ဘူးသီးတောင်မြို့နယ်တွင် တပ်မတော်နှင့် အေအေတို့တိုက်ပွဲဖြစ်၊ ဒေသခံများ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်

ဘူးသီးတောင်မြို့နယ်တွင် တပ်မတော်နှင့် အေအေတို့တိုက်ပွဲဖြစ်၊ ဒေသခံများ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်
ဓာတ်ပုံ - အောင်အောင်ထူး

အောက်တိုဘာ ၈ 

ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နှင့် မလှမ်းမကမ်းတွင် မြန်မာ့တပ်မတော်နှင့် ရခိုင့်တပ် အေအေတို့ တိုက်ပွဲများ သုံးရက်ဆက်တိုက်ကြာဖြစ်ပွားနေရာ အနီးအနားရှိကျေးရွာနေသူများ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်မှုများရှိနေကြောင်း ဒေသတွင်းမှလာသော သတင်းများအရသိရသည်။

ဘူးသီးတောင်မြို့၏ အရှေ့ဘက်တွင်ရှိသော အိမ်ခြေ ၃၀ ဝန်းကျင်စီရှိ ဝမ်းတွင်း၊ ခမီချောင်းကျေးရွာများမှ ရွာသားများသည် ပြင်ရှည်ရွာနှင့် ဘူးသီးတောင်မြို့ပေါ်သို့ ထွက်ပြေးလာခဲ့ကြရသည်ဟု ဆိုသည်။

 အဆိုပါ ကျေးရွာများအနီး တောင်ကြောတွင် အောက်တိုဘာလ ၅ ရက်နေ့ကတည်းက တိုက်ပွဲများ စတင်ဖြစ်ပွားလာခြင်းဖြစ်ပြီးနောက်  ရွာအနီးသို့ လက်နက်ကြီးကျရောက်ပေါက်ကွဲမှုက ဒေသခံများကို တိမ်းရှောင်ဖို့ ပိုမိုတွန်းပို့ခဲ့သည်။
 
“အခုလည်းဖြစ်နေတယ်။ လက်နက်ကြီးတွေကျတယ်။ ဆက်မနေရဲတော့ဘူး။ ရွာသားတွေ အကုန်လုံးထွက်ပြေးလာကြရပြီ။ အခု ပြင်ရှည်ကို ရောက်နေကြပါတယ်။ စားရေးသောက်ရေးက အခက်ခဲရှိနေတယ်။ တိုက်ပွဲဖြစ်နေတာ သုံးရက်ရှိနေပြီ။ ပြတ်တောက်ပြတ်တောက်ဖြစ်တာ။ ဆက်တိုက်တော့ မဟုတ်ဘူး။”ဟု ဝမ်းတွင်းရွာသား ဦးသာဇံလှက မဇ္ဈိမကို တယ်လီဖုန်းမှတဆင့်ပြောသည်။

 လတ်တလောတွင် ဝမ်းတွင်းရွာသားအားလုံးမှာ တစ်မိုင်ခန့်ဝေးသည့် ပြင်ရှည်ကျေးရွာသို့ တိမ်းရှောင်လာကြပြီး ခမီချောင်းကျေးရွာသားများမှာမူ ဘူးသီးတောင်မြို့ပေါ်မှ ဘုန်းတော်ကြီးကျောင်းတချို့တွင် ခိုလှုံနေကြသည်။

လယ်ယာလုပ်ငန်းများကို အဓိကလုပ်ကိုင်ကြသည့် ယင်းကျေးရွာများတွင် နွေရာသီဆိုလျှင် ဆိုင်ကယ်ဖြင့်သွားလာလို့ရသော်လည်း မိုးရာသီဆိုလျှင် ဆိုင်ကယ်လမ်းပင်ဆိုးလှသည်။

 ပြင်ရှည်ကျေးရွာသို့ ထွက်ပြေးလာသည့် မမျိုးချစ်သန့်က “ ပစ်သံကြားလို့ ပြေးလာတာပေါ့။ အဖေပဲ အိမ်မှာကျန်ခဲ့တယ်။ လမ်းမှာတော့ ဘာမှမဖြစ်ဘူး။ အပေါ်က လေယာဉ်ဝဲနေတာတော့ ကြောက်တယ်။ လမ်းကလည်း မပေါက်တော့ ရေတွေအင်းချောက်တွေကူးပြီးသွားရတယ်။ အမေကလည်း အိုနေပြီ။ ဒါကြောင့် ကျမအစ်ကိုသားတစ်ယောက်က အမေကို တွဲယူခဲ့ရတယ်။ ကျမတို့မှာ မိသားစု ခြောက် ယောက်ပါတယ်။" ဟု ပြောသည်။

"  ရွာသားတွေတော့ နောက်ကလိုက်လာကြတယ်။ ဘာပစ္စည်းမှမရခဲ့ဘူး။ စောင်တစ်ထည်နှစ်ထည်၊ အဝတ်တစ်လုံး၊ နှစ်လုံးယူပြီးလာခဲ့တာ။ ထမင်းချက်တာကိုလည်း စားချိန်မရခဲ့ဘူး။ ဒီအတိုင်းထားခဲ့ရတယ်။ ကျမအမေကလည်း အိုနေပြီ။ သွားမရောက် ( ခရီးမတွင်) တော့  လမ်းမှာ ၁ နာရီလောက်ကြာခဲ့တယ်။”ဟု သူက ဆက်ပြောသည်။

ရွာတွင် အစောင့်အဖြစ် အမျိုးသားအနည်းငယ်သာကျန်နေခဲ့ပြီး တိုက်ပွဲများငြိမ်နေလျှင် မိမိကျေးရွာသို့ ခေတ္တသွားရောက်ကာ စောင့်ကြည့်ကြပြီး အခြေအနေမဟန်လျှင် ပြန်ပြေးလာကြရပြန်သည်။ အချို့ကတော့ လက်ရှိတွင် ကျွဲနှင့် နွားများကိုလည်း ပြင်ရှည်ကျေးရွာသို့ ပြောင်းရွှေ့ထားကြသည်။

ကူညီကယ်ဆယ်မှုများလုပ်ဆောင်နိုင်ရန် အမြန်ဆုံး စီစဉ်နေကြောင်း ဘူးသီးတောင်မြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးမောင်ကျော်ဇံက ပြောသည်။

“လတ်တလောသွားလို့ အဆင်မပြေဘူး။ မနက်ဖန်အတွက်ပဲ စဉ်းစားရမယ်။ ၁ နာရီဆိုရင် လမ်းပိတ်ပြီ။ ဒီနေ့မှ ကြိုတင်ပြင်ဆင်ရမယ်။ သွားရေးလာရေးကလည်း ခက်ခဲတာကိုး။ ကားလမ်းလည်း မပေါက်ဘူး။ ဆိုင်ကယ်နဲ့သွားရမှာ။ အခုချက်ချင်းလည်း သွားလို့လည်း မရဘူး။ ကန့်သတ်ချက်တွေလည်း များတယ်။ အချိန်လွန်သွားရင် စကားပြောနေရဦးမယ်။”

ခမီချောင်းကျေးရွာ၏ အနောက်တောင်ဖက် မီတာ ၇၀၀ ခန့်ဝေးသည့်နေရာသို့ မြန်မာ့တပ်မတော်က ဝင်ရောက်လာသောကြောင့် နှစ်ဖက်အပြန်အလှန်တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း အေအေက အောက်တိုဘာလ ၆ ရက်နေ့က သတင်းထုတ်ပြန်ထားသည်။ သို့သော် တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ဘက်က ထုတ်ပြန်ခြင်းမရှိသေးပါ။

မြန်မာ့တပ်မတော်နှင့် အေအေတို့၏ ၂၀၁၈ နှစ်ကုန်ပိုင်းမှ စတင်ခဲ့သော တိုက်ပွဲများကြောင့် ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် ဒုက္ခသည် ၂၃၀,၀၀၀ ခန့်ရှိလာကြောင်း ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး - REC က အောက်တိုဘာလ ၁ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly