ပါရီတိုက်ခိုက်မှုနှင့် ဆက်စပ်သူများ ဘယ်လ်ဂျီယမ်တွင် ဖမ်းမိ

ပါရီတိုက်ခိုက်မှုနှင့် ဆက်စပ်သူများ ဘယ်လ်ဂျီယမ်တွင် ဖမ်းမိ

ပြင်သစ်နိုင်ငံ ပါရီမြို့တိုက်ခိုက်မှုများနှင့် ချိတ်ဆက်ပတ်သက်သူတစ်ချို့ကို နိုဝင်ဘာ ၁၄ ရက်က ဘယ်လ်ဂျီယမ်နိုင်ငံ ဘရပ်ဆဲလ်မြို့တွင် ဖမ်းမိသည်။ ဖမ်းမိသူများတွင် တစ်ဦးမှာ ပါရီတိုက်ခိုက်မှုတွင် ကိုယ်တိုင်ပါဝင်သူတစ်ဦးဖြစ်နိုင်ကြောင်း ဝန်ကြီးချုပ် ချားလ်မိုက်ကယ်က ပြောသည်။

လူ ၁၂၉ ဦးသေဆုံးသည့် ပါရီတိုက်ခိုက်မှုများကို ပြင်သစ်ရဲများ ထောက်လှမ်းစုံစမ်းရေးအရ သံသယရှိသည့် ကားများကို ဘယ်လ်ဂျီယမ်တွင် တွေ့ရှိရာမှ ယခုကဲ့သို့ ဖမ်းဆီးမိကြောင်း မိုကယ်က ပြောသည်။

ပါရီတိုက်ခိုက်မှုများနှင့် ကွင်းဆက်များသည့် ဘယ်လ်ဂျီယမ်တွင် ရှိနေနိုင်၍ ဘယ်လ်ဂျီယမ်အနေဖြင့်လည်း စစ်သွေးကြွတိုက်ခိုက်မှုများ၏ နယ်မြေဖြစ်လာလျက်ရှိနေသည်။

"ဒီသံသယရှိတဲ့ မော်တော်ယာဉ်တွေကို ပိုင်ဆိုင်ပတ်သက်သူများကို ခြေရာခံလိုက်ပြီးနောက်မှာ ခုလို လူတစ်ချို့ကို ဖမ်းဆီးထားနိုင်တာဖြစ်ပါတယ်။"ဟု မိုက်ကယ်က RTL ရုပ်မြင်သံကြားသို့ ပြောခဲ့သည်။

သီးခြားအနေဖြင့် RTBF ရုပ်သံသို့ မိုက်ကယ်က ပြောကြားရာတွင်လည်း "ဖမ်းထားသူတွေထဲက တစ်ယောက်ကတော့ နိုဝင်ဘာ ၁၃ ရက်ည ပါရီတိုက်ခိုက်မှုများမှာ ကိုယ်တိုင်ကိုယ်ကျပါဝင်ခဲ့သူ လုံးဝဖြစ်နိုင်ခြေရှိတယ်။"ဟု ဆိုသည်။

ဘယ်လ်ဂျီယမ်အစိုးရအနေဖြင့်လည်း လုံခြုံရေးပိုဂရုစိုက်သွားရမည်ဖြစ်ကြောင်းလည်း မိုက်ကယ်က ထပ်လောင်းပြောကြားခဲ့သည်။

Ref: CNA

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly