ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်အဖွဲ့ WFP ကို နိုဘယ်ငြိမ်းချမ်းရေးဆု ချီးမြှင့်

ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်အဖွဲ့ WFP ကို နိုဘယ်ငြိမ်းချမ်းရေးဆု ချီးမြှင့်

အောက်တိုဘာ ၁၀ ၊ ၂၀၂၀

ကိုရိုနာဗိုင်းရပ်စ် ကပ်ဘေးကြေင့် လူသန်းပေါင်းများစွာ ငတ်မွတ်ခေါင်းပါးမှု ကပ်ဘေးနဲ့ ကြုံကြိုက်နေကြရတဲ့ ကာလမှာ ယီမင်ကနေ မြောက်ကိုရီးယားအထိ နိုင်ငံများက ပြည်သူသန်းပေါင်းများစွာကို စားနပ်ရိက္ခာ ဖြည့်ဆည်းပေးနေတဲ့အတွက် ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်အဖွဲ့ WFP ကို သောကြာနေ့မှာ နိုဘယ်ငြိမ်းချမ်းရေးဆု ချီးမြှင့်ခဲ့ပါတယ်။

“စစ်ပွဲတွေနဲ့ ပဋိပက္ခတွေရဲ့ လက်နက်တစ်ခုအဖြစ် ငတ်မွတ်ခေါင်းပါးမှုဘေးကို အသုံးချကြမှာကို တားဆီးဖို့အတွက် WFP ဟာ အင်တိုက်အားတိုက် ကြိုးပမ်းနေတာ ဖြစ်တယ်။”လို့ နိုဘယ်ကော်မတီ အမျိုးသမီး ဥက္ကဋ္ဌ ဘာရစ်ရိစ်အန်ဒါဆန်က အော်စလိုမှာ ဆုရစာရင်း ကြေညာရာမှာ ပြောခဲ့ပါတယ်။

ရောမအခြေစိုက် WFP အဖွဲ့က “ဒါဟာဆိုရင် ငြိမ်းချမ်းရေးနဲ့ ငတ်မွတ်ခေါင်းပါးမှုဘေး ကင်းစင်မှုဟာ ဒွန်တွဲနေတယ်ဆိုတာ ကမ္ဘာ့ကို အားပြည့်အင်ပြည့် သတိပေးနှိုးဆော်လိုက်တာပဲ ဖြစ်တယ်။”လို့ တွစ်တာမှာ ရေးသားပါ တယ်။ အဖွဲ့ရဲ့ အမှုဆောင်ညွှန်ကြားရေးမှူး ဒေးဗစ်ဘီစလီက ဗီဒီယိုပို့စ် ထပ်ပေါင်းလွှင့်တင်ပြီး “ကျွန်တော့် ဘဝမှာ ပြောစရာမဲ့သွားအောင် ဖြစ်ရတာ ဒါဟာ ပထမဆုံးအကြိမ်ပါပဲ။”ဆိုပြီး ပြောပါတယ်။

၁၉၆၁ ခုနှစ်မှာ တည်ထောင်တဲ့ ကုလသမဂ္ဂ လက်အောက်အဖွဲ့အစည်းတစ်ရပ်ဖြစ်တဲ့ WFP ဟာ ပြီးခဲ့တဲ့နှစ်က နိုင်ငံပေါင်း ၈၈ နိုင်ငံက ပြည်သူတွေကို ရိက္ခာခွဲတမ်း ၁၅ ဘီလီယံ ခွဲဝေဖြန့်ဖြူးပေးပြီး လူပေါင်း ၉၇ သန်းကို အငတ်ဘေးကနေ ကူညီပေးခဲ့ပါတယ်။

ဦးဆောင်လူသားချင်းစာနာထောက်ထားရေး အဖွဲ့အစည်းအဖြစ် ကိုယ်တိုင် ဂုဏ်ယူထားတဲ့ WFP ဟာ စားနပ်ရိက္ခာတွေကို ရဟတ်ယာဉ်ကနေပဲ ဖြစ်ဖြစ်၊ ဆင်တွေ၊ ကုလားအုတ်တွေရဲ့ ကျောပေါ်တင်ပြီးဖြစ်ဖြစ် လိုအပ်သူ တွေဆီ အရောက်ဖြန့်ဖြူးပေးနေတာ ဖြစ်ပါတယ်။ လူ ၁၁ မှာ ၁ ဦးနှုန်း ရှိမယ့် လူသန်း ၆၉၀ လောက်ဟာ ဝမ်းဟာဟာနဲ့ အိပ်ရာဝင်နေကြရတယ်လို့ WFP က ခန့်မှန်းထားပါတယ်။

“အခုနှစ် ဒီဆုနဲ့အတူ နော်ဝေနိုဘယ်ကော်မတီအနေနဲ့ အငတ်ဘေးရဲ့ ခြိမ်းခြောက်မှုနဲ့ ရင်ဆိုင်နေရတဲ့ လူသန်းပေါင်းများစွာအတွက် ကမ္ဘာကို မျက်စိဖွင့်ပေးဖို့ ဆန္ဒရှိခဲ့တာ ဖြစ်ပါတယ်။”လို့ ရိစ်အန်ဒါဆန််က ပြောပါတယ်။

“အငတ်ဘေးနဲ့ လက်နက်ကိုင်ပဋိပက္ခတွေဟာ ဆိုးဝါးတဲ့ စက်ဝန်းတစ်ခုထဲမှာ ဒွန်တွဲရှိနေတယ်။ စစ်ပွဲတွေ၊ ပဋိပက္ခတွေဟာ စားနပ်ရိက္ခာ မလုံခြုံမှုနဲ့ ငတ်မွတ်ခေါင်းပါးမှုဘေးတွေကို ဖြစ်စေသလို ငတ်မွတ်မှုဘေးနဲ့ စားနပ် ရိက္ခာ မလုံခြုံမှုတွေဟာလည်း အကြမ်းဖက်မှုတွေကို အစပျိုးစေမယ့် မီးခဲပြာဖုံး ပဋိပက္ခတွေကို ပေါ်ပေါက်စေနိုင်တယ်။”လို့ သူက ပြောပါတယ်။

“စစ်ပွဲတွေ၊ လက်နက်ကိုင်ပဋိပက္ခတွေကို ကျွန်မတို့ အဆုံးမသတ်နိုင်ရင် အငတ်ဘေး ကင်းပျောက်ရမယ်ဆိုတဲ့ ရည်မှန်းချက်ဆီ ဘယ်တော့မှ ရောက်ရှိလိမ့်မှာ မဟုတ်ဘူး။”လို့ သူက ထပ်လောင်းဆိုပါတယ်။

နိုဘယ်ငြိမ်းချမ်းရေးဆုကို အစားအစာ မလုံခြုံမှုအတွက် ရှေ့တန်းကနေ တုံ့ပြန်နေတဲ့ ကမ္ဘာ့ပထမဆုံး အဖွဲ့ထံ ချီးမြှင့်တာအတွက် ဂုဏ်ယူဝမ်းမြောက်မိတယ်လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဂူတာရပ်စ်ကလည်း ပြောခဲ့ ပါတယ်။

အလုပ်အကိုင် ဆုံးရှုံးမှုတွေ၊ စားနပ်ရိက္ခာ ဈေးကြီးမြင့်မှုတွေနဲ့ ကုန်သွယ်ကွင်းဆက် ပြတ်တောက်မှုတွေကို ဖြစ်ပေါ်စေတဲ့ ကိုရိုနာဗိုင်းရပ်စ် ကပ်ဘေးကြောင့် အခုနှစ်မှာ ကမ္ဘာ့အခြေအနေဟာ ပိုပြီး ဆိုးဝါးလာခဲ့ပါတယ်။

ကပ်ဘေးကြောင့်ဖြစ်တဲ့ တစ်ကမ္ဘာလုံးဆိုင်ရာ စီးပွားရေး ဆုတ်ယုတ်ကျဆင်းမှုကြောင့် ငတ်မွတ်ခေါင်ပါးမှုနဲ့ ရင်ဆိုင်ရမယ့် ဘေးကြုံကြိုက်နေသူပေါင်းဟာ ၈၃ သန်းကနေ ၁၃၂ သန််းအထိ မြင့်မားလာကြောင်း ဇူလိုင်လ လယ်က ကုလသမဂ္ဂအစီရင်ခံစာတစ်ရပ်မှာ ဖော်ပြခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly