အောက်တိုဘာ ၉
မွေးကတည်းက လက်နှစ်ဖက်မပါဘဲ မွေးလာခဲ့တဲ့ မိုဟာမက် အီခရမ်ဟာ စနူကာခုံ တစ်ခုံနားကပ်ပြီး အခြေအနေကို တစ်ချက် အကဲဖြတ်ပြီးတာနဲ့တပြိုင်နက် အဖြူရောင်ဘောလုံးကို သူ့ရဲ့ မေးစေ့နဲ့ ဆတ်ခနဲ တောက်လိုက်ရင်း အနီရောင်ဘောလုံးတစ်လုံးကို ထောင့်ဘက်ကျင်းထဲ အလိုက်သင့် ဝင်သွားစေခဲ့ပါတယ်။
ဒီ စနူကာ ကစားနည်းကတော့ အသက် ၃၂ နှစ်အရွယ် အီခရမ်လို မသန်စွမ်းတစ်ဦးအတွက် လေ့ကျင့်လိုက်စားဖို့ စိတ်အားထက်သန်စရာ ကစားနည်းတစ်ခု မဖြစ်နိုင်ဘူးလို့ ထင်ရပေမယ့် အဆိုပါ ပါကစ္စတန်ကစားသမားကတော့ နှစ်များစွာနဲ့ချီကြာ ဒီ စနူကာ ကစားနည်းမှာ ကျွမ်းကျင်ပိုင်နိုင်အောင် လေ့ကျင့်ထားခဲ့သူ ဖြစ်ပါတယ်။
ခုဆိုရင် အီခရမ်ဟာ သူတို့အရပ်ဒေသက စနူကာ အားကစားရုံမှာ အနိုင်ယူဖို့ မလွယ်တဲ့ ကစားသမားတစ်ယောက်တောင် ဖြစ်နေပြီဖြစ်ပါတယ်။
“ဒါက တကယ် ပြင်းပြင်းထန်ထန် လေ့ကျင့်မှုတွေ လုပ်လိုတဲ့ အလုပ်တစ်ခုပါ၊ တကယ်လို့များ ကျွန်တော့်လို ကစားသမားတစ်ယောက် ရှိတယ်ဆိုရင် ကျွန်တော် သူနဲ့ ရင်ဆိုင်ဖို့ အသင့်ပါပဲ” လို့ အီခရမ်က နိုင်ငံအရှေ့ပိုင်း ပန်ဂျပ်ပြည်နယ် ဆာမွန်ဒရီမြို့ငယ်လေးမှာ ရှိတဲ့ စနူကာခန်းမတစ်ခုမှာ အေအက်ဖ်ပီကို ပြောပါတယ်။
ဆင်းရဲနွမ်းပါးတဲ့ မိသားစုကနေ မွေးဖွားလာသူဖြစ်တဲ့ အီခရမ်နဲ့ သူ့ရဲ့ မွေးချင်း ရှစ်ဦးတို့ဟာ ကျောင်းမတက်နိုင်ခဲ့ကြပါဘူး။ ငယ်စဉ်ကလေးဘဝတုန်းက အီခရန်ဟာ အဖော်မဲ့ အထီးကျန်သလို ခံစားရင်းနဲ့ အချိန်တော်တော်များများကို ဖြတ်သန်းခဲ့ရပါတယ်။
အဲဒီလိုနဲ့ ဆယ်ကျော်သက်အရွယ်မှာတော့ အီခရန်ဟာ သူတို့ အရပ်ဒေသက စနူကာခန်းမမှာ သူများတွေ ကစားတာကို စကြည့်မိရင်းနဲ့ သူလည်းပဲ ဒီ အားကစားနည်းကို ကစားချင်စိတ်ဖြစ်လာပြီး သူများတွေ မသိအောင် သူ့ဘာသာ စပြီး လေ့ကျင့်ခဲ့တယ်လို့ သိရပါတယ်။
“စစချင်းမှာတော့ ဘိလိယက်ခုံပေါ်မှာ ဘောလုံးတွေကို ကျွန်တော့်ဘာသာ တွန်းရင်းနဲ့ လေ့ကျင့်ခဲ့ရတယ်၊ တဖြည်းဖြည်းချင်းနဲ့ပဲ ကျွန်တော် တိုးတက်လာပြီး အခြားသူတွေနဲ့ စ ကစားလာနိုင်ခဲ့ပါတယ်” လို့ အီခရမ်က ပြောပါတယ်။
အီခရမ်ဟာ ခုဆိုရင် မြို့ထဲက အတော်ဆုံး ကစားသမားတွေကိုလည်း စိန်ခေါ်နိုင်နေပြီဖြစ်ပါတယ်။ သူဟာ အားထုတ်ချက် အမျိုးမျိုးကို ထုတ်ပြရင်း သူ့ခေါင်းကို ပိုင်ပိုင်နိုင်နိုင် ဆတ်ခနဲ ဆတ်ခနဲ လွှဲရင်းနဲ့ အနီရောင်နဲ့ အခြား ကာလာတွေနဲ့ ဘောလုံးတွေကို ကျင်းထဲ ဝင်သွားစေခဲ့ရာမှာ အခြား ကစားသမားတွေက သြဘာပေး ချီးကျူးခဲ့ကြပါတယ်။
တစ်ကြိမ် အီခရမ် လွှဲတောက်လိုက်တဲ့ ဘောလုံးတစ်လုံး ကျင်းထဲ မဝင်ဘဲ လွဲသွားခဲ့ရာ အားပေးသူတစ်ယောက်က “မင်း မေးစေ့ကို မြေဖြူသုတ်ဦးဟ” လို့ အရွှန်းဖောက်ပြီး ပြောခဲ့ပါသေးတယ်။
သူဒီလို ကစားရင်းနဲ့ သူ့ကိုယ်သူ ထိခိုက်မိစေမှာကို စိုးတဲ့အတွက် သူ့မိဘတွေက ကနဦးပိုင်းမှာ အီခရမ်ကို နှစ်အနည်းငယ်လောက် ဒီ စနူကာ မကစားဖို့ တားခဲ့ပါသေးတယ်။ ဒါပေမယ့် မနှစ်ကစလို့ သူတို့ဟာ အီခရမ်ကို ဒီအားကစားနည်း ပြန်ကစားစေခွင့်ပြုခဲ့တာဖြစ်ပါတယ်။
ဒီလို လက်နှစ်ဖက်မရှိဘဲ စနူကာ ဆရာတစ်ဆူဖြစ်နေတဲ့ အီခရမ်ဟာ နိုင်ငံရဲ့ စနူကာ ကစားသူ အသိုင်းအဝိုင်းအကြား အင်တာနက် နာမည်ကြီးပုဂ္ဂိုလ်တစ်ဦး မြန်မြန်ဆန်ဆန် ဖြစ်လာခဲ့ပါတယ်။
“ကျွန်တော် နာမည်ကြီးလာခဲ့တယ်ပေါ့ဗျာ” လို့ အီခရမ်က ပြောပေမယ့် ဒီလို ဆိုရှယ်မီဒီယာပေါ်က ကိစ္စတွေနဲ့ပတ်သက်လို့ ဘာမှ မခံစားမိဘူးလို့ ၎င်းက ဝန်ခံခဲ့ပါတယ်။
လက်ရှိအချိန်အထိတော့ ခရစ်ကတ်က ပါကစ္စတန်ရဲ့ ပေါ်ပြူလာအဖြစ်ဆုံး ကစားနည်းဖြစ်ပေမယ့် စနူကာ ကလည်း ယင်းနိုင်ငံရဲ့ အားကစားလောကမှာ အရေးပါတဲ့ နေရာတစ်ခုမှာ ရှိနေပါတယ်။
အိန္ဒိယတိုက်ငယ်ကို ကိုလိုနီပြုစဉ်ကာလအတွင်း ဗြိတိန်အရာရှိတွေက ဒီအားကစားနည်းကို စတင်မိတ်ဆက်ခဲ့တဲ့နောက် ပါကစ္စတန် တည်ထောင်သူ မိုဟာမက် အလီ ဂျင်နာဟာလည်း ဒီကစားနည်းကို ဝါသနာပါသူဖြစ်ခဲ့ပါတယ်။
ပါကစ္စတန် အာဏာပိုင်တွေက နိုင်ငံမှာ မသန်စွမ်းဦးရေ ဘယ်လောက်ရှိတယ်ဆိုတာကို up-to-date စာရင်း မပြုစုထားပေမယ့် အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေရဲ့ခန့်မှန်းချက်အရ လူဦးရေ သန်း ၂၂၀ ခန့်ရှိတဲ့ နိုင်ငံမှာ မသန်စွမ်းဦးရေ သန်း ၃၀ ကျော် ရှိနေတယ်လို့ ဆိုပါတယ်။
အစိုးရရဲ့ လူမှုရေး အကူအညီ အစီအစဉ် မရှိတာကလည်း မသန်စွမ်း အများစုကို နေအိမ်မှာပဲ နေထိုင်ဖို့ ဖြစ်စေလျက် ရှိပါတယ်။
အီခရမ်ကတော့ တကယ့် “စစ်မှန်တဲ့ အားကစားသမား” တစ်ယောက်ဖြစ်တယ်လို့ ဆာမွန်ဒရီ စနူကာရုံရဲ့ ပိုင်ရှင် မိုဟာမက် နာဒီးမ်က ပြောပါတယ်။
“ကျွန်တော်တို့က သူ့ (အီခရမ်) ဆိုရင် ကစားပွဲအတွက် ပိုက်ဆံ မကောက်ပါဘူး၊ အဲဒီအစား သူနဲ့ ကစားတဲ့ အခြားသူတွေကပဲ သူ့အတွက် ပေးကြပါတယ်” လို့ နာဒီးမ်က ပြောပါတယ်။
“ အီခရမ်က အခြား မသန်စွမ်း ကစားသမားတွေ ရှိနေတဲ့ ခရစ်ကတ်တို့ ဘောလုံးတို့မှာတော့ ဝင်မပြိုင်ပါဘူး၊ ဒါပေမယ့် စနူကာ နဲ့ပတ်သက်လာရင်တော့ သူက တကယ့်ကို ထူးချွန်တဲ့ ကစားသမားတစ်ယောက်ပေါ့ဗျာ” လို့ ၎င်းက ပြောသွားခဲ့ပါတယ်။