တော်လှန်ရေးထက် တည်ဆောက်ရေးက ပိုပြီး ခက်ခဲတယ်

တော်လှန်ရေးထက် တည်ဆောက်ရေးက ပိုပြီး ခက်ခဲတယ်

၂၀၁၅ ရွေးကောက်ပွဲကြီးဟာ မိမိတို့တိုင်းပြည်တွင်မက ကမ္ဘာတဝှမ်း အထူးသဖြင့် ဒီမိုကရေစီကြိုးပမ်းဆောင်ရွက်နေရတဲ့ တိုင်းပြည်တွေကိုပါ ကြီးမားတဲ့ ဂယက်ရိုက်ခတ်မှု ဖြစ်စေခဲ့ပါတယ်။

ကမ္ဘောဒီးယား အတိုက်အခံခေါင်းဆောင်ကဆိုရင် ဗမာပြည်ဒီမိုကရေစီဘက်တော်သားတွေ ရွေးကောက်ပွဲနဲ့အောင်ပွဲခံရတာကို အတုယူရမယ် သူ့နိုင်ငံမှာလည်း နောင် သုံးနှစ်ဆိုရင် ဗမာပြည်မှာလို ဖြစ်လာအောင်လုပ်မယ်ဆိုတဲ့စကားကို ပြောခဲ့ပါတယ်။

တခါ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးကလည်း မြန်မာပြည်မှာ ဒီမိုကရေစီအောင်ပွဲခံတာဟာ အမေရိကန်နိုင်ငံခြားရေးမူဝါဒ မှန်ကန်ကြောင်းပြဆိုတာပဲဖြစ်တယ်ဆိုတဲ့စကားနဲ့ ကြွားလုံးထုတ်ခဲ့ပါသေးတယ်။ နိုင်ငံတကာမှာတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ကို သက်တမ်းရှည်ကြာစွာ ကြံ့ကြံ့ခံရပ်တည် တိုက်ပွဲဝင်ပြီး ငြိမ်းချမ်းစွာ အောင်မြင်မှုရအောင် ဆောင်ရွက်နိုင်သူ အဖြစ် ဝိုင်းဝန်းချီးကျူးရေးသားပြောဆိုလာကြရပါတယ်။

မှန်ပါတယ်။ မိမိတို့တိုင်းပြည်မှာ ဒီမိုကရေစီ ရောင်နီသန်းစပြုတာကတော့ ဘယ်သူမှ မငြင်းပယ်နိုင်ကြတော့ပါဘူး။ အဲဒီရောင်နီကို မိမိတို့ပြည်သူများသာမက ကမ္ဘာ့ပြည်သူတွေကပါ မြင်လာကြရ လက်ခံလာကြရပါပြီ။

မကြာမီ NLD ဟာ မိမိနိုင်ငံအကျိုးအတွက် သမိုင်းပခုံးပြောင်းတာဝန်ကို ယူကြရတော့မှာဖြစ်ပါတယ်။ အာဏာရှင်စနစ်ကြီးစိုးခဲ့တဲ့ တိုင်းပြည်တစ်ခု သို့မဟုတ် အာဏာရှင်စနစ်ကြောင့် ဖွတ်သထက် ကြေနေတဲ့တိုင်းပြည်တစ်ခုကို ပြန်လည်ထူထောင်ဖို့တာဝန် ယူကြရတော့မှာဖြစ်ပါတယ်။

ဒီနေရာမှာ ဆိုစကားတစ်ခု ရှိပါတယ်။ တော်လှန်ရေးထက် တည်ဆောက်ရေးက ပိုပြီး ခက်ခဲတယ်ဆိုတဲ့စကားပါ။ မှန်ပါတယ်။ မိမိတို့တိုင်းပြည်မှာ စစ်အာဏာရှင်စနစ်၊ တစ်ပါတီအာဏာရှင်စနစ် အစရှိတဲ့ အာဏာရှင်အမျိုးမျိုးနဲ့အတူ အဲဒီအာဏာရှင်စနစ်တွေကို ဆန့်ကျင်တဲ့ NLD ဆိုတာကလည်း အာဏာရှင်စနစ်ရဲ့ဖွားဖက်တော်အဖြစ် တည်ရှိလာခဲ့တာ ကြာပြီဖြစ်ပါတယ်။ အာဏာရှင်စနစ် သက်တမ်းအတိုင်း အာဏာရှင်ဆန့်ကျင်ရေး ဒီမိုကရေစီလှုပ်ရှားမှုကလည်း သက်တမ်းကြာမြင့်ခဲ့ပါတယ်။ ဒီ အာဏာရှင်စနစ်သက်တမ်းရှည်ကြီးထဲမှာ ဒီမိုကရေစီဘက်တော်သားတွေဟာ တိုက်ပွဲပေါင်းများစွာ၊ အချိုးအကွေ့ပေါင်းများစွာ၊ သမိုင်းလှေကားထစ် များစွာမှာ လဲကျတဲ့သူ၊ ကျဆုံးတဲ့သူ၊ မိသားစုပြိုကွဲရသူ၊ ဆင်းရဲမွဲတွေသွားကြရသူဆိုတဲ့ ဒဏ်ရာဒဏ်ချက်ကိုယ်စီနဲ့ ဖြတ်သန်းခဲ့ကြရတာလည်း လူတိုင်းအသိဖြစ်ပါတယ်။ နောက်ဆုံးမှာ ဒီမိုကရေစီရမှ အမျှဝေပါဆိုတဲ့ မှာတမ်းထားပြီးမှ ဒီမိုကရေစီအတွက် အသက်စွန့်ကြရတဲ့အထိ ပြင်းထန် နက်ရှိုင်းခဲ့ကြရပါတယ်။

ခုတော့ ဒီမိုကရေစီအင်အားစုတွေ အာဏာရှင်စနစ်ကြီးကို ဖြိုချဖို့အတွက် အခွင့်သာလာကြပါပြီ။ သမိုင်းကပေးတဲ့ သမိုင်းပေးတာဝန်တွေက ပခုံးပေါ်ရောက်လာကြပါပြီ။

ဒီနေရာမှာ အထက်က မိမိတို့ပြောခဲ့သည့်စကားအတိုင်း တော်လှန်ရေးထက် တည်ဆောက်ရေးက ပိုပြီးခက်တယ်ဆိုတဲ့စကားအတိုင်း ဒီမိုကရေစီဘက်တော်သားတွေဟာ တိုင်းပြည်ပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ်ကြီးကို ရင်ဆိုင်ကျော်လွှားကြရတော့မှာဖြစ်ပါတယ်။ တိုင်းပြည်ပြန်လည်တည်ဆောက်ရေး မဟာတာဝန်ကြီးကို ယူကြရတော့မှာဖြစ်ပါတယ်။

အတိုချုပ်ပြီးပြောရရင်တော့ တော်လှန်ရေးထက် တည်ဆောက်ရေးက ပိုပြီးခက်ခဲတယ်ဆိုပေမယ့် မိမိတို့ဒီမိုကရေစီဘက်တော်သားများ၊ မိမိတို့ပြည်သူများဟာ တိုင်းပြည်အတွက် နောင်လာမယ့် မိမိတို့ရဲ့ မျိုးဆက်သစ်များအတွက် တည်ဆောက်ရေးလုပ်ငန်းကြီးအောင်မြင်အောင်ဆောင်ရွက်ဖို့ဆိုရင် အခြေခံထားရှိရမယ့် စိတ်ထားနဲ့ လုပ်ဟန်ဆိုတာ လိုအပ်လာပါတယ်။

အဲဒီ လိုအပ်ချက်ကတော့ တိုင်းပြည်အတွက် အစွမ်းကုန်အနစ်နာခံကြ၊ တိုင်းပြည်အတွက် အစွမ်းကုန် ရိုးသားဖြူစင်ကြ၊ တိုင်းပြည်အတွက် လိမ်မာပါးနပ်စွာ အစွမ်းကုန်အလုပ်လုပ်ကြဆိုတဲ့ အခြေခံလိုအပ်ချက်သာဖြစ်ကြောင်း တင်ပြလိုက်ရပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags