တရုတ်နိုင်ငံတွင် ဖမ်းဆီးခံခဲ့ရသည့် NLD ပါတီ ဝန်းရံသူများကို ပြန်လွှတ်ပေး

တရုတ်နိုင်ငံတွင် ဖမ်းဆီးခံခဲ့ရသည့် NLD ပါတီ ဝန်းရံသူများကို ပြန်လွှတ်ပေး

အောက်တိုဘာ ၉ရက်
 

တရုတ်နိုင်ငံ၊ကျယ်ဂေါင်မြို့နှင့်ရွှေလီမြို့တို့တွင် NLD ပါတီကိုဝန်းရံထောက်ခံကြောင့် အင်အားပြလှည့်လည်ခဲ့ သည့် ဝန်းရံသူများကို တရုတ်နိုင်ငံအာဏာပိုင်များက အောက်တိုဘာ ၉ရက်၊နံနက် ၁ နာရီကျော်ခန့်တွင် ပြန်လည်လွှတ်ပေးခဲ့ကြောင်း မူဆယ်ခရိုင်အုပ်ချုပ်ရေးမှူးရုံးမှ လက်ထောက်ညွန်ကြားရေးမှူး ဦးမောင်မောင် သန်းက ပြောသည်။

 “အဲ့ထဲက ခေါင်းဆောင်တဲ့ နှစ်ယောက်တော့ သူတို့ မေးဖို့အတွက်ဆိုပြီး ချန်ထားတယ် ပြောပါတယ်။ ကျွန် တော် တို့ဆီ ရောက်တဲ့သတင်းကတော့ ၄၀၀ဗျ။ လိုင်းပေါ်မှာတော့ ၉၀၀တွေ ဘာတွေတော့ တက်နေတယ်။ သူတို့က အကုန်စုကြတာ။ ကျယ်ခေါင်နဲ့ ရွှေလီနဲ့ သူတို့က အသွားအပြန်လှည့်လည် မယ်ဆိုပြီးတော့ လုပ်ကြတာ” ဟု မူဆယ်ခရိုင် အုပ်ချုပ်ရေးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးမောင်မောင်သန်းက ပြောသည်။

အောက်တိုဘာလ ၈ရက်က တရုတ်နိုင်ငံ၊ကျယ်ဂေါင်မြို့နှင့်ရွှေလီမြို့တို့ရှိ မြန်မာရွှေ့ပြောင်းအလုပ်သမားများမှ NLDပါတီအား ထောက်ခံဝန်းရံသည့်အနေဖြင့် ပါတီအင်္ကျီ၊ ဦးထုပ်များဝတ်ဆင်ကာ ရွှေလီမြို့မှ ကျယ်ဂေါင်မြို့ သို့ ရောက်ရှိလာပြီး မနောကွင်းအတွင်းစုရပ် ပြုလုပ်ကာ ပါတီအလံများထောင်ခြင်း၊သီချင်းများဖွင့်လှစ်ပြီး ဆိုင် ကယ်များဖြင့် စီတန်းလှည့်လည်ခဲ့ကြသည်။

ထို့နောက် ရွှေလီမြို့သို့အပြန် လုံမောဟုပန်းခြံအနီးတွင် တရုတ်ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပြီး ရွှေလီမြို့ရှိ စီကိုင်ထောင်သို့ ပို့ဆောင် ထိန်းသိမ်းခဲ့ခြင်းဖြစ်သည်။

ပါတီဝန်းရံထောက်ခံသူများအနေဖြင့် တရုတ်နိုင်ငံအတွင်း လူစု၊လူဝေးမပြုလုပ်ခြင်းနှင့် ထိုသို့ပြုလုပ်ရန် ခွင့်ပြု ချက်မရှိခြင်းကြောင့် ယခုကဲ့သို့ ဖမ်းဆီးထိန်းသိမ်းခံရခြင်းဖြစ်နိုင်ကြောင်း မူဆယ်ခရိုင် အုပ်ချုပ်ရေးရုံးမှ လက် ထောက်ညွှန်ကြားရေးမှူး ဦးမောင်မောင်သန်းက ဆိုသည်။

“အဲ့ဒါကတော့ သူတို့တိုင်းပြည်ကထုတ်ထားတဲ့ ကူးစက်ရောဂါ ဒီအခြေအနေမှာ သူတို့ လူမစုရဘူးလေ။ သူ့တိုင်းပြည်မှာလည်း လူစု၊လူဝေးမလုပ်ဘူးဗျ။ လုပ်တဲ့ကလေးတွေကလည်း ခွင့်ပြုချက်မရဘူးနဲ့တူပါတယ်။ အဲ့တော့ သူ့ဥပဒေအတိုင်းပဲပေါ့ဗျာ” ဟု မူဆယ်ခရိုင် အုပ်ချုပ်ရေးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးမောင်မောင်သန်းက ပြောသည်။

လက်ရှိတွင် ၎င်းဝန်းရံသူများထဲ၌ ကျန်းမာရေး စစ်ဆေးထားခြင်းမရှိသူများပါဝင်သည့်အတွက် ကျန်းမာရေး စစ်ဆေးမှု များပြုလုပ်ပြီး ကျန်းမာရေးကဒ်များပါ ထုတ်ပေးခဲ့ကြောင်းနှင့် ယာယီနေထိုင်ရေးကဒ်များကိုပါ ပြုလုပ်ပေးထားကြောင်း ရွှေလီမြို့အခြေစိုက် မိုးမခဖောင်ဒေးရှင်းမှ နာယက ဒေါ်မိုးမခက ပြောသည်။

“မနေ့က သူတို့ဖမ်းခေါ်သွားတဲ့သူတွေကို ကျန်းမာရေးစစ်ဆေးပေးတာပေါ့။ အရင်တုန်းက စစ်ဆေးထားတဲ့ သူဆိုရင် သူတို့က ကျန်းမာရေးကဒ် ရှိတယ်လေ။ အဲ့ခါမှာကျတော့ ဒီမနေ့က သူတို့ပြန်စစ်လိုက်တဲ့အခါကျတော့ ကျန်းမာရေးကဒ်မရှိတဲ့သူက ၄၀ လောက်ပါတယ်လို့ပြောတယ်ရှင့်။ အဲ့ဒါကို သူတို့က အကုန်လုံးပြန်စစ်ပေး တယ်။ ပြီးရင် ကျန်းမာရေးကဒ် ပြန်ထုတ်ပေးတယ်။ ပြီးရင် ယာယီနေထိုင်ရေးကဒ်ရော တခါထဲ လုပ်ပေးလိုက် တယ်လို့ ပြောတယ်ရှင့်” ဟု ရွှေလီမြို့အခြေစိုက် မိုးမခဖောင်ဒေးရှင်းမှ နာယက ဒေါ်မိုးမခက ပြောသည်။

အောက်တိုဘာ ၆ရက်နေ့ကလည်း ထိုင်းနိုင်ငံတောင်ပိုင်းတွင် ထိုင်းရောက် မြန်မာရွှေ့ပြောင်းလုပ်သားများ ပြုလုပ်မည့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီကို စုဝေးထောက်ခံမည့်ပွဲအား မပြုလုပ်ရန် ထိုင်းအာဏာပိုင်များက တားမြစ်ခဲ့သေးသည်။  

ယင်းသို့တားမြစ်ခြင်းသည် COVID-19 ရောဂါ ကူးစက်မှု ပြန့်ပွားမည်ကို စိုးရိမ်သောကြောင့် ဒေသအာဏာပိုင်များက ခွင့်ပြုချက်မပေးခဲ့ခြင်းဖြစ်ကြောင်းလည်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly