ကာဂျစ်စတန်မှာ ပါလီမန်ရွေးကောက်ပွဲရလဒ်ကို မကျေနပ်လို့ လူထောင်ပေါင်းများစွာ စုဝေးဆန္ဒပြ

ကာဂျစ်စတန်မှာ ပါလီမန်ရွေးကောက်ပွဲရလဒ်ကို မကျေနပ်လို့ လူထောင်ပေါင်းများစွာ စုဝေးဆန္ဒပြ

အောက်တိုဘာ ၆ 

ကာဂျစ်စတန်နိုင်ငံမှာ ပါလီမန်ရွေးကောက်ပွဲတစ်ရပ်ရဲ့ ရလဒ်တွေအပေါ် မကျေနပ်တဲ့ လူထောင်ပေါင်းများစွာတို့ဟာ အောက်တိုဘာ ၅ ရက်က မြို့တော် ဘစ်ရှ်ကက်ခ်မှာ စုဝေးဆန္ဒပြခဲ့ကြပါတယ်။ 

ဒီ မဲပေးမှုဟာဆိုရင် မဲဝယ်ခဲ့တယ်ဆိုတဲ့ ခိုင်လုံယုံကြည်ရလောက်တဲ့ စွပ်စွဲချက်တွေနဲ့ စွန်းထင်းညစ်နွမ်းနေခဲ့တယ်လို့ နိုင်ငံတကာ စောင့်ကြည့်သူတွေက ပြောပါတယ်။ 

ပါလီမန်ရွေးကောက်ပွဲမှာတော့ ရုရှားလိုလားတဲ့ သမ္မတ ဆူရွန်ဘိုင် ဂျင်ဘီကော့ဗ် နဲ့ နီးစပ်တဲ့ ပါတီနှစ်ခုက လွှမ်းမိုးခဲ့တဲ့အတွက် အမျိုးသားရေးပါတီနှစ်ခုဟာ ပါလီမန်မှာ ကိုယ်စားလှယ် နေရာတစ်နေရာမှတောင် အနိုင်မရနိုင်တော့မယ့် အခြေအနေကို ရောက်စေခဲ့တယ်လို့ ကနဦး ရလဒ်တွေအရ သိရပါတယ်။ 

“သမ္မတက မှန်ကန်တဲ့ ရွေးကောက်ပွဲတွေကို ကြီးကြပ်ပေးမယ်လို့ ကတိပေးခဲ့တယ်၊ ခုတော့ သူ့ကတိအတိုင်း သူ မတည်ပါဘူး” လို့ အတိုက်အခံ ကိုယ်စားလှယ်တစ်ဦးဖြစ်တဲ့ ရိုင်စကယ်လ်ဒီ မွမ်ဘီကော့ဗ်က လူ ၅,၀၀၀ ခန့်ရှိ လူအုပ်စုတစ်စုကို ပြောပါတယ်။ ဒါ့အပြင် လာမယ့် ၂၄ နာရီအတွင်း ရွေးကောက်ပွဲဆန္ဒမဲတွေကို ပယ်ဖျက်ဖို့ ဗဟိုရွေးကောက်ပွဲ ကော်မရှင်ကို ၎င်းက တိုက်တွန်းတောင်းဆိုသွားခဲ့ပါတယ်။ 

၎င်းရဲ့ ပါတီဖြစ်တဲ့ အတာ မီကန် ပါတီဟာလည်း ပါလီမန်ထဲ ရောက်ဖို့ ယုံကြည်ခဲ့ပေမယ့် အမတ်နေရာတစ်နေရာ ရဖို့ လိုအပ်တဲ့ မဲပမာဏ မရခဲ့ဘူးလို့ သိရပါတယ်။  

တောင်ကုန်းထူထပ်တဲ့ နိုင်ငံမှာ ဆန္ဒပြမှုတွေရဲ့ ပုံမှန် အင်္ဂါရပ်တွေဖြစ်တဲ့ မြင်းစီးသူရဲ ၂၀၀ ဟာလည်း မြို့တော်အပြင်ဘက် ကျေးရွာတစ်ခုကနေ လာနေပြီလို့ မွမ်ဘီကော့ဗ်က ပြောပါတယ်။ 

ဘစ်ရှ်ကက်ခ်မြို့က Ala-Too ရင်ပြင်ကတော့ တော်လှန်ရေးနှစ်ခုအတွက် အဓိက နေရာဖြစ်ခဲ့ပြီး ၂၀၀၅ ခုနှစ်နဲ့ ၂၀၁၀ ခုနှစ်တွေမှာ အာဏာရှင်ဆန်တဲ့ သမ္မတတွေကို ဖြုတ်ချခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် ဆိုဗီယက် အဖွဲ့ဝင်ဟောင်း နိုင်ငံဟာ ပြီးခဲ့တဲ့ ဆယ်စုနှစ်တစ်စုအတွင်း အတော်အသင့် တည်ငြိမ်မှုကို ခံစားထားခဲ့ရပါတယ်။ 

ရွေးကောက်ပွဲ ရလဒ် ဘယ်လိုပဲဖြစ်ဖြစ်  တရုတ်နဲ့ ထိစပ်နေတဲ့ ကုန်းတွင်းပိတ်နိုင်ငံ ကာဂျစ်စတန်မှာ မော်စကိုရဲ့ ကြီးစိုးတဲ့ မဟာဗျူဟာကျ ရပ်တည်မှု အနေအထားကတော့ ခြိမ်းခြောက်ခံနေရပြီလို့ ရှုမြင်မခံထားရပါဘူး။ 

ရုရှားဟာ ယင်းနိုင်ငံမှာ စစ်အခြေစိုက်စခန်းတစ်ခု ထားရှိထားသလို သောင်းနဲ့ချီတဲ့ ကာဂျစ်စတန် ရွှေ့ပြောင်းတွေ သွားရောက်တဲ့ နေရာတစ်ခုအဖြစ်လည်း ရှိနေခဲ့ပါတယ်။ 

တရုတ်အပေါ် ကာဂျစ်စတန်ရဲ့ မှီခိုမှုက ကြီးထွားနေဖွယ် ရှိနေပြီး မကြာသေးမီကတော့ သမ္မတ ဂျင်ဘီကော့ဗ်ဟာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် နိုင်ငံစီးပွားရေး ထိခိုက်မှုတွေကို ထေကာစေဖို့အတွက် တရုတ် Exim ဘဏ်ဆီ အကြွေးတင်ရှိနေတဲ့ ကြွေးမြီ ဒေါ်လာ ၁ ဒသမ ၈ ဘီလီယံ အတွက် အကြွေးပြန်ဆပ်ရမယ့် အချိန်ကာလကို တိုးပေးဖို့ တရုတ်ကို တောင်းခံခဲ့တယ်လို့ သိရပါတယ်။ အဆိုပါ ကြွေးမြီ ဒေါ်လာ ၁ ဒသမ ၈ ဘီလီယံ ဆိုတာကတော့ ယင်းနိုင်ငံရဲ့ ပြည်ပ ကြွေးမြီ စုစုပေါင်းရဲ့ ၄၀ ရာခိုင်နှုန်းကျော် ဖြစ်ပါတယ်။ 

မဲပေးပွဲနဲ့ပတ်သက်လို့ အတိုက်အခံ အုပ်စုတွေရဲ့ စုဝေးမှုဟာ အောက်တိုဘာ ၅ ရက်မှာ ကြီးထွားလာနေခဲ့ပြီး သမ္မတ ဂျင်ဘီကောဗ့် နုတ်ထွက်ဖို့ တောင်းဆိုမှုတွေ ရှိခဲ့ပါတယ်။ ဆိုရှယ်မီဒီယာပေါ်က ပုံရိပ်တွေအရ အဓိကရုဏ်းနှိမ်နင်းရေး ရဲကားတွေ Ala-Too ရင်ပြင်အနီး ဖြတ်မောင်းလာတာနဲ့အတူ အာဏာသုံးနှိမ်နင်းမယ့် အလားအလာတွေကို မြင်တွေ့နေရပါတယ်။ 

မဲပေးမှုကတော့ ယေဘုယျအနေနဲ့ သေချာ စီစဉ်ခဲ့တာဖြစ်ပေမယ့် မဲဝယ်တယ်ဆိုတဲ့ စွပ်စွဲချက်တွေကတော့ တကယ့်ကို စိုးရိမ်ဖွယ်ရာ ကောင်းတယ်လို့ ဥရောပ လုံခြုံရေးနဲ့ ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့အစည်းက စီစဉ်တဲ့ ရွေးကောက်ပွဲ စောင့်ကြည့်ရေး မစ်ရှင် အကြီးအကဲ သောမတ်စ် ဘိုဆရပ်က ပြောပါတယ်။ 

ဦးဆောင်ပါတီကြီးတွေဖြစ်တဲ့ ဘီရင်မ်ဒစ်ခ် နဲ့ မက်ခန်နမ် ကာဂျစ်စတန် ပါတီ တို့ ဆိုတာကတော့ မော်စကိုရဲ့ ယူရေရှန်း သမဂ္ဂ ကုန်သွယ်ရေး အစုအဖွဲ့နဲ့ နက်နက်ရှိုင်းရှိုင်း ပူးပေါင်းဆောင်ရွက်ရေးကို လိုလားတဲ့ အဖွဲ့နှစ်ခု ဖြစ်ပါတယ်။ ကနဦး မဲရလဒ်တွေအရ ယင်းပါတီနှစ်ခုဟာ မဲရလဒ် လေးပုံ တစ်ပုံလောက်စီ အသီးသီး ရခဲ့တယ်လို့ ဆိုပါတယ်။ 

ဘီရင်မ်ဒစ်ခ် ပါတီမှာတော့ သမ္မတရဲ့ ညီ အေဆိုင်ဘက်ခ် ဂျင်ဘီကော့ဗ် ပါဝင်နေသလို မက်ခန်နမ် ကာဂျစ်တန်ပါတီဟာလည်း သြဇာကြီး မာထရိုင်မော့ဗ် မိသားစုရဲ့ အကျိုးစီးပွားကို သယ်ပို့ပေးသူအဖြစ် ရှုမြင်ခံထားရပါတယ်။ 

အဆိုပါ မိသားစုရဲ့ ပြယုပ်ကတော့ ရာယင်မ်ဘက်ခ် မာထရိုင်မော့ဗ် ဖြစ်ပါတယ်။ ရာယင်မ်ဘက်ခ် မာထရိုင်မော့ဗ် ကတော့ အကောက်ခွန် အရာရှိဟောင်းတစ်ဦးဖြစ်ပြီး ယမန်နှစ် ခြစားမှု ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေရဲ့ ပစ်မှတ်တစ်ဦးဖြစ်ခဲ့ပါတယ်။ ဒါ့အပြင် ၎င်းဟာ ၂၀၁၇ ခုနှစ်က ဂျင်ဘီကော့ဗ်ရဲ့ အောင်မြင်တဲ့ သမ္မတ မဲဆွယ်ပွဲကို ငွေကြေးနဲ့ အကူအညီပေးခဲ့တယ်လို့ ယုံကြည်ရပါတယ်။ 

သမ္မတနဲ့ နီးစပ်တဲ့ တတိယပါတီတစ်ခုဖြစ်တဲ့ ကာဂျစ်စတန် ပါတီ ကလည်း ပါလီမန်ထဲ ဝင်နိုင်မယ့် လမ်းပေါ်မှာ ရှိနေပါတယ်။ ယင်းပါတီကိုတော့ နိုင်ငံမြောက်ပိုင်းက ဗော့ဒ်ကာအရက်လုပ်ငန်းရှင် သူဌေးတစ်ဦးအပါအဝင် ကြွယ်ဝတဲ့ လုပ်ငန်းရှင်တွေက ဦးဆောင်ထားပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly