ကိုရိုနာဗိုင်းရပ်စ်စိုးရိမ်မှုတွေရှိနေပေမယ့် အီရတ်ရဲ့ အာဘာအင်းဘာသာရေးပွဲဆီ လာရောက်သူများပြား

ကိုရိုနာဗိုင်းရပ်စ်စိုးရိမ်မှုတွေရှိနေပေမယ့် အီရတ်ရဲ့ အာဘာအင်းဘာသာရေးပွဲဆီ လာရောက်သူများပြား

အောက်တိုဘာ ၅  
 
 COVID-19 ကပ်ရောဂါတွေ ဖြစ်နေပေမယ့်လည်း ကမ္ဘာ့အကြီးဆုံး ဘာသာရေးစုဝေးပွဲတွေအနက်တစ်ခုဖြစ်တဲ့ ရှီအိုက်မွတ်စလင်တွေရဲ့ အာဘာအင်းပွဲတော်အတွက် အနယ်နယ်အရပ်ရပ်က ဘုရားဖူးထောင်ပေါင်းများစွာဟာ အီရတ်နိုင်ငံရဲ့ အထွတ်အမြတ်ထားရာ ဘာသာရေး မြို့ဖြစ်တဲ့ ကာဘာလာမြို့တော်ဆီ တဖွဲဖွဲ လာရောက်နေကြပါတယ်။  

တမန်တော်မိုဟာမက်ရဲ့မြေးဖြစ်တဲ့ အီမန်ဟူစိန်ဟာ ခုနစ်ရာစုလောက်က ခါလစ်ရာဇစ်နောက်လိုက်တွေရဲ့ သတ်ဖြတ်တာခံခဲ့ရတာကို အောက်မေ့တဲ့အနေနဲ့ ဝမ်းနည်းခြင်းအထိမ်းအမှတ် ရက်လေးဆယ်ပြီးတဲ့နောက် အာဘာ အင်းပွဲတော်ကို ကျင်းပတာဖြစ်ပါတယ်။  

ဆူနီနဲ့ ရှီအိုက်ဂိုဏ်းကွဲမှုရဲ့ အစဖြစ်တဲ့ အီမန်ဟူစိန်သေဆုံးမှုအတွက် ရှီအိုက်တွေအများစုနေထိုင်ရာ အီရတ်နဲ့ တခြားရှီအိုက်အသိုက်အဝန်းတွေရှိရာ နိုင်ငံတွေမှာ ဒီနှစ် အရူရာပွဲတော်တွေကျင်းပစဉ်အတွင်း ဩဂုတ်လအကုန်မှာ ဝမ်းနည်းခြင်းအထိမ်းအမှတ်ပြုလုပ်ခဲ့ကြတာဖြစ်ပါတယ်။

ဒါပေမယ့် အရင်နှစ်တွေကနဲ့မတူဘဲ အီရတ်မှာ ဒေသခံမဟုတ်သူတွေကို နယ်စပ်ဝင်ခွင့်မပေးဘဲ ပွဲတော်ဆင်နွှဲမယ့် ဒေသခံတွေကိုသာ ဝင်ခွင့်ပြုခဲ့ပါတယ်။

ကိုရိုနာဗိုင်းရပ်စ်ပျံ့နှံ့မှုတားဆီးဖို့အတွက် အာဘာအင်းပွဲတော်လာရောက်နိုင်သူကိုလည်း ကန့်သတ်ခဲ့ပါတယ်။  

၂၀၁၉ ခုနှစ်က အိမ်နီးချင်း အီရန်က လူ ၂ သန်းအပါအဝင် ပွဲတော်တက်ရောက်ဖို့ အီရတ်ကိုလာတဲ့ ရှီအိုက်ဘုရားဖူး  ခန့်မှန်း ၁၄ သန်းလောက်ရှိခဲ့ပါတယ်။

ဒီနှစ်မှာတော့ အီရတ်ကိုလာဖို့ တစ်နိုင်ငံကို ဘုရားဖူး ၁ ၅၀၀ သာ သတ်မှတ်ထားပြီး အီရန်က ၂ ၅၀၀ လာရောက်ခွင့်ရရှိခဲ့ပါတယ်။

နေ့တိုင်း ဘုရားဖူးလာတဲ့လေယာဉ် ခြောက်စင်းကနေ ၁၀ စင်းအကြား ရှိပြီး လာမယ့်ရက်တွေမှာ ပိုများနိုင်တယ်လို့ ကာဘာလာမြို့တောင်ဘက် နောက်ထပ်ဘာသာရေးမြို့ဖြစ်တဲ့ နာဂျက်ဖ်က လေဆိပ်ဒါရိုက်တာ အီဆာအယ်လ် ရှန်မာရီက ပြောပါတယ်။  
 
ရိုးရာကိုထိန်းသိမ်းတဲ့အနေနဲ့ အီရတ်နိုင်ငံသားတွေကတော့ ကာဘာလာမြို့ဆီ ခြေလျင်ခရီးနှင်လျက်ရှိပါတယ်။ မြို့ကိုသွားရာလမ်းတစ်လျှောက်မှာ စားစရာ၊သောက်စရာနဲ့နေရာထိုင်ခင်းတွေ အခမဲ့ဝန်ဆောင်မှုပေးတဲ့ စခန်းတွေရှိပါတယ်။

ပွဲတော်လာရောက်တဲ့ မိုဆန်ဆိုသူ အမျိုးသားတစ်ဦးက “ကျွန်တော်က မီဆန်ပြည်နယ်က လာတာပါ။ လူတွေက ပွဲတော်လာတဲ့သူတွေကို စားစရာတွေ သောက်စရာတွေ ပေးကြပါတယ်။ အိမ်ရှင်တွေက ဘုရားဖူးလာသူတွေကို သူတို့ရဲ့အိမ်နဲ့ ဗလီတွေဆီ ခေါ်သွားပေးကြပါတယ်” လို့ဆိုပါတယ်။
 
အလီဟာဒီ ဆိုသူက “ဘာစ်ရာကနေ ဘာသာရေးမြို့တော် ကာဘာလာကို လာတဲ့လမ်းတစ်လျှောက်မှာ အစားသောက် ဝန်ဆောင်မှုတွေပေးတာတွေ တွေ့ပါတယ်။ သန့်ရှင်းရေးအတွက် ကြိုတင်ကာကွယ်မှုတွေလည်း လေးစား လိုက်နာကြပါတယ်” လို့ပြောပါတယ်။
 
အစိုးရက ကိုဗစ်-၁၉ စည်းမျဉ်းတွေ သတ်မှတ်ထားပေမယ့်လည်း ပါးစပ်နှာခေါင်းစည်းတပ်သူ အနည်းငယ်သာရှိပြီး လူခွါစည်းမျဉ်းကိုလည်း လျစ်လျူရှုထားကြပါတယ်။
 
အိမ်နီးချင်း ဆော်ဒီအာရေဗျအာဏာပိုင်တွေဟာလည်း ကျန်းမာရေးဆိုင်ရာ ကြိုတင်ကာကွယ်မှုတွေ ကျယ်ကျယ်ပြန့်ပြန့်လုပ်ဆောင်ခြင်းနဲ့အတူ တစ်နှစ်ပတ်လုံးလာရောက်နိုင်တဲ့ အမ်ရာဘုရားဖူးတွေကို တစ်စိတ်တစ်ပိုင်း ပြန်လည်ခွင့်ပြုခဲ့စဉ်မှာ  ပြီးခဲ့တဲ့တနင်္ဂနွေနေ့က ပါးစပ်နှာခေါင်းစည်းတပ်ဆင်ထားတဲ့ မွတ်စလင်တွေဟာ မက္ကာမြို့မှာရှိတဲ့ အစ္စလာမ်တွေရဲ့အထွတ်အမြတ်ထားရာ ဘာသာရေးအဆောက်အအုံဆီ လူမှုအကွာအဝေး ကန့်သတ် ချက်တွေလိုက်နာပြီး လာရောက်လည်ပတ်ခဲ့ကြပါတယ်။  
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly