နာဂေါ်နိုကာရာဘက်ခ်ပဋိပက္ခမှ အစ္စလာမ္မစ်တိုက်ခိုက်ရေးသမားများက ရုရှားကိုခြိမ်းခြောက်နေဟု ဆို

နာဂေါ်နိုကာရာဘက်ခ်ပဋိပက္ခမှ အစ္စလာမ္မစ်တိုက်ခိုက်ရေးသမားများက ရုရှားကိုခြိမ်းခြောက်နေဟု ဆို

အောက်တိုဘာ ၇

နာဂေါနိုကာရာဘက်ခ်ဒေသနှင့်ပတ်သက်ပြီး အဇာဘိုင်ဂျန်နှင့် အာမေးနီးယားအကြား ပဋိပက္ခပိုကြီးမားလာခြင်းသည် မော်စကိုအား ခြိမ်းခြောက်နေသော အစ္စလာမ္မစ်အစွန်းရောက် ထောင်ပေါင်းများစွာကို ပါဝင်ပတ်သက်လာစေသည်ဟု ရုရှားပြည်ပထောက်လှမ်းရေးအကြီးအကဲတစ်ဦးက အင်္ဂါနေ့ (အောက်တိုဘာ ၆) တွင် သတိပေးလိုက်သည်။ 

ပြည်ပထောက်လှမ်းရေးဌာန (SVR) အကြီးအကဲ ဆာဂေးနာရစ်ရှ်ကင်က စက်တင်ဘာ ၂၇ ရက်က စတင်ဖြစ်ပွားခဲ့သော ပဋိပက္ခသည် အရှေ့အလယ်ပိုင်းမှ ကြေးစားနှင့်အကြမ်းဖက်သမားများစွာကို ခေါ်ဆောင်စေခဲ့သည်ဟု ပြောခဲ့သည်။ 

ဆီးရီးယားရှိ ယခင် အယ်လ်နျူဆာရာတပ်ဦး (Al-Nusra) ခေါ် ဟာရက်တာ့ဟ်ရီးအယ်ရှမ် (Hayat Tahrir al-Sham) နှင့် စူလ်တန်မူရက်အင်အားစုက ဖာကက်အယ်ဟမ်ဇာ (Firqut al-Hamza) စစ်သွေးကြွအဖွဲ့များ၏ အဖွဲ့ဝင်များအကြောင်းကို နာရစ်ရှ်ကင်က ပြောခဲ့သည်။ 

“ကာရာဘက်ခ်စစ်ပွဲအသစ်မှာ ငွေရဖို့ မျှော်လင့်နေကြတဲ့ အစွန်းရောက်ထောင်ပေါင်းများစွာရဲ့အကြောင်းကို ကျွန်တော်တို့ပြောနေတာပါ။ တောင်ပိုင်းကော်ကေးဆပ်ဒေသက နိုင်ငံတကာ အကြမ်းဖက်အဖွဲ့အစည်းတွေအတွက် ပစ်ခတ်ရာနေရာသစ်ဖြစ်လာမှာကို မစိုးရိမ်ဘဲ မနေနိုင်ပါဘူး။  စစ်သွေးကြွတွေဟာ အဲဒီနေရာကနေ ရုရှားအပါအဝင် အနီးအနားက အဇာဘိုင်ဂျန်နဲ့ အာမေးနီးယားနိုင်ငံတွေထဲ ဝင်ရောက်လာနိုင်ပါတယ်” ဟု နာရစ်ရှ်ကင်က SVR ဝက်ဘ်ဆိုက်တွင်ဖော်ပြထားသော ထုတ်ပြန်ချက်၌ ပြောထားသည်။ 

နိုင်ငံတကာဥပဒေအရ အဇာဘိုင်ဂျန်က ပိုင်ဆိုင်သော်လည်း အာမေးနီးယားလူမျိုးစုများ အုပ်ချုပ်သော နာဂေါ်နိုကာရာဘက်ခ်ဒေသ၏ တိုက်ပွဲသည် အဇာဘိုင်ဂျန်နှင့် တစ်စိတ်တည်းဖြစ်ကြောင်းပြောခဲ့သည့် တူရကီနှင့် အာမေးနီးယားနှင့် ကာကွယ်ရေးသဘောတူညီချက်ချုပ်ဆိုထားသည့် ရုရှားတို့ကို  ပါဝင်လာစေလျက် ပိုမိုပြင်းထန်လာမည်ကို စိုးရိမ်ရသည်။ 

တူရကီက အဇာဘိုင်ဂျန်ဘက်မှ ပထမဆုံးအကြိမ် ပွင့်ပွင့်လင်းလင်း ထောက်ခံလိုက်သည့် အချက်နှင့် တိုက်ပွဲအရှိန်ကြီးမားမှုတို့ကြောင့် နောက်ဆုံးပေါ်ထွက်လာသည့် တိုက်ပွဲသည် ယခင် ပဋိပက္ခများနှင့် မတူကြောင်းနှင့် ကာရာဘက်ခ်ဒေသတိုက်ပွဲအသစ်သည် မော်စကိုအတွက် လက်ခံနိုင်ဖွယ်မရှိကြောင်း နာရစ်ရှ်ကင်က ပြောခဲ့သည်။

တူရကီသမ္မတ  ရီဆက်တာရစ်အာဒိုဂန်သည် ပဋိပက္ခကို လှုံ့ဆော်ပေးနေကြောင်း ဆီးရီးယားသမ္မတ ဘာရှာအယ်လ်အာဆတ်က အင်္ဂါနေ့က စွပ်စွဲပြောဆိုလိုက်သည်။ တူရကီက ကြေးစားစစ်သားများကို တိုက်ပွဲသို့ စေလွှတ်ခဲ့ခြင်းမရှိကြောင်း ငြင်းဆိုခဲ့သည်။

စစ်ပွဲတွင် ပါဝင်ပတ်သက်သူများသည်  နိုင်ငံတကာဖိအားကြောင့် အနှေးနှင့်အမြန်ဆိုသလို အပစ်အခတ်ရပ်စဲရေး သဘောတူညီကာ ဆွေးနွေးညှိနှိုင်းလိမ့်မည်ဟု နာရစ်ရှ်ကင်က ခန့်မှန်းပြောကြားခဲ့ပြီး တူရကီကမူ ထိုသို့သောအလားအလာကို ပြင်းပြန်းထန်ထန် ကန့်ကွက်ခဲ့သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required