ပလောက်မြို့တွင် ကိုဗစ်ပိုး တွေ့ရှိသူ အများစုမှာ ရန်ကုန်ပြန် သံဃာတော်များဖြစ်ဟုဆို

ပလောက်မြို့တွင် ကိုဗစ်ပိုး တွေ့ရှိသူ အများစုမှာ ရန်ကုန်ပြန် သံဃာတော်များဖြစ်ဟုဆို
ဓာတ်ပုံ - ဒီမိုးသွေး (မြိတ်)

ပုလော အောက်တိုဘာ (၅)

မြိတ်ခရိုင်၊ ပုလောမြို့နယ်အတွင်းရှိ ပလောက်မြို့ကျောက်တောင်ကျေးရွာ ကွာရတင်းစင်တာတွင်  ရောက်ရှိနေသူ များအနက် ၄၂ ဦးတွင် COVID-19 ကူးစက်ခံရကြောင်း တွေ့ရှိရပြီး အများစုမှာ ရန်ကုန်မှ ပြန်ကြွလာသည့် သံဃာများ ဖြစ်ကြောင်း ပလောက်မြို့အုပ်ချုပ်ရေးမှူး ဦးမျိုးဝေက ပြောသည်။

“အဲဒါကတော့ ကူးစက်တာကတော့ မှန်ပါတယ်၊ ရန်ကုန်မြို့ကနေ ဆွမ်းရေး အခက်အခဲရှိလို့ နေရပ်ကို ပြန်ကြွလာတဲ့ စာသင်သားတွေ ဖြစ်ပါတယ်”ဟု ဦးမျိုးဝေက ပြောသည်။

ဓာတ်ပုံ - ဒီမိုးသွေး (မြိတ်)

COVID-19 ကူးစက်ခံရသည့် သံဃာတော်များမှာ ရန်ုကုန်မြို့ မြောက်ဥက္ကလာပမြို့နယ်ရှိ ဇဗ္ဗူ သီရိ ဘုန်းတော်ကြီးကျောင်းတွင် ရောက်ရှိနေသည့် စာသင်သား သံဃာတော်များဖြစ်ပြီး ဆွမ်းရေး ကွမ်းရေး အခက် အခဲရှိသဖြင့် နေရပ်ပြန်စဉ် ကွာရတင်းဝင်ရောက်နေသူများဖြစ်သည်။

“အခု ရောဂါပိုးတွေရှိတဲ့ ၄၂ ဦးစလုံးက ကျန်းမာရေး အခြေအနေ ကောင်းမွန်ကြပါတယ်၊ သက်ဆိုင်ရာ တာဝန်ရှိသူတွေက ကုသရေး အပိုင်းကို အားသွန် ခွန်စိုက် ပြုလုပ်နေကြပါတယ်”ဟု ပုလောမြို့နယ် ကျန်းမာရေးမှူး ဒေါက်တာ ပြုံးချိုက ပြောသည်။

ဓာတ်ပုံ - ဒီမိုးသွေး (မြိတ်)

အဆိုပါ COVID-19 ကူးစက်ခံရသူ ၄၂ ဦးမှာ သံဃာတော် ၃၉ ပါးနှင့် လူပုဂ္ဂိုလ် ၃ ဦးတို့ ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required