ညမထွက်ရအမိန့်ထုတ်ထားသော မင်းပြားတွင် လုံခြုံရေးတပ်ဖွဲ့က ပစ်ခတ်၍ လူ ၃ ဦးသေ

ညမထွက်ရအမိန့်ထုတ်ထားသော မင်းပြားတွင် လုံခြုံရေးတပ်ဖွဲ့က ပစ်ခတ်၍ လူ ၃ ဦးသေ
မင်းပြားမြို့ ရာမောင်တံတားအနီးမှ ဆိပ်ကမ်းတစ်ခုအား မြင်တွေ့ရစဉ် (ဓာတ်ပုံ - အောင်အောင်ထူး)

အောက်တိုဘာ ၆ ၊ ၂၀၂၀

ညမထွက်ရအမိန့်ထုတ်ပြန်ထားသော ရခိုင်ပြည်နယ် မင်းပြားမြို့တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက ‘ခြောက်လှန့်ပစ်ခတ်’ ၍ လူသုံးဦးသေဆုံးပြီး ရခိုင့်တပ်အေအေနှင့်ဆက်သွယ်သည်ဟူသော သံသယဖြင့် လူသုံးဦးကို ဖမ်းဆီးထားကြောင်း တပ်မတော်က အင်္ဂါနေ့က ထုတ်ပြန်သည်။

အောက်တိုဘာ ၅ ရက်ည ၁၀ နာရီ ၄၅ မိနစ်ခန့်တွင် ဖြစ်ပွားခဲ့သည်ဆိုသော ပစ်ခတ်မှုတွင် " စမ္ဘလေချောင်းကူး ဦးစိုးတင့်တံတားသို့ရောက်ရှိစဉ် ချောင်းအတိုင်း မြောက်မှတောင်သို့ စက်လှေ နှစ်စီး ဖြတ်သန်းမောင်း နှင်သွား သည်ကိုတွေ့ရှိရသဖြင့် ရပ်တန့်ရန်အော်ဟစ်ပြောဆိုသော်လည်း ရပ်တန့်မှုမရှိဘဲ ဆက်လက်မောင်းနှင်ထွက်ပြေးရာ" လုံခြုံရေးတပ်ဖွဲ့က သေနတ်သုံးချက်မိုးပေါ်သို့ပစ်ဖောက်ကာ ရပ်တန့်ခိုင်းခဲ့သည်ဟုဆိုသည်။

သို့သော် " ဆက်လက်မောင်းနှင်ထွက်ပြေးသွားသဖြင့် တံတားနှင့်မီတာ ၅၀ ခန့်အကွာသို့အရောက် ခြောက်လှန့်ပစ်ခတ်ဖမ်းဆီးခဲ့ရသည်။" ဟု ပါရှိသည်။

မင်းပြားမြို့နယ်အပါအဝင် ရခိုင်ပြည်နယ်မြောက်ပိုင်းမှ မြို့နယ်များတွင် ရခိုင့်တပ်အေအေနှင့် တပ်မတော်တို့၏ တိုက်ပွဲများ စတင် ပြင်းထန်လာချိန်တည်းက ည ၉ နာရီမှ နံနက် ၄ နာရီအတွင်း ညမထွက်ရအမိန့်ကို အစိုးရက ထုတ်ပြန်ထားသည်။

သေဆုံးသွားသူများမှာ အရှေ့မှမောင်းနှင်လာသော စက်လှေပေါ်မှဖြစ်ပြီး ရခိုင်မြောက်ပိုင်း မွတ်ဆလင်များကို အာဏာပိုင်များက ရည်ညွှန်းလေ့ရှိသည့် " ဘင်္ဂါလီအမျိုးသား" များဖြစ်သည်ဟု တပ်မတော်ထုတ်ပြန်ချက်တွင် ပါရှိသည်။ သို့သော် ၎င်းတို့၏နေရပ်စိစစ်ဆဲဟုပါရှိသည်။

အနောက်မှလိုက်ပါလာသော စက်လှေပေါ်မှ လူသုံးဦးကို ဖမ်းဆီးထားရာ မင်းပြားမြို့ ဦးစိုးတင့်ရပ်ကွက်နေ မောင်ကြီး(၃၀) နှစ် ၊ ကျော်မင်းစိုး(၂၃) နှစ်၊ မောင်မောင်ဦး(၄၃) နှစ် တို့ဖြစ်သည်ဟု ဆိုသည်။

စက်လှေနှစ်စီးလုံးပေါ်မှ သိမ်းဆည်းရမိသော ပစ္စည်းများတွင် လက်နက်ဟူ၍ အရိုးအသွား ၁၀ လက်မခန့်ရှိ ဓါးတစ်ချောင်းနှင့် အရိုးအသွား သုံးပေခန့်ရှိ ဓါးရှည် နှစ်ချောင်းနှင့် လေးခွနှစ်လက်သာဖြစ်သည်။

" ဖမ်းဆီးရမိသူများ၏ တယ်လီဖုန်းများအား အကြမ်းဖက်သောင်းကျန်းသူများနှင့် ဆက်သွယ်မှုရှိ/မရှိ စိစစ်ဆောင်ရွက်လျက်ရှိပြီး" ဟုလည်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

သို့သော် ဖမ်းဆီးထားသူများမှာ ဖားသတ်ရန်သွားသူများဖြစ်ပြီး သေဆုံးသွားသူများနှင့် သက်ဆိုင်မှုမရှိဟု ဖမ်းဆီးခံခဲ့ရသူ မောင်ကျော်မင်းစိုး၏ ဇနီးဖြစ်သူ မမချေက မဇ္ဈိမသို့ ပြောသည်။

“ဖားသတ်ဖို့သွားကြတာပါ။ ၆ နာရီလောက်က ထွက်သွားကြတယ်။ ၁၀ နာရီကျော်လောက်မှာ အဖမ်းခံရတာ။ နေ့တိုင်းသွားနေကြတာ။ သုံးယောက်လုံးအတူတူသွားကြတာ။ နေ့တိုင်းကတော့ တခြားတစ်ဖက်ကို သွားနေ ကြတာ။ အဲဒီနေ့ကတော့ ရွာနောက်ဖက်ချောင်းက မင်းပြားချောင်းလေးထဲကို ဝင်သွားကြတာ။ မူဆလင်တွေနဲ့တော့ မဆိုင်ဘူး။ ကိုယ့်ဟာနဲ့ကိုယ်သွားကြတာပါ။”

ရဲဘက်ကလည်း ထုတ်ဖော်ပြောဆိုရန် ငြင်းဆန်သဖြင့် မည်သည့်နေရာတွင် ဖမ်းဆီးချုပ်နှောင်ထားသည်ကိုလည်း မိသားစုအနေဖြင့် မသိရဘဲ ဖြစ်နေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly