အီဂျစ်မှာ လွန်ခဲ့တဲ့နှစ်ပေါင်း ၂ ၅၀၀ ကျော်က မံမီရုပ်အလောင်းတွေ ရှာဖွေတွေ့ရှိ

အီဂျစ်မှာ လွန်ခဲ့တဲ့နှစ်ပေါင်း ၂ ၅၀၀ ကျော်က မံမီရုပ်အလောင်းတွေ ရှာဖွေတွေ့ရှိ
Photo - AFP

အောက်တိုဘာ ၆  

အီဂျစ်ရှေးဟောင်းသုတေသနပညာရှင်တွေဟာ ပြီးခဲ့တဲ့ သီတင်းပတ်တွေအတွင်းက လွန်ခဲ့တဲ့ နှစ်ပေါင်း ၂ ၅၀၀ ကျော်က မံမီရုပ်အလောင်းထည့်ထားတဲ့ ခေါင်းတလား ၅၉ ခုကို ရှာဖွေတွေ့ရှိခဲ့တယ်လို့ စနေနေ့ (အောက်တိုဘာ ၃) မှာပြောပါတယ်။

အလှဆင်ထားတဲ့ သစ်သားခေါင်းတလားနဲ့ကျောက်တလားတွေထဲမှာ အရောင်တောက်တောက် အရုပ်စာတွေပါတဲ့အဝတ်စတွေနဲ့ ရစ်ပတ်ထားပြီး အထူးစီမံထားတဲ့ မံမီရုပ်အလောင်းတွေ တွေ့ရှိခဲ့တာဖြစ်ပါတယ်။

ကိုင်ရိုမြို့တောင်ဘက် ရှေးဟောင်းအီဂျစ်မြို့တော် မမ်းဖစ်ရှိ ဆက်ခါရာဂူသင်္ချိုင်းကြီးကနေ တူးဖော်ရရှိခဲ့ကြတာပါ။အဲဒီသင်္ချိုင်းဟာ ယူနက်စကိုရဲ့ ကမ္ဘာ့အမွေအနှစ်စာရင်းဝင်နေရာလည်းဖြစ်ပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ် သုံးပတ်နီးပါးက ပထမဆုံး မံမီ ရုပ်အလောင်း ၁၃ ခု တွေ့ရှိပြီးနောက်ပိုင်း ၁၂ မီတာ (ပေ၄၀) အနက်မှာ မမ်မီရုပ်အလောင်းတွေကို ထပ်မံတူးဖော်တွေ့ရှိခဲ့ကြပါတယ်။

ပြီးခဲ့တဲ့နှစ်တွေအတွင်းကလည်း ဆက်ခါရာဂူသင်္ချိုင်းမှာ မြွေ၊ ငှက်၊ ပိုးတောင်မာတွေနဲ့ တခြားတိရစ္ဆာန်တွေရဲ့ မံမီရုပ်အလောင်းတွေကို တွေ့ရှိခဲ့ကြပါသေးတယ်။  

ကြာပန်းပွင့် ရှေးဟောင်းနတ်ဘုရား နက်ဖာတမ် လို့ ဖော်ပြထားတဲ့ ကြေးရုပ်တုအပါအဝင် ရုပ်တုဒါဇင်ပေါင်းများစွာကိုလည်း ရှာဖွေတွေ့ရှိခဲ့ပါတယ်။  

နှစ်ပေါင်း ၄ ၇၀၀ သက်တမ်းရှိပြီဖြစ်တဲ့ ဂျိုဆာပိရမစ် အနီးမှာ မြှုပ်နှံထားတဲ့ ခေါင်းတလားတွေအများကြီး ရှိနေနိုင်သေးတယ်လို့ ခရီးသွားလုပ်ငန်းနှင့်ရှေးဟောင်းယဉ်ကျေးမှုဝန်ကြီး ခါလစ်အယ်လ် အာနန်နီ ကပြောပါတယ်။  

အာနန်နီက “ဒီနေ့ဟာ ရှာဖွေတွေ့ရှိမှုရဲ့ အဆုံးသတ်မဟုတ်သေးပါဘူး။ ကြီးမားတဲ့ရှာဖွေတွေ့ရှိမှုရဲ့ အစပဲရှိပါသေးတယ်။ ဘီစီ ခြောက်ရာစု ဒါမှမဟုတ် ခုနစ်ရာစုလောက်က ရှေးခေတ်အီဂျစ်နှောင်းပိုင်းကာလ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂ ၅၀၀ လောက်က မံမီရုပ်အလောင်းတွေဖြစ်ပါတယ်” လို့ပြောခဲ့ပါတယ်။  

ကျောက်တလားတွေဟာ ရှေးဟောင်းအီဂျစ်လူ့အဖွဲ့အစည်းရဲ့ ၂၆ ယောက်မြောက်မင်းဆက်လက်ထက်က ဘုန်းတော်ကြီးတွေ၊ တိုင်းပြည်အကြီးအကဲနဲ့ အထင်ကရပုဂ္ဂိုလ်တွေရဲ့ဟာ ဖြစ်နိုင်တယ်လို့ ကနဦးလေ့လာမှုတွေက ဖော်ပြနေတယ်လို့ အာနန်နီက ပြောပါတယ်။

မံမီရုပ်အလောင်းတွေအားလုံးကို ဂီဇာကုန်းပြင်မြင့်ရှိ မကြာခင်ဖွင့်တော့မယ် အီဂျစ်ပြတိုက်ကြီးဆီ ယူဆောင်သွားမှာပါ။

ပြီးခဲ့တဲ့နှစ်က လက်ခ်ဇောမြို့မှာတွေ့ရှိခဲ့တဲ့ ၂၂ ယောက်မြောက်မင်းဆက်ခေတ်က ဘုန်းတော်ကြီးခေါင်းတလား ၃၂ ခုထားရှိထားတဲ့ ခန်းမနဲ့မျက်နှာချင်းဆိုင်မှာ အခုတွေ့ရှိတဲ့ မံမီခေါင်းတလားတွေကို ထားရှိသွားမှာဖြစ် ပါတယ်။

Grand Egyptian Museum အီဂျစ်ပြတိုက်ကြီးဖွင့်ဖို့ အကြိမ်များစွာ ရွှေ့ဆိုင်းခဲ့ရပြီး ၂၀၂၁ ခုနှစ်မှာ ဖွင့်ဖို့ လျာထားပါတယ်။ ပြတိုက်မှာ မင်းဆက်တွေမတိုင်မီအချိန်ကစလို့ ဂရိ-ရောမကာလအထိ အီဂျစ်သမိုင်းတစ်လျှောက် ခေတ်ကာလများစွာက ရှေးဟောင်းပစ္စည်း ထောင်ပေါင်းများစွာကို ပြသထားမှာဖြစ်ပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly