တိုကျိုဆွေးနွေးပွဲမှာ တရုတ်ရဲ့ အကျင့်ပျက်မှု၊ အကျပ်ကိုင်မှုအပေါ် ပွန်ပဲယိုး အပြင်းအထန် ဝေဖန် 

တိုကျိုဆွေးနွေးပွဲမှာ တရုတ်ရဲ့ အကျင့်ပျက်မှု၊ အကျပ်ကိုင်မှုအပေါ် ပွန်ပဲယိုး အပြင်းအထန် ဝေဖန် 

အောက်တိုဘာ ၇

ဒေသတွင်းမှာ တရုတ်ရဲ့ အမြတ်ထုတ်မှု၊ အကျင့်ပျက်မှုနဲ့ အကျပ်ကိုင်မှုတို့အပေါ် ဆန့်ကျင်ပြီး အဓိက အာရှမဟာမိတ်နိုင်ငံတွေအနေနဲ့ ညီညီညွတ်ညွတ်နဲ့ ရှိကြဖို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက် ပွန်ပဲယိုးက အောက်တိုဘာ ၆ ရက် တိုကျိုမှာ ကျင်းပပြုလုပ်တဲ့ အစည်းအဝေးမှာ တောင်းဆိုပြောကြားလိုက်ပါတယ်။ 

ပွန်ပဲယိုးဟာ ဂျပန်၊ အိန္ဒိယနဲ့ သြစတြေးလျတို့ရဲ့ နိုင်ငံခြားရေးဝန်ကြီးတွေနဲ့ တွေ့ဆုံတဲ့ လေးနိုင်ငံအုပ်စု လို့ခေါ်တဲ့ အဖွဲ့ရဲ့အစည်းအဝေးမှာ ဆွေးနွေးပြောဆိုရင်းနဲ့ ပိုမိုတိုးသထက်တိုးပြီး မိမိကိုယ်ကို ယုံကြည်လွန်းကြောင်း ပြနေတဲ့ ပေကျင်းအပေါ် ဆန့်ကျင်တဲ့ ညီညွတ်တဲ့ အဖွဲ့တစ်ခုအဖြစ် အသွင်ဆောင်ဖို့ ကြိုးပမ်းခဲ့တာဖြစ်ပါတယ်။ 

ဒါပေမယ့် ၎င်းကသာလျင်ပဲ တရုတ်အပေါ် အတင်းမာဆုံး သဘောထား ထုတ်ဖော်ခဲ့တဲ့ အမေရိကန် ထိပ်တန်းသံတမန် ဖြစ်နေခဲ့ပြီး COVID-19 ကပ်ရောဂါဟာ ဝူဟန်ကနေ လာခဲ့တယ်ဆိုတာကို ရည်ညွန်းနေခဲ့ပါတယ်။ တရုတ်ကွန်မြူနစ်ပါတီ (CCP) ရဲ့ ဖုံးကွယ်မှုကြောင့်လည်း ကပ်ရောဂါအခြေအနေဟာ သေချာပေါက် ပိုဆိုးစေခဲ့တယ်လို့လည်း ၎င်းက ပြောပါတယ်။ 

ဟိမဝန္တာဒေသ၊ တိုင်ပေ ရေလက်ကြား နဲ့ အခြားနေရာတွေမှာ တရုတ်ရဲ့ လုပ်ဆောင်ချက်တွေကို ကိုးကားရင်းနဲ့ CCP ရဲ့ အမြတ်ထုတ်မှု၊ အကျင့်ပျက်မှုနဲ့ အကျပ်ကိုင်မှုတို့ကနေ မိမိတို့ ပြည်သူတွေနဲ့ မိမိတို့ ပါတနာတွေကို အကာအကွယ်ပေးဖို့ မိမိတို့အကြား ပူးပေါင်းဆောင်ရွက်ကြဖို့က အရင်ကထက် ခုချိန်မှာ ပိုအရေးကြီးနေပြီဖြစ်ကြောင်း ပွန်ပဲယိုးက သတိပေးခဲ့ပါတယ်။ 

ဒီလို ပြောဆိုချက်ကိုတော့  အဲဒီအုပ်စုတွင်းက ဝါရှင်တန်ရဲ့ ပါတနာတွေဘက်က အပြည့်အဝ သံယောင်လိုက်တာမျိုး မရှိခဲ့ဘဲ သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီး မာရိုက်စ် ပေး ကသာပဲ ဒေသကို ပါဝါ နဲ့ မဟုတ်ဘဲ စည်းမျဉ်းတွေနဲ့ အုပ်ချုပ်စေချင်တဲ့ သဘောဆန္ဒကို ထုတ်ပြောသွားခဲ့ပါတယ်။ 

၀ါရှင်တန်၊ ဆစ်ဒနီနဲ့ နယူးဒေလီ တို့ အားလုံးဟာ ပေကျင်းနဲ့အကြား ရှားစောင်းစေးနဲ့ မျက်ချေး ဆိုသလို ဖြစ်နေချိန်မှာ ဒီ ဆွေးနွေးပွဲဖြစ်မြောက်လာတာ ဖြစ်ပါတယ်။ 

ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါဟာ ဒီ မဟာမိတ်အဖွဲ့ရဲ့ အရေးကြီးမှုနဲ့ပတ်သက်လို့ ပြယုဂ် ဖြစ်တာကို ထည့်သွင်းစဉ်းစားရမယ်ဆိုရင် ဒီအစည်းအဝေးဟာ ဘယ်လိုနည်းနဲ့ပဲဖြစ်ဖြစ် ပြုလုပ်ရတာဖြစ်တယ်လို့ အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီး ဆူဘရာမန်ယမ် ဂျိုင်ရှန်ကာက မှတ်ချက်ပြုပါတယ်။ 

ဒါပေမယ့် ဝန်ကြီးချုပ်သစ် ယိုရှီဟီဒဲ ဆူဂါ ဦးဆောင်တဲ့ ဂျပန်အစိုးရကတော့ တရုတ်နဲ့ ဆက်ဆံရေး တဖြည်းဖြည်းချင်း ဆက်လက်တိုးတက်လိုတဲ့ ဆန္ဒရှိတာနဲ့အတူ ယင်းရဲ့ မဟာမိတ်တွေကို ထောက်ခံဖို့ လိုအပ်မှုကို ဟန်ချက်မျှဖို့ ကြိုးပမ်းနေခဲ့ပါတယ်။ 

ဂျပန်နိုင်ငံခြားရေးဝန်ကြီး တိုရှီမစ်ဆု မိုတဲဂီက သူ့မိန့်ခွန်းထဲမှာ တရုတ်ကို ဖော်ပြပြောဆိုသွားခဲ့ခြင်း မရှိသလို ဒီဆွေးနွေးမှုဟာ ဘယ်နိုင်ငံကိုမှ  တိုက်ရိုက်ရည်ရွယ်တာမျိုး မရှိကြောင်း ဂျပန်အစိုးရက ပြောထားပါတယ်။ 

“မကြာသေးခင်က လက်ရှိ နိုင်ငံတကာ ဖွဲ့စည်းပုံစနစ်ဟာ နယ်ပယ်အမျိုးမျိုးမှာ စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်ထားခဲ့ရပါတယ်၊ ကိုရိုနာဗိုင်းရပ်စ်ကလည်း အလားအလာဦးတည်ရာကို အရှိန်မြင့်ပေးနေပါတယ်” လို့ မိုတဲဂီက အစည်းအဝေး အစပိုင်းမှာ ပြောပါတယ်။ 

“ကျွန်တော်တို့ လေးနိုင်ငံဟာ လွတ်လပ်ပြီး တံခါးဖွင့်ထားတဲ့ စည်းမျဉ်းအခြေခံတဲ့ နိုင်ငံတကာ ဖွဲ့စည်းပုံစနစ်တစ်ခုကို အားကောင်းစေမယ့် ရည်ရွယ်ချက်ချင်း တူညီကြပါတယ်” လို့ ၎င်းက ပြောသွားပါတယ်။ 

၀ါရှင်တန်မှာ ကိုရိုနာဗိုင်းရပ်စ် အကျပ်အတည်း ကျနေပေမယ့် ပွန်ပဲယိုးရဲ့ ခရီးစဉ် ဖြစ်ပေါ်နေခဲ့ပါတယ်။ ၎င်းရဲ့ ခရီးစဉ်အတွင်း ဂျပန်ဝန်ကြီးချုပ် ဆူဂါနဲ့ တွေ့တဲ့ အစည်းအဝေးအပါအဝင် အခြားနိုင်ငံတွေက နိုင်ငံခြားရေးဝန်ကြီးတွေနဲ့အကြား နှစ်နိုင်ငံအကြား ဆွေးနွေးမှုတွေလည်း ပါဝင်ခဲ့ပါတယ်။ အိမ်ဖြူတော်မှာတော့ သမ္မတ ဒေါ်နယ်ထရမ့် နဲ့ အခြား အမှုထမ်းတွေနဲ့ အကြံပေးအချို့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရပါတယ်။ 

တောင်ကိုရီးယားနဲ့ မွန်ဂိုလီးယား ကို သွားဖို့ စီစဉ်ထားတဲ့ ခရီးစဉ်တွေ ဖျက်သိမ်းခဲ့မယ့် ပွန်ပဲယိုးကတော့ တိုကျိုမှာ နိုင်ငံလေးနိုင်ငံ ဆွေးနွေးမှုကို ဆက်လုပ်ဖို့ အရေးကြီးကြောင်း ပြောရင်းနဲ့ သိသာထင်ပေါ်တဲ့ ကြေညာချက်တွေ ရှိလာမယ်လို့ ကတိပြုသွားခဲ့ပါတယ်။ 

ဒါပေမယ့်လည်း အစည်းအဝေးအပြီးမှာ ပူးတွဲ ကြေညာချက် ဒါမှမဟုတ် သတင်းစာရှင်းလင်းပွဲ ပေါ်ပေါက်မလာခဲ့ပါဘူး။ 

ပွန်ပဲယိုးကတော့ လုံခြုံရေးကနေစလို့ လူ့အခွင့်အရေးနဲ့ ကပ်ရောဂါအထိ အမျိုးမျိုးသော အရေးကိစ္စတွေနဲ့ပတ်သက်လို့ တရုတ်အပေါ် အာပေါင်အာရင်းသန်သန် ဝေဖန်ထားခဲ့သူတစ်ဦးဖြစ်ပါတယ်။ ထရမ့်အစိုးရဟာလည်း လာမယ့်လ အမေရိကန်ရွေးကောက်ပွဲ မတိုင်မီ ပေကျင်းအပေါ် တည့်တည့်ပဲ ပြစ်တင်ဖို့ ကြိုးပမ်းထားခဲ့ပါတယ်။ 

ပွန်ပဲယိုးဟာ ဂျပန်မှာ ပြီးခဲ့တဲ့လက ဆူဂါ ဝန်ကြီးချုပ်သစ် ဖြစ်လာခဲ့ပြီးနောက် ယင်းနိုင်ငံကို လာရောက်လည်ပတ်တဲ့ ပထမဆုံးသော အဆင့်မြင့်အမေရိကန်အရာရှိကြီးလည်း ဖြစ်ပါတယ်။ တိုကျိုနဲ့ ဝါရှင်တန်တို့ဟာ တူညီတဲ့ စာမျက်နှာပေါ်မှာ ရှိနေတယ်လို့ သူ ယုံကြည်တယ်လို့လည်း ပွန်ပဲယိုးက ပြောပါတယ်။ 

အောက်တိုဘာ ၆ ရက်အစောပိုင်းကလည်း ဂျပန်ဝန်ကြီးချုပ် ဆူဂါက လက်ရှိအချိန်မှာ မိမိတို့နိုင်ငံရဲ့ မျှော်မှန်းချက်နဲ့ မျှဝေတူညီကြတဲ့ နိုင်ငံတွေနဲ့ အကြား နောက်ထပ် နက်ရှိုင်းတဲ့ ညှိနှိုင်းချိတ်ဆက်ပူးပေါင်းမှုတွေ လုပ်ကြရမယ့်အချိန် ဘာကြောင့် ကျရောက်နေပြီလဲဆိုတာကို ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုက အတိအကျ ပြသထားခဲ့တယ်လို့ ပြောခဲ့ပါတယ်။ 

ဒါပေမယ့် ၎င်းကတော့ တရုတ်ကို အထူးတလည် ဖော်ပြတာမျိုး မဖြစ်အောင် ရှောင်သွားခဲ့ပါတယ်။ 

ပေကျင်းကတော့ အထက်ပါအုပ်စုအပေါ် မထီမဲ့မြင်ပြုတာကို ရှင်းရှင်းလင်းလင်း ထုတ်ဖော်ထားပြီး ပြီးခဲ့တဲ့အပတ်ကလည်း နိုင်ငံတွေအနေနဲ့ အများနဲ့ မရောဘဲ အထူးသီးသန့် ဂိုဏ်းဖွဲ့တာမျိုး ရှောင်ကြဖို့ တိုက်တွန်းခဲ့ပါတယ်။ 

“သက်ဆိုင်ရာ နိုင်ငံတွေအနေနဲ့ ဒေသတွင်း နိုင်ငံတွေရဲ့ ဘုံအကျိုးစီးပွားတွေကနေ ပေါက်ဖွားနိုင်တယ်လို့ ကျွန်တော်တို့ မျှော်လင့်ပါတယ်၊ ပြီးတော့ ဆန့်ကျင်ဘက်လမ်းကို မလိုက်ဘဲ ဒေသ တည်ငြိမ်အေးချမ်းဖွံ့ဖြိုးတိုးတက်မှုကို ထောက်ကူနိုင်မယ့် အရာတွေကို ပိုလုပ်နိုင်မယ်လို့ မျှော်လင့်ပါတယ်” လို့ တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဝမ် ဝမ်ဘင်း က ပြောပါတယ်။ 

ဒီ လေးနိုင်ငံပါ အုပ်စုအဖွဲ့ကတော့ ဂျပန်ဝန်ကြီးချုပ်ဟောင်း ရှင်ဇိုအာဘေး အထူးတလည် အားပေးခဲ့တဲ့ အဖွဲ့အုပ်စုဖြစ်ပြီး တရုတ်ရဲ့ စစ်ရေးနဲ့ အခြားခြိမ်းခြောက်မှုတွေနဲ့ ရင်ဆိုင်အတွေ့မှာ ဒေသရဲ့ အဓိက ဒီမိုကရေစီ နိုင်ငံတွေအကြား ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ဖို့အတွက် နည်းလမ်းတစ်ရပ်အနေနဲ့ အားပေးခဲ့တာဖြစ်ပါတယ်။ 

ဒီအုပ်စုရဲ့ ပထမဆုံး အစည်းအဝေးကိုတော့ ယမန်နှစ်က နယူးယော့ခ်မှာ ကျင်းပခဲ့ပြီး တစ်နှစ်တစ်ကြိမ် အခမ်းအနားမှာ စုဝေးတွေ့ဆုံမှု လုပ်ဖို့ လုပ်ဆောင်ချက်တွေ ရှိနေပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly