အယ်လ်ဟောစခန်းမှာထိန်းသိမ်းထားတဲ့ IS အနွယ် ဆီးရီးယားတွေကို ထွက်ခွာခွင့်ပေးမယ်လို့ အာဏာပိုင်တွေပြော

အယ်လ်ဟောစခန်းမှာထိန်းသိမ်းထားတဲ့ IS အနွယ် ဆီးရီးယားတွေကို ထွက်ခွာခွင့်ပေးမယ်လို့ အာဏာပိုင်တွေပြော
Photo - AFP

အောက်တိုဘာ ၆  

ဆီးရီးယားနိုင်ငံ အယ်လ်ဟော (Al-Hol) စခန်းမှာ ထိန်းချုပ်ထားတဲ့ IS စစ်သွေးကြွတွေရဲ့ မိသားစုတွေအပါအဝင် ဆီးရီးယားထောင်ပေါင်းများစွာကို စခန်းတွေကနေ ထွက်ခွါခွင့်ပေးတော့မယ်လို့ ကာ့ဒ်လူမျိုး တာဝန်ရှိ သူတွေက အောက်တိုဘာ ၅ ရက်မှာ ပြောပါတယ်။  

ကျန်ရှိနေသေးတဲ့ ဆီးရီးယားလူမျိုးတွေကို အယ်လ်ဟောစခန်းကနေ ထွက်သွားကြမှာဖြစ်ပြီး နိုင်ငံခြားသားအနည်းငယ်သာ ကျန်လိမ့်မယ်လို့ ဆီးရီးယားဒီမိုကရက်တစ်ကောင်စီ (SDC) ပူးတွဲဥက္ကဋ္ဌ ရိယက်ဒါရာက ပြောပါ တယ်။

အယ်လ်ဟောမှာ IS စစ်သွေးကြွတွေရဲ့ မိသားစုဝင်တွေရှိပြီး သူတို့ကိုလည်း လုံခြုံရေးအာမခံချက်နဲ့ မကြာခင် လွှတ်ပေးတော့မယ်လို့ ဒါရာက AFP ကို ပြောပါတယ်။

လွှတ်ပေးတဲ့အထဲမှာ နိုင်ငံမြောက်ပိုင်း ကာ့ဒ်အကျဉ်းထောင်တွေမှာ ထိန်းသိမ်းထားတဲ့ ဆီးရီးယားလူမျိုး IS စစ်သွေးကြွတွေတော့ မပါဘူးလို့ SDC က ပြောပါတယ်။  

ကာ့ဒ်အာဏာပိုင်တွေဟာ အာရပ်လူမျိုးစုတွေနဲ့ သဘောတူညီချက်တွေအရ အယ်လ်ဟောစခန်းမှာထိန်းသိမ်းထားတဲ့ ဆီးရီးယားလူမျိုးများစွာကို လွှတ်ပေးခဲ့ပြီး ဖြစ်ပါတယ်။

ဇူလိုင်လက ထုတ်ပြန်ခဲ့တဲ့ ကုလသမဂ္ဂအစီရင်ခံစာအရ ၂၀၁၉ ခုနှစ် ဇွန်လကတည်း ဆီးရီးယားလူမျိုး ၄ ၀၀၀ ကျော်ကို လွှတ်ပေးခဲ့တယ်လို့ သိရပါတယ်။

ကုလသမဂ္ဂလူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းရေးမှူးရုံးရဲ့ ကိန်းဂဏန်းတွေအရ စစ်ဘေးရှောင်တဲ့သူ ဒါမှမဟုတ် ဖမ်းဆီးရမိတဲ့ ဆီးရီးယား ၂၄ ၃၀၀ ဦးခန့်အပါအဝင် လူပေါင်း ၆၀ ၀၀၀ ကျော်ကို အယ်လ်ဟော စခန်းမှာ ထိန်းသိမ်းထားတယ်လို့ ဆိုပါတယ်။

အနောက်နိုင်ငံသားတွေကိုပါ ထိန်းသိမ်းထားတဲ့ အယ်လ်ဟော စခန်းမှာ အီရတ်လူမျိုး ထောင်ပေါင်းများစွာလည်းရှိပြီး အတော်များများက IS တိုက်ခိုက်ရေးသမားတွေရဲ့ မိသားစုဝင်တွေ ဖြစ်ကြပါတယ်။  

အီရတ်တွေဟာ IS နဲ့ဆက်နွယ်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ သူတို့နိုင်ငံမှာ ရုံးတင်စစ်ဆေးခံရမှာ ဒါမှမဟုတ် ထောင်ကျမှာကို ကြောက်လို့ ဆက်နေချင်ကြပေမယ့် တစ်ချိန်ချိန်မှာ သွားခွင့်ပြုမှာဖြစ်တယ်လို့ ဒါရာက ပြောပါတယ်။  

နိုင်ငံမြောက်ပိုင်းနဲ့အရှေ့ပိုင်းက ဆီးရီးယားတွေကို အရင်ဆုံးလွှတ်ပေးမှာဖြစ်ပြီး တူရကီထိန်းချုပ်ထားတဲ့ဒေသကလူတွေအတွက်တော့ အာမခံပေးမယ့်သူရှာပြီး လွှတ်ပေးသွားမှာဖြစ်တယ်လို့ ကာ့ဒ်အုပ်ချုပ်ရေးအဖွဲ့တာဝန်ရှိသူတစ်ဦးဖြစ်တဲ့ အာရင်ရှိတ်မိုစ် က တနင်္လာနေ့မှာပြောပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly