ပေါ်တိုနောက်ခံလူ တဲလက်စ်နဲ့ ပီအက်စ်ဂျီတိုက်စစ်မှူးဟောင်း ကာဗာနီတို့ကို မန်ယူအသင်း ခေါ်ယူခဲ့ပြီး ထရာအိုရေးကို သဘောတူညီမှုရရှိ

ပေါ်တိုနောက်ခံလူ တဲလက်စ်နဲ့ ပီအက်စ်ဂျီတိုက်စစ်မှူးဟောင်း ကာဗာနီတို့ကို မန်ယူအသင်း ခေါ်ယူခဲ့ပြီး ထရာအိုရေးကို သဘောတူညီမှုရရှိ
Photo: Man Utd

မန်ချက်စတာယူနိုက်တက်အသင်းဟာ နွေရာသီအပြောင်းအရွှေ့နောက်ဆုံးနေ့မှာ ပေါ်တိုအသင်းမှ ဘရာဇီးလ်ဘယ်နောက်ခံလူ အဲလက်စ် တဲလက်စ်နဲ့ ပီအက်စ်ဂျီတိုက်စစ်မှူးဟောင်း အီဒင်ဆန် ကာဗာနီတို့ကို ခေါ်ယူခဲ့ပါတယ်။

ဒါ့အပြင် ယူနိုက်တက်တို့ဟာ အိုင်ဗရီကို့စ် တောင်ပံကစားသမား အာမက် ထရာအိုရေးကို လာမယ့် ဇန်နဝါရီမှာ ခေါ်ယူဖို့ ကြိုတင်သဘောတူညီမှု ရယူနိုင်ခဲ့တယ်လို့လည်း သိရပါတယ်။

အဲလက်စ် တဲလက်စ်

တဲလက်စ်ဟာ နောက်ထပ်တစ်နှစ်သက်တမ်းတိုးခွင့်နဲ့အတူ ငါးနှစ်စာချုပ်ရှိနေတာဖြစ်ပါတယ်။

နိုင်ငံအသင်းနဲ့အတူ တစ်ပွဲကစားထားတဲ့ အသက် ၂၇ နှစ်အရွယ်ကစားသမားဟာ ပြောင်းရွှေ့ကြေး ယူရို ၁၅ သန်းအပြင် add-ons ကြေး ယူရို ၂ သန်းနဲ့ အိုးထရက်ဖို့ဒ်ဆီ ပြောင်းရွှေ့ခဲ့တာပါ။

တဲလက်စ်ဟာ ၂၀၁၆ ခုနှစ်က ဂါလာတာစရေးအသင်းကနေ ပေါ်တိုအသင်းကို ပြောင်းရွှေ့ခဲ့ပြီးနောက် အသင်းအတွက် ၂၆ ဂိုးသွင်းယူခဲ့ပြီး ဂိုးဖန်တီးမှုအကြိမ် ၅၀ ကျော်ပြုလုပ်ခဲ့ပါတယ်။

သူက ဂုဏ်သိက္ခာရှိတဲ့ ယူနိုက်တက်နဲ့ ပူးပေါင်းရတာဟာ ကြီးမားတဲ့ ဂုဏ်ယူမှုဖြစ်ခဲ့တယ်လို့ ပြောပါတယ်။

"ခင်ဗျားရဲ့ ကစားသမားဘဝ ဒီအခိုက်အတန့်ကို ရောက်ဖို့ ကြိုးစားအားထုတ်ရပါမယ်။ အခု ဒီကလပ်အသင်းကို ကျနော် ရောက်လာပါပြီ။ ကျနော် ကတိပေးနိုင်တာကတော့ ဒီအသင်းမှာ အောင်မြင်မှုရရှိဖို့ ကျနော့်နှလုံသားထဲက အရာအားလုံး ပေးအပ်သွားမယ်ဆိုတာပါပဲ။"လို့ သူက ဆက်ပြောပါတယ်။

"ပေါ်တိုအသင်းမှာ ဆုဖလားများစွာ ရယူနိုင်ခဲ့သလို ယူနိုက်တက်မှာလည်း ဆက်ပြီး ရယူသွားချင်ပါတယ်။ မန်နေဂျာမှာ ဒီအသင်းအတွက် ရှင်းလင်းပြတ်သားတဲ့ အစီအစဉ်နဲ့ လမ်းညွှန်ချက်ရှိတယ်။ နာမည်ကျော်ကြားတဲ့ ရှပ်အကျင်္ီကို ဝတ်ဖို့ ကျနော် မစောင့်နိုင်တော့ပါဘူး။"

အီဒင်ဆန် ကာဗာနီ

ပြီးခဲ့တဲ့ ဇွန်လအကုန်မှာ ပီအက်စ်ဂျီအသင်းနဲ့ လမ်းခွဲခဲ့တဲ့ အသက် ၃၃ နှစ်အရွယ်ရှိ ဥရုဂွေးလက်ရွေးစင်ကစားသမားဟာ မန်ယူအသင်းနဲ့ တစ်နှစ်စာချုပ်ချုပ်ခဲ့ပါတယ်။

ကာဗာနီဟာ ပီအက်စ်ဂျီအသင်းအတွက် ပွဲပေါင်း ၃၀၁ ပွဲမှာ သွင်းဂိုး ၂၀၀ စံချိန်မှတ်တမ်းအပါအဝင် ကလပ်ပွဲပေါင်း ၅၅၆ ပွဲမှာ ၃၄၁ ဂိုးသွင်းယူခဲ့ပါတယ်။ သူဟာ ဥရုဂွေးအသင်းအတွက်လည်း ၁၁၆ ပွဲမှာ ဂိုး ၅၀ သွင်းယူခဲ့ပါတယ်။

သူ့ရဲ့ ယူနိုက်တက်နဲ့ ပထမဆုံးပွဲစဉ်ထဲက တစ်ပွဲဟာ အောက်တိုဘာ ၂၀ ရက်မှာ ချန်ပီယံလိဂ်အုပ်စုပွဲစဉ်မှာ ပီအက်စ်ဂျီနဲ့ ရင်ဆိုင်ရမယ့်ပွဲဖြစ်လာနိုင်ပါတယ်။

ယူနိုက်တက်ဟာ ဒီမတိုင်ခင် နိုင်ငံတကာပွဲစဉ်တွေအပြီး အောက်တိုဘာ ၁၇ ရက်မှာ ပရီးမီးယားလိဂ်မှာ နယူးကာဆယ်နဲ့ တွေ့ဆုံမှာဖြစ်ပါတယ်။

ဆိုးလ်ရှားရဲ့အသင်းဟာ လိဂ်အဖွင့်ပွဲစဉ် ၃ ပွဲမှာ သုံးမှတ်သာ ရရှိပြီး အမှတ်ပေးဇယားရဲ့ အဆင့် ၁၆ မှာ ရပ်တည်နေပါတယ်။

သူတို့ဟာ တနင်္ဂနွေနေ့က အိမ်ကွင်းမှာ တော့တင်ဟမ်ကို ၆-၁ ဂိုးပြတ်နဲ့ အရေးနိမ့်ခဲ့ပါတယ်။

"မန်ချက်စတာယူနိုက်တက်ဟာ ကမ္ဘာ့အကြီးကျယ်ဆုံး ကလပ်အသင်းတွေထဲက အသင်းတစ်သင်းပါ။ ဒါ့ကြောင့် ဒီနေရာမှာ ရှိနေရတာအတွက် တကယ်ပဲ ဂုဏ်ယူပါတယ်။"လို့ ကာဗာနီက ပြောပါတယ်။

အာမက် ထရာအိုရေး

တစ်ချိန်တည်းမှာ ယူနိုက်တက်ဟာ အတ္တလန်တာအသင်းမှ အသက် ၁၈ နှစ်အရွယ် တောင်ပံကစားသမား အာမက် ထရာအိုရေးကို ကနဦးပြောင်းရွှေ့ကြေး ယူရို ၂၁ သန်း၊ add-ons ကြေး ယူရိုသန်း ၂၀ နဲ့ သဘောတူညီမှု ရရှိခဲ့တာလည်းဖြစ်ပါတယ်။

ကလပ်အသင်းက သူဟာ "ဆေးစစ်မှု၊ ကိုယ်ရေးအချက်အလက်များနဲ့ work permit" အခက်အခဲတွေကြောင့် ဇန်နဝါရီမှာသာ အသင်းနဲ့ ပူးပေါင်းနိုင်မှာဖြစ်တယ်လို့ ဆိုပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly