အဇာဘိုင်ဂျန်သို့ လက်နက်ရောင်းလို့ သံတမန်ရေးမီးပူနေသော အစ္စရေး

အဇာဘိုင်ဂျန်သို့ လက်နက်ရောင်းလို့ သံတမန်ရေးမီးပူနေသော အစ္စရေး

အောက်တိုဘာ ၆ ၊ ၂၀၂၀
   
အဇာဘိုင်ဂျန်သို့ အဓိကလက်နက်တင်ပို့သူဖြစ်သည့် အစ္စရေးသည် နယ်မြေအငြင်းပွားနေသော နာဂိုနို-ကရာဘတ်ခ် ရှိ ကော့ကေးဆက်အိမ်နီးချင်းများကြား အရှုပ်အထွေးများနှင့်ဆက်လျဉ်း၍ အာမေးနီးယားနိုင်ငံ၏ သံတမန်ရေးမီးစအောက်တွင် ရောက်ရှိနေပြီဖြစ်သည်။

အစ္စရေးက မျက်မုန်းကျိုးသော အီရန်၏ ပဝေသဏီကတည်းကရင်းနှီးသော အာမေးနီးယားအနေဖြင့် သံရုံးကို စက်တင်ဘာ ၁၇ ရက်နေ့တွင် အစ္စရေးမြို့တော် တဲလ်ဗစ်တွင် သံရုံးဖွင့်လိုက်သော်လည်း အဇာဘိုင်ဂျန်သို့ လက်နက်ရောင်းချမှုကို အကြောင်းပြ၍ နှစ်ပတ်အကြာတွင်ပင် ၎င်းတို့၏ သံအမတ်ကို ပြန်ဆင့်ခေါ်လိုက်သည်။
 
 အစ္စရေးသမ္မတက အာမေးနီးယား သမ္မတနှင့် တနင်္လာနေ့တွင် စကားပြောဆိုကာ အခြေအနေပြန်ကောင်းရန်ကြိုးစားနေသော်လည်း ဂျူးနိုင်ငံတော်မှ ဘာကူးသို့ လက်နက်တင်ပို့မှုကို စွန့်လွှတ်ဖို့တော့ ခဲယဉ်းပေလိမ့်မည်။ သံတမာန်ရေး ကျိုးပြတ်မှုကြီးဖြစ်လာပုံက လေယာဉ်ခရီးစဉ်ခြေရာခံသော ဝက်ဘ်ဆိုက်ဖြစ်သည့်  Flighttrader 24 မှ ရရှိထားသော အချက်အလက်များပေါ်မူတည်၍ အစ္စရေးနိုင်ငံတောင်ဘက်ပိုင်းမှ အဇာဘိုင်ဂျန်သို့ ကုန်တင်လေယာဉ်ပြေးဆွဲသည့် သတင်းများထွက်ပေါ်လာတာကနေ အစပြုခဲ့ခြင်းဖြစ်သည်။
 
အဆိုပါဝက်ဆိုက်က ညွှန်းပြနေသည်မှာ အဇာဘိုင်ဂျန်၏ ကုန်တင်ယာဉ် Silk Wayသည် Ovda စစ်စခန်းအနီးတွင်ရှိသော ရာမွန်လေဆိပ်မှ အငြင်းပွားမှုများ မဖြစ်ပွားခင်အချိန်လေးတင်ပင် ပျံသန်းသွားသည်ဟု ဆိုသည်။

ယခု ဥပမာအပြင် အဇာဘိုင်ဂျန်သည် အစ္စရေးမှ လက်နက်ဝယ်ယူမှုသည် ကာလရှည်ကြာစွာ ရှိနေပြီဖြစ်ပြီး  ၂၀၁၂ ခုနှစ်ကမူ  အီရန်သည် သံအမတ်ဟောင်းအား ၎င်းအရေးကိစ္စနှင့်စပ်လျဉ်းပြီး စိုးရိမ်စရာများကို ထုတ်ဖော် ပြောကြားရန် တောင်းဆိုခဲ့တာလည်းရှိသေးသည်။
 
အစ္စရေးနိုင်ငံ ကာကွယ်ရေး ဝန်ကြီးဌာနသည် နိုင်ငံအလိုက်ရောင်းချမှုကို အသေးစိတ်မထုတ်ပြန်သော်လည်း အဇာဘိုင်ဂျန်သမ္မတ Ilham Aliyev က အမေရိကန်ဒေါ်လာ ၄.၈၅ ဘီလီယံခန့် တန်ဖိုးရှိသော ကာကွယ်ရေး ပစ္စည်းများကို အစ္စရေးလ်မှ ဝယ်ယူခဲ့သည်ဟု ၂၀၁၆ခုနှစ်တွင် ပြောကြားခဲ့သည်။ (ယခုငွေကြေးတန်ဖိုး ဘီလီယံ ၄.၁ ယူရိုခန့်ရှိသည်။)
 
အစ္စရေးနိုင်ငံ Elbit စနစ်သည် ရှီအာနိုင်ငံဖြစ်သော အဇာဘိုင်ဂျန်ကို မောင်းသူမဲ့လေယာဉ်များရောင်းချခဲ့ခြင်းသည် တောင်တန်းတပ်စခန်းများတွင် ကာလရှည်ကြာ တပ်စွဲထားသော အာမေးနီးယန်းစစ်သားများ၏ အားသာ ချက်နှင့် ဆယ်စုနှစ်များစွာကြာနေပြီဖြစ်သော အငြင်းပွားမှုများကြားရှိ စစ်ရေးဟန်ချက်ကို ပြောင်းလဲစေခဲ့ကြောင်း အစ္စရေးမီဒီယာက ဆိုသည်။

 အဇာဘိုင်ဂျန်သည် နာဂိုနို-ကရာဘတ်ခ် ပစ်မှတ်ကို တစ်ခဏအတွင်းဖျက်စီးနိုင်သော suicide ဟုခေါ်သော မောင်းသူမဲ့ယာဉ်များအပါအဝင် အခြား အစ္စရေးထုတ်မောင်းသူမဲ့လေယာဉ်များကို အသုံးပြုနေသည်ဟု အစ္စရေး သမ္မတ အကြံပေး Hikmet Hajiyev က အစ္စရေးရှိ ဝါလာ သတင်းဝက်ဆိုက်ကို ပြီးခဲ့သော အပတ်က ပြောကြားခဲ့သည်။
 
ပြဿနာများကို ဖြေရှင်းခြင်း
 
အစ္စရေးသမ္မတ ရုဗင် ရစ်ဗလင် သည် အာမေးနီးယားသမ္မတ အာမန် ဆာကီဆီယန် င့် တနင်္လာနေ့က ဆာကီဆီယန်၏ တောင်းဆိုချက်အရ ဖုန်းခေါ်ဆိုမှု ပြုလုပ်ခဲ့သည်ဟု ရစ်ဗလင် ၏ ရုံးက ဆိုသည်။ ရစ်ဗလင်သည် နာဂိုနို-ကရာဗတ်ခ်  ဖြစ်ပွားခဲ့သော အကြမ်းဖက်မှုများနှင့် နှစ်ဦးနှစ်ဖက်သေကြေပျက်စီးများအတွက် ဝမ်းနည်းကြေကွဲရကြောင်း ၎င်း၏ရုံးထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ထို့အပြင် အဇာဘိုင်ဂျန်နှင့် အစ္စရေးလ်၏ ရည်ရှည် ဆက်ဆံရေးသည် “မည်သည့်ဘက်ကိုမျှ ဆန့်ကျင်ခြင်းမရှိ”ဟုလည်း ထပ်မံ ဖော်ပြထားသည်။
 
အစ္စရေးက အာမေးနီးယားသို့ လူသားချင်းစာနာမှုအကူအညီများပေးပို့ရန် ပြင်ဆင်ထားကြောင်းနှင့် အာမေးနီးယားသံအမတ် မကြာခင် ပြန်လာရန် မျှော်လင့်ကြောင်း ရစ်ဗလင်က ဆိုခဲ့သည်။
 
ယခုအပတ်တွင် ဂျေရုဆလင်မြို့ဟောင်း၏ အာမေးနီးယားရပ်ကွက် ပြတင်းပေါက်များတွင် အာမေးနီးယားအလံများ လွှင့်တင်ထားကြသည်။

စတော့ဟုမ်း နိုင်ငံတကာ ငြိမ်းချမ်းရေး သုတေသန အင်စတီကျူး (Sipri) ၏ သတင်းအချက်အလက်များအရ အစ္စရေးသည် လွန်ခဲ့သော ငါးနှစ်အတွင်း အဇာဘိုင်ဂျန်သို့ အမေရိကန်ဒေါ်လာ သန်း ၇၄၀ တန်ဖိုးရှိ လက်နက် များရောင်းချခဲ့ပြီး ရရှားကိုကျော်လွန်ကာ အဓိက လက်နက်တင်ပို့သော နိုင်ငံဖြစ်လာခဲ့သည်။
 
“အဇာဘိုင်ဂျန်က ကျွန်တော်တို့အတွက် အရေးကြီးတဲ့ နိုင်ငံတစ်နိုင်ငံပါ။ တင်းမာမှုတွေကြားထဲမှာတောင် အကေင်းဆုံးထောက်ပံ့ပေးသွားမှာပါ။ အဇာဘိုင်ဂျန်နဲ့ ချုပ်ဆိုထားတဲ့ စာချုပ်တွေကို လေးစားမှုရှိရှိ လုပ်သွားမှာပါ။ သူတို့ဘာတွေလုပ်နေလဲ ဆိုတာက ကျွန်တော်တို့ တာဝန်မဟုတ်ပါဘူး။ သူတို့ ဓားကိုင်ပြီး စစ်တိုက်လို့ရတယ်, ကျောက်တုံးနဲ့လဲ တိုက်လို့ရတယ်၊ လူတွေက နည်းလမ်းပေါင်းစုံနဲ့ တိုက်နေကြတာပါပဲ”ဟု ဂျေရုဆလင် မဟာဗျူ ဟာနှင့် လုံခြုံရေးဌာန ခေါင်းဆောင် Efraim Inbar က အေအက်ဖ်ပီ ကို ပြောကြားခဲ့သည်။
 
အစ္စရေးနှင့် အဇာဘိုင်ဂျန်ကြားက ဆက်ဆံမှုများသည် ၁၉၉၀ အစောပိုင်းတွင် ဆိုဗီယက်ပြိုကွဲခြင်းမှ အစပြုလာခြင်းဖြစ်သည်။ အစ္စရေးသည် မူဆလင်နိုင်ငံများနှင့် ပေါင်းကူးတံတားတည်ဆောင်ရန် ကြိုးပမ်းကာ အဇာဘိုင်ဂျန်က မော်စကိုနှင့် အစဉ်အဆက်ဆက်ဆံရေးကိုကျော်၍ ဆက်ဆံရေးအသစ်တည်ဆောက်ရန် လုပ်နေခဲ့ကာ နှစ်နိုင်ငံကြား သံတမန်ရေးနှင့် ကုန်သွယ်ရေးဆက်ဆံမှုများ ထူထောင်ခဲ့သည်။

 
တဲလ်ဗစ် မဟာဗျူဟာ လေ့လာရေးဌာနမှ လေ့လာသုံးသပ်သူ ဂလီယာ လင်ဒန်စထရပ် က “အစ္စရေးနှင့် အဇာဘိုင်ဂျန်ကြားမှာ မဟာဗျူဟာမြောက် ဆက်ဆံရေးရှိတယ်။ အစ္စရေးက အဇာဘိုင်ဂျန်ကနေ ဆီပမာဏအများကြီး တင်သွင်းနေသလို့ အစ္စရေးက အဇာဘိုင်ဂျန်ကို လက်နက်တွေ ပြန်တင်ပို့နေတာ။ အဇာဘိုင်ဂျန်က အစ္စရေး ကာကွယ်ရေးလုပ်ငန်းရဲ့ အကြီးဆုံးဖောက်သည်ပဲ” ဟု ဆိုခဲ့သည်။
 
တူရကီ မောင်းသူမဲ့ လေယာဉ်များ
 
အာမေးနီးယားက အဇာဘိုင်ဂျန်၏မိတ်ဖက်ဖြစ်သူ တူရကီကိုလည်း မောင်းသူမဲ့လေယာဉ်များထောက်ပံ့ကြောင်း စွပ်စွဲထားသေးသည်။ သို့သော်လည်း ထိုစွပ်စွဲချက်သည် အစ္စရေးနှင့် တူရကီသည် မိတ်ဘက်များဖြစ်သည်ဟု အဓိပ္ပါယ်မသက်ရောက်ပါ။ ပါလက်စတိုင်း ပရိပက္ခ၊ မြေထဲပင်လယ်ရှိ ဓာတ်ငွေ့အရင်းအမြစ်ပြဿနာအပြင် လစ်ဗျားပရိပက္ခကြောင့် ထိုနှစ်နိုင်ငံကြားဆက်ဆံရေးမှာ ကွဲနေသော အနေအထားမှာရှိသည်။
 
အီဂျစ်၊ ဆော်ဒီအာရေးဗျ၊ အာရပ်စော်ဘွားများပြည်ထောင်စုနှင့် ရရှားတို့သည် အ‌ရှေ့ပိုင်းလစ်ဗျားခေါင်းဆောင် ခါလီဖာ ဟက်ဖ်တာကို မျက်နှာသာပေးနေချိန်တွင်  တူရကီနိုင်ငံမြို့တော်အန်ကာရာသည် လစ်ဗျားနိုင်ငံ ထရီပိုလီရှိ ကုလသမဂ္ဂ အသိအမှတ်ပြု အမျိုးသားညီညွတ်ရေးအစိုးရကို စစ်အင်အားထောက်ပံ့ပေးခဲ့သည်။
 
“တူရကီက လစ်ဗျားနိုင်ငံအပေါ် (၎င်း၏လွှမ်းမိုးမှု)ကို တိုးမြှင့်လာတာတွေ့ရတယ်။ အဲ့ဒါက ၎င်းရဲ့ ကာကွယ်ရေးလုပ်ငန်း စွမ်းဆောင်ရည်ကို ထုတ်ဖော်ပြသရန် စစ်ရေးပေါ်လစီဖြစ်မှာပါ။” ဟု လင်ဒန်စထရပ်က ဆိုသည်။ အန်ကာရာသည် “အဇာဘိုင်ဂျန်အနေနှင့် အစ္စရေးနဲ့ ဆက်ဆံရေးကို ပြန်လည်သုံးသပ်စေရန် နိုင်ငံရေးဩဇာ သုံးနေခြင်း”ဖြစ်နိုင်ကြောင်း သူမက ဆိုသည်။
 
အစ္စရေးသည် ၎င်း၏ စစ်ဘက်ဆိုင်ရာနည်းပညာများအတွက် သုံးစွဲသူများဖြစ်လာနိုင်သည့် လောင်စာဆီထုတ်လုပ်သော ပင်လယ်ကွေ့နိုင်ငံများနှင့် ဆက်ဆံရေး ပြေလည်လာချိန်တွင်  အဇာဘိုင်ဂျန်နှင့် ဆက်ဆံရေး အေးစက် လာမည်လား မေးခွန်းထုတ်စရာပင်ဖြစ်သည်။

အစ္စရေးသည် ယခုရှိနေသော အဆက်အသွယ်များကို စွန့်လွှတ်ပြီး အခြားသော မူဆလင်နိုင်ငံတစ်ခုနှင့် ဆက်ဆံရေးအသစ် မတည်ဆောင်လိုကြောင်း အင်ဘာက ဆိုသည်။ “ကျွန်တော်တို့က အဆက်အသွယ်ပိုရချင်တာပါ။ လဲလှယ်ချင်တာ မဟုတ်ဘူး” ဟု ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly