အောက်တိုဘာ ၅
ဟွန်ဒူးရပ်စ်နိုင်ငံကထွက်လာတဲ့ ရွှေ့ပြောင်းနေထိုင်သူ လူအုပ်စု အချို့ကို မက္ကဆီကိုက ဆူဒါဟီဒါဂိုမြို့နဲ့ ဂွါတီမာလာက တယ်ကွန်းအူမန်မြို့အကြား နယ်စပ်မှာ ရဲနဲ့စစ်တပ်ကထိန်းသိမ်းထားပါတယ်။
လူ ၈၀ ထက်မပိုတဲ့ အဆိုပါရွှေ့ပြောင်းအဖွဲ့ကို ဘတ်စ်ကားတွေနဲ့ ဟွန်ဒူးရပ်စ်ကို ပြန်ပို့မယ့်အလားအလာရှိပါတယ်။
မက္ကဆီကိုဟာ ရွှေ့ပြောင်းလူအုပ်ကြီးကို တားဆီးဖို့ ပြီးခဲ့တဲ့ သောကြာနေ့က တောင်ပိုင်းနယ်စပ်မှာ တပ်ဖြန့်ထားပြီး သမ္မတ အန်ဒရေးစ်မန်နျူရယ်လိုပက်ဇ်အိုဘရာဒိုက ဒီရွှေ့ပြောင်းတွေဟာ အမေရိကန်ရွေးကောက်ပွဲနဲ့ ဆက်စပ်နေတယ်လို့ မှတ်ချက်ပြုခဲ့ပါတယ်။
ရွှေ့ပြောင်းဝင်ရောက်မှုက အဓိပပြဿနာတစ်ရပ်ဖြစ်တဲ့ အမေရိကန်သမ္မတမဲပေးပွဲမတိုင်မီ သီတင်းပတ်ပေါင်းများစွာအလိုမှာ ဟွန်ဒူးရပ်စ်ရွှေ့ပြောင်း ထောင်ပေါင်းများစွာဟာ ဂွါတီမာလာနိုင်ငံကိုဖြတ်ပြီး အမေရိကန်ကို ဦးတည်သွားနေကြတာဖြစ်ပါတယ်။
ရွှေ့ပြောင်းတွေကြောင့် ကိုဗစ်-၁၉ ပျံ့နှံ့မှာကိုစိုးရိမ်နေတဲ့ ဂွာတီမာလာအစိုးရက နိုင်ငံတွင်းက နှင်ထုတ်မယ်လို့ ခြိမ်းခြောက်ပြီးတဲ့နောက် ရွှေ့ပြောင်း ၂ ၀၀၀ ကျော်လောက်ဟာ စနေနေ့က သူတို့ရဲ့ အမေရိကန်အရောက်သွားမယ့်ကြိုးပမ်းချက်တွေကို စွန့်လွှတ်ခဲ့ကြပါတယ်။
ဒါပေမယ့် တချို့ ရွှေ့ပြောင်းအုပ်စုငယ်တွေကတော့ သူတို့မွေးရပ်မြေရဲ့ ဆင်းရဲမွဲတေမှုနဲ့ အကြမ်းဖက်မှုတွေကနေ လွတ်မြောက်အောင် အမေရိကန်ကို အရောက်သွားဖို့ ဆုံးဖြတ်ထားကြပါတယ်။
ရွှေ့ပြောင်းကန္တရလူအုပ်ကြီးဟာ ဂွါတီမာလာမှာ နှစ်ဖွဲ့ကွဲသွားပြီး ပိုများတဲ့လူအုပ်က မြောက်ဘက်လမ်းကြောင်းကနေ မက္ကဆီကိုဘက်ကို ဦးတည်ခဲ့ပြီး ကျန်တစ်ဖွဲ့က တောင်ဘက်လမ်းကြောင်းကို ရွေးချယ်ခဲ့ကြတာဖြစ်ပါတယ်။
ဟွန်ဒူးရပ်စ်ရွှေ့ပြောင်းတစ်ဦးဖြစ်တဲ့ လီနင်အာမန်ဒိုက “သူတို့က ကျွန်တော်တို့ကို ပြောက်ကျားတပ်ဖွဲ့လို့ထင်နေတာပါ။ ကျွန်တော်တို့ဟာ လူဆိုးတွေမဟုတ်ပါဘူး။ သူတို့က ကျွန်တော်တို့ကို သံချပ်ကာ စစ်ကားတွေထဲ တက်ခိုင်းပါတယ်” လို့ဆိုပါတယ်။
ဂွါတီမာလာနယ်စပ်မြို့ ရွှေ့ပြောင်းကယ်ဆယ်ရေးစခန်းက ဘုန်းတော်ကြီး ဖာနန်ဒိုက “ ကျွန်တော်တို့တွေ ရွှေ့ပြောင်းတွေနဲ့ ဆွေးနွေးနေပြီး အခြေအနေက တင်းမာနေပါတယ်။ သူတို့ရဲ့အခွင့်အရေးတွေကိုလည်း သိစေပြီးတော့ စည်းမျဉ်းအရ သူတို့ဟာ ကိုယ့်နိုင်ငံကို ပြန်ဖို့လိုပါတယ်။ မက္ကဆီကိုက နယ်စပ်ကို ဖွင့်မှာမဟုတ်ပါဘူး” လို့ပြောပါတယ်။
ပြီးခဲ့တဲ့နှစ်တွေအတွင်း ဗဟိုအမေရိက ရွှေ့ပြောင်းလူအုပ်ကြီးတွေဟာ အမေရိကန်နယ်စပ်ကိုအရောက်သွားမယ်ရည်ရွယ်ချက်နဲ့ မက္ကဆီကိုထဲကို ဖြတ်ကျော်ဝင်ခဲ့ကြပါသေးတယ်။
မက္ကဆီကိုအနေနဲ့ အထောက်အထားမဲ့ရွှေ့ပြောင်းတွေကို မတားမြစ်နိုင်ဘူးဆိုရင် ထရမ့်က စည်းကြပ်ခွန် တိုးကောက်မယ်လို့ ခြိမ်းခြောက်ပြီးတဲ့နောက် မက္ကဆီကိုအာဏာပိုင်တွေဟာ နယ်စပ်တစ်လျှောက်မှာ တပ်ဖွဲ့ဝင် ၂၆ ၀၀၀ ခန့်ကို တပ်ဖြန့်ချထားခဲ့ပါတယ်။