အာဏာသိမ်းမှုများ ရှိတော့မည်မဟုတ်ဟု ထိုင်းစစ်ဦးစီးချုပ်သစ် ပြော 

အာဏာသိမ်းမှုများ ရှိတော့မည်မဟုတ်ဟု ထိုင်းစစ်ဦးစီးချုပ်သစ် ပြော 

အောက်တိုဘာ ၉ 

အာဏာသိမ်းမှုများ ရှိတော့မည် မဟုတ်ကြောင်း ထိုင်းစစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ချယ်လမ်ပေါဆရီဆာဝတ်က ပြောသည်။ စစ်တပ်အနေဖြင့် နိုင်ငံရေးတွင် ရေရှည်ပါဝင်တော့မည်မဟုတ်ဟု ၎င်းက သံန္နိဋ္ဌာန်ချ ပြောပြီး စစ်တပ်သည် နိုင်ငံကို ကာကွယ်ရန်အတွက်သာ ဖြစ်သည်ဟု ဆိုသည်။ ထိုင်းနိုင်ငံရေး၌ အဓိကဖြစ်စဉ်တစ်ရပ်ဖြစ်သော ၁၉၇၆ ခုနှစ်က သမ်မာဆတ်တက္ကသိုလ် လူအစုလိုက် သတ်ဖြတ်မှု ၄၄ နှစ်ပြည့် အခမ်းအနားတွင် ၎င်းက ပြောခြင်း ဖြစ်သည်။ 

နှစ် ၈၀၀ ကြာ ဘုရင်အုပ်ချုပ်မှုစနစ်ကို အဆုံးသတ်စေခဲ့သော ၁၉၃၂ ပထမဆုံး အာဏာသိမ်းမှု ဖြစ်ပွားပြီးနောက် ထိုင်းနိုင်ငံတွင် အာဏာသိမ်းမှုပေါင်း ၁၂ ခါ ဖြစ်ပွားခဲ့သည်။ နောက်ဆုံး စစ်အာဏာသိမ်းမှုသည် ၂၀၁၄ မေလအတွင်းက လက်ရှိ ဝန်ကြီးချုပ်ဖြစ်သူ စစ်ဗိုလ်ချုပ်ကြီးဟောင်း ပရာယွတ်ချန်အိုချာ ဦးဆောင်သည့် အာဏာသိမ်းမှုဖြစ်သည်။ လက်ရှိ ထိုင်းလွှတ်တော်၌ စစ်အရာရှိ တော်တော်များများ နေရာယူထားသော်လည်း နိုင်ငံရေးတွင် ၎င်းတို့၏ အခန်းကဏ္ဍနှင့် ပတ်သက်ပြီး ဆရီဆာဝတ်က မှတ်ချက်ပြုခြင်း မရှိပေ။ 

လက်နက်ကိုင်စစ်ဦးစီးချုပ်၊ ကာကွယ်ရေးအမြဲတမ်းအတွင်းဝန်၊ ရဲချုပ်နှင့် ကြည်း၊ ရေ၊ လေ စစ်ဦးစီးချုပ်များအတွက် လွှတ်တော်နေရာ ခြောက်နေရာ သီးသန့်ထားရှိထားသည်။ ၂၀၂၀ အထိ လွှတ်တော်အမတ် ၂၅၀ တွင် ၁၀၄ ဦးမှာ စစ်တပ်နှင့် ရဲဖက်မှ တာဝန်ရှိသူများ ဖြစ်ကြသည်။ 

စစ်ဦးစီးချုပ်များနှင့် အစည်းအဝေးတစ်ရပ်၌ ဆရီဆာဝတ်က ကာကွယ်ရေးဝန်ကြီးဌာန၏ မူဝါဒများနှင့် ဘုရင့်စနစ်ကို ကာကွယ်ပေးရေး အခြေခံမူဘောင်ကို လိုက်နာကြရန် တိုက်တွန်းပြောဆိုသည်။ စစ်တပ်၏ အလုပ်မှာ နိုင်ငံနှင့် လူမှုအသိုင်းအဝိုင်းကို ကာကွယ်ပေးရေးပဲဖြစ်သည်ဟု ၎င်းက ဆိုသည်။ 

ပြီးခဲ့သည့် လအနည်းငယ်အတွင်း စစ်အုပ်ချုပ်ရေး အဆုံးသတ်ရေးနှင့် ဖွဲ့စည်းပုံပြင်ဆင်ရေးတို့ကို တောင်းဆိုကြသော ဒီမိုကရေစီ ထောက်ခံသည့် ဆန္ဒပြပွဲများ ဖြစ်ပွားပေါ်ပေါက်ခဲ့သည်။ သို့သော် ပြည်သူများအနေဖြင့် အမျိုးသားလုံခြုံရေးကို မထိခိုက်သ၍ လွတ်လပ်စွာ သဘောထားများ ထုတ်ဖော်ပြသနိုင်ခွင့် ရှိကြောင်း ဆရီဆာဝတ်က ပြောသည်။ အောက်တိုဘာ ၁၄ ရက် ဒီမိုကရေစီ လိုလားသည့် လူစုရုံးမှုတွင် အမျိုးသားရဲတပ်ဖွဲ့က လုံခြုံရေးယူသင့်သည်ဟုလည်း ၎င်းက ဆိုသည်။ 

“နိုင်ငံဦးသျှောင် ဘုရင်နဲ့အတူ ဒီမိုကရေစီ အစိုးရတစ်ရပ်ဟာ ဆိုးဝါးတဲ့ အုပ်ချုပ်ရေးမဟုတ်ဘူးဆိုတာကို ပြည်သူတွေလိုပဲ ကျွန်တော်တို့လည်း လက်ခံထားပါတယ်။ ဒါကြောင့် ပြည်သူတွေအနေနဲ့ ဘဝတွေကို ပိုမိုကောင်းမွန်အောင် အခွင့်အရေးတွေ အသုံးချနိုင်ဖို့ ဘယ်လို တွန်းအားပေးရမလဲဆိုတာကို ကျွန်တော်တို့ စဉ်းစားသုံးသပ်သွားမှာ ဖြစ်ပါတယ်။”ဟု ၎င်းက ပြောခဲ့သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly