ရုရှားကြားဝင်စေ့စပ်ပေးမှုနဲ့ အာမေးနီးယားနဲ့အဇာဘိုင်ဂျန် အပစ်အခတ်ရပ်စဲရေး သဘောတူ

ရုရှားကြားဝင်စေ့စပ်ပေးမှုနဲ့ အာမေးနီးယားနဲ့အဇာဘိုင်ဂျန် အပစ်အခတ်ရပ်စဲရေး သဘောတူ

အောက်တိုဘာ ၁၀

အာမေးနီးယားနဲ့ အဇာဘိုင်ဂျန်အကြား ခွဲထွက်ဒေသ နာဂေါ်နိုကာရာဘက်ခ်နဲ့ပတ်သက်ပြီး သီတင်းပတ် နှစ်ပတ်နီးပါးကြာ ပြင်းထန်တဲ့တိုက်ပွဲတွေ ဖြစ်ပွားပြီးတဲ့နောက် နှစ်နိုင်ငံအကြား အပစ်အခတ်ရပ်စဲဖို့ စနေနေ့မှာ သဘောတူညီမှုရရှိလိုက်ကြပြီး  ထိရောက်တဲ့ဆွေးနွေးမှုတွေ စတင်လုပ်ဆောင်တော့မှာဖြစ်ပါတယ်။  

 

အဆိုပါတိုက်ပွဲတွေကြောင့် လူရာပေါင်းများစွာအသက်ဆုံးရှုံးခဲ့ပြီး ထောင်ပေါင်းများစွာ အိုးအိမ်စွန့်ခွါထွက်ပြေးခဲ့ကြရသလို တူရကီနဲ့ ရုရှားတို့ကိုပါ ပါဝင်လာစေနိုင်တဲ့ မီးကုန်ယမ်းကုန်စစ်ပွဲတွေဖြစ်မှာစိုးရိမ်ခဲ့ကြရပါတယ်။

အာမေးနီးယားနဲ့ အဇာဘိုင်အကြား ရုရှားရဲ့ကြားဝင်စေ့စပ်ပေးတဲ့ ၁၁ နာရီ ဆွေးနွေးပွဲအပြီးမှာ နှစ်ဖက်စလုံးက လူသားချင်းစာနာထောက်ထားတဲ့အနေနဲ့ အောက်တိုဘာ ၁၀ ရက် မွန်းတည့် ၁၂ နာရီအချိန်ကစလို့ အပစ် အခတ်ရပ်စဲဖို့သဘောတူလိုက်ပြီလို့ ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေးလက်ဗ်ရော့က ပြောပါတယ်။

တိုက်ပွဲရပ်စဲမှုဟာ မော်စကိုစံတော်ချိန် မွန်းတည့်ချိန် ဒါမှမဟုတ် ကာရာဘက်ခ်ဒေသစံတော်ချိန်နဲ့ သက်ရောက်မှာလားဆိုတာတော့ ရှင်းရှင်းလင်းလင်းမသိရပါဘူး။

ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေးလက်ဗ်ရော့က “ရုရှားသမ္မတ ဗလာဒီမာပူတင်၊ အဇာဘိုင်ဂျန်သမ္မတ အလီယက်နဲ့ အာမေးနီးယားဝန်ကြီးချုပ် ပါရှင်ယန်တို့ရဲ့ သဘောတူညီချက်နဲ့ သမ္မတပူတင်ရဲ့မှာတမ်းအရ အကျဉ်းသား တွေနဲ့ ထိန်းသိမ်းခံထားရသူတွေကို လဲလှယ်တဲ့ လူသားချင်းဆိုင်ရာရည်ရွယ်ချက်တွေနဲ့အတူ ၂၀၂၀ ခုနှစ် အောက်တိုဘာ ၁၀ ရက် မွန်းတည့် ၁၂ နာရီကစလို့ အာမေးနီးယားနဲ့အဇာဘိုင်ဂျန်အကြား အပစ်အခတ်ရပ်စဲ မှာဖြစ်ပါတယ်” လို့ ပြောခဲ့ပါတယ်။  

အပစ်အခတ်ရပ်စဲမှုအတွင်း အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီရဲ့ ကူညီမှုနဲ့ နှစ်ဖက်အဖွဲ့တွေဟာ ရုပ်အလောင်းတွေနဲ့ အကျဉ်းသားတွေကို လဲလှယ်ကြမှာဖြစ်တယ်လို့ လက်ဗ်ရော့က ကပြောပါတယ်။

အဇာဘိုင်ဂျန်နဲ့ အာမေးနီးယားတို့ဟာ ငြိမ်းချမ်းရေးသဘောတူညီမှုကို အမြန်ဆုံးရရှိဖို့ရည်ရွယ်ချက်နဲ့ ထိရောက်တဲ့ စေ့စပ်ညှိနှိုင်းမှုတွေ စတင်နေပြီး အဆိုပါဆွေးနွေးမှုတွေကို ပြင်သစ်၊ ရုရှားနဲ့ အမေရိကန်တို့ကလည်း ကြားဝင်စေ့စပ်ပေးသွားလိမ့်မယ်လို့ လက်ဗ်ရော့က သတင်းထောက်တွေကို ပြောပါတယ်။  

အဇာဘိုင်ဂျန်သမ္မတ အီဟမ်အလီယက်က သူ့ရဲ့ခွဲထွက်ဒေသ ကာရာဘက်ခ်ကို စစ်အင်အားနဲ့ပြန်ယူမယ်လို့ ထပ်တလဲလဲ သန္နိဋ္ဌာန်ပြုခဲ့ပြီး ဆွေးနွေးမှုဟာ အာမေးနီးယားအတွက် သမိုင်းဝင်အခွင့်အရေးဖြစ်တယ်လို့ အစော ပိုင်းက ပြောခဲ့ပါတယ်။ အာမေးနီးယား ဝန်ကြီးချုပ် နီကောပါရှင်ရန်ကလည်း နိုင်ငံတကာက ကြားဝင်ဖျန်ဖြေပေးသူတွေရဲ့ ဦးဆောင်မှုနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ပြန်စဖို့ အသင့်ဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ်။  

ရုရှားသမ္မတပူတင်က မော်စကိုအစည်းအဝေးပွဲကို ကြေညာပြီး အပစ်အခတ်အခတ်ရပ်စဲဖို့ တောင်းဆိုခဲ့တာတောင်မှ သောကြာနေ့ကအထိ နှစ်နိုင်ငံအကြား ပစ်ခတ်မှုတွေ ဆက်ဖြစ်နေခဲ့ကာ အရပ်သားတွေ ထပ်မံသေဆုံးမှု တွေပါ ရှိနေခဲ့တာပါ။

သမ္မတပူတင်က ရန်လိုမှုတွေအဆုံးသတ်ဖို့ တောင်းဆိုခဲ့ပြီး အာမေးနီးယားနဲ့ အဇာဘိုင်ဂျန်နိုင်ငံခြားရေးဝန်ကြီးတွေကို မော်စကိုမြို့ကို ဖိတ်ခေါ်ခဲ့ပြီးနောက် တိုက်ပွဲစဖြစ်ကတည်းက ပထမဆုံးအကြိမ်အဖြစ် အောက်တိုဘာ ၉ ရက်နေ့က ရုရှား၊ အဇာဘိုင်ဂျန်နဲ့ အာမေးနီးယား နိုင်ငံခြားရေးဝန်ကြီးတွေ မော်စကိုမှာ ဆွေးနွေးညှိနှိုင်းမှုတွေ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly