက ထိုကဲ့သို့သော လှုပ်ရှားမှုသည် နိုင်ငံ၏ အချို့အပိုင်းများတွင် ဆက်သွယ်ရေးပြတ်တောက်မှုများဖြစ်ပေါ်နိုင်ကြောင်း BT နှင့် Vodafoneကပြောဆိုမှုကို သဘောတူကြသည်။ သို့သော် ရက်လျော့လိုက်ခြင်းအတွက် အော်ပရေတာများကို လျော်ကြေးပေးနိုင်ကြောင်း ပြောသည်။

ဗြိတိန်၏ 5Gကွန်ယက်တွင် ဟွာဝေးဆက်လက်ရှိနိုင်ရန် ပေကျင်းသည် “တိုးတိုးတစ်ဖုံ ကျယ်ကျယ်တစ်မျိုး” ခြိမ်းခြောက်မှုများနှင့် ဖိအားပေးလျက်ရှိကြောင်း ပြောသည်။

 ကော်မတီသည် ခြိမ်းခြောက်မှုများ ဆက်လက်ဖြစ်ပေါ်လာပါက အစိုးရအနေဖြင့် “စီးပွားရေး၏ အရေးပါသော အခန်းကဏ္ဍများတွင် တရုတ်၏အနာဂါတ်ဖြစ်တည်မှုကို ထည့်သွင်းစဉ်းစားသင့်ကြောင်း”ပြောသည်။

ထို့အပြင်၎င်းသည် လာမည့် နိုင်ငံတော်လုံခြုံရေးနှင့် ရင်းနှီးမြှုပ်နှံမှုဥပဒေမူကြမ်းတွင် ဝန်ကြီးများသည် စွန့်စားရမည့်ရင်းနှီးမြှုပ်နှံမှုများကို ပိတ်ပင်နိုင်သော အာဏာပိုင်ဆိုင်ခွင့်ရသင့်ကြောင်း အကြံပေးထားသည်။

  • • ဟွာဝေးသည် ဗြိတိန် လုံခြုံရေးစံနှုန်းများ တိုးတက်အောင် လုပ်ဆောင်ရန် မအောင်မြင်ပါ။
  • • EEကွန်ယက်မှ ဟွာဝေး၏ ပစ္စည်းကို မောင်းထုတ်နိုင်ရန် Nokia သည် BTနှင့် 5G သဘောတူညီမှု ပြုလုပ်ထားသည်။
  • • တရုတ်နှင့် ဗြိတိန်ဆက်ဆံရေးသည် “လွန်စွာအဆိပ်အတောက်ဖြစ်နေသည်”ဟု ပေကျင်းသံအမတ်က ဆိုသည်။

 
အခြားသော ဆက်သွယ်ရေးပစ္စည်းထောက်ပံ့သူများရှိစေရန် မဟာမိတ်များနှင့် ပိုမိုလက်တွဲလုပ်ကိုင်ရမည်”ဟု အစီရင်ခံစာတွင် ထပ်မံပြောထားသည်။

ထို့အပြင် ယခုအခြေအနေသည် “အမျိုးသာလုံခြုံရေးထက် သာလွန်သော စီးပွားရေးစိုးရိမ်ပူပန်မှုများ”ဖြစ်နေသောကြောင့် အစိုးရအနေဖြင့် ဆက်သွယ်ရေးဥပဒေမူကြမ်းပြုရာတွင် နှောင့်နှေးကြန့်ကြာနေမှုများကို ရှောင်ကြဉ် ရန် အဆိုပြုထားသည်။

 လျို့ဝှက်ကုဒ်အဖြစ်ပြောင်းလဲထားသောအချက်အလက်

 ဟွာဝေး၏ ဗြိတိန်တွင် ဆက်လက်တည်ရှိမှုသည် တိုင်းပြည်၏ မိတ်ဖက်များနှင့် အထိအခိုက်မခံသော သတင်းများမျှဝေနိုင်စွမ်းအပေါ် အကျိုးသက်ရောက်မှုရှိသည်ဟူသော အဆိုကို အမတ်များက ငြင်းပယ်ထားသည်။

ပြီးခဲ့သောနှစ်တွင် အမေရိကန် ကွန်ဂရက်လွှတ်တော်အမတ်တစ်ဦးသည် အမေရိကန်နှင့် ဗြိတိန်တို့သည်အီလက်ထရောနစ်အခြေပြု ဆက်သွယ်ရေးများအစား စက္ကူကိုအသုံးပြုသင့်ကြောင်း အကြံပြုခဲ့သည်။

သို့သော် ကော်မတီအနေဖြင့် ဟွာဝေးသည် အထိအခိုက်မခံသော ကာကွယ်ရေးနှင့် အမျိုးသားလုံခြုံရေး ဆိုက်များနှင့် လုံလောက်သော အကွာအဝေးမှာရှိသောကြောင့် လုံလောက်ကြောင်းနှင့် အကြောင်းတစ်စုံတစ်ရာ ဖြစ်ပေါ်လာပါကလည်း ၎င်း၏စနစ်ကို အသုံးပြု၍ ပို့သော ကုဒ်ဝှက်ထားသောအချက်အလက်များကို ဖြည်နိုင်မည်မဟုတ်ကြောင်း ပြောကြားထားသည်။

သို့သော် GCHQအား ကုမ္ပဏီ၏ပစ္စည်းများ အားနည်းချက်ကို စစ်ဆေးသည့် ဟွာဝေးဆိုက်ဘာလုံခြုံရေးအကဲဖြတ်ရေးစင်တာ(HCSEC)နှင့် ဆက်လက်လုပ်ဆောင်ရန် တွန်းအားပေးလျက်ရှိသည်။

ဟွာဝေးသည် အစိုးရကျွမ်းကျင်သူများက ပြုလုပ်သည့် အလုပ်များအတွက် ရန်ပုံငွေထောက်ပံ့နေပြီး ကြိုတင်သိမြင်နေသော အနာဂါတ်အတွက်လည်း ဆက်လက်လုပ်ဆောင်ရန်ဆန္ဒရှိကြောင်း ဆိုခဲ့သည်။ အမတ်များသည် အစိုးရအနေဖြင့် “အလားသဏ္ဍာန်တူ တစ်ခြားသောရောင်းသူများ”ထံမှ ပစ္စည်းများကို ဝယ်ယူရန် စဉ်းစားသင့်ကြောင်း ပြောသည်။

တရုတ်နည်းပညာ အစားထိုးပစ္စည်းများကို ထောက်ပံ့နိုင်ရန် D10 ဒီမိုကရေစီအဖွဲ့တစ်ခု ဖွဲ့စည်းရန် အဆိုပြုချက်များကိုလည်း ထောက်ခံခဲ့သည်။

အမှန်တစ်ကယ်ဖြစ်ပေါ်လာမည့်အရာများနှင့် ပတ်သတ်ပြီး အသေးစိတ်အချက်အလက် အနည်းငယ်သာရှိသော်လည်း ကော်မတီသည် အစိုးရအနေဖြင့် လိုအပ်မည့်အရာများကို ဖော်ထုတ်ရန် မဟာမိတ်များနှင့်ဆွေးနွေးသင့် ကြောင်း အကြံပေးထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly