အောက်တိုဘာလ ၄ရက်
လာမည့် ၂၀၂၀ ပါတီစုံအထွေထွေရွေးကောက်ပွဲတွင် မဲရုံများ၏ မဲရုံမှူး၊ဒုမဲရုံမှူးများအဖြစ် ဆရာ၊ဆရာမ နှစ်သိန်းခန့်မှ တာဝန်ထမ်းဆောင်သွား မည်ဖြစ်ကြောင်း အခြေခံ ပညာဦးစီး ဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာတင်မောင်ဝင်းက မဇ္ဈိမ သို့ပြောသည်။
၎င်းဆရာ၊ဆရာမ နှစ်သိန်းခန့်သည် မြန်မာတစ်နိုင်ငံလုံးရှိ ဆရာ၊ဆရာမ အင်အား၏ ထက်ဝန်နီးပါးခန့်ရှိ ကြောင်းလည်း ၎င်းကဆိုသည်။
မဲရုံတစ်ရုံတွင် မဲရုံမှူး ၊ ဒုမဲရုံမှူးအပါအဝင် မဲရုံအဖွဲ့ဝင်များအဖြစ် အခြေခံပညာမှ ဆရာ၊ဆရာမ သုံးဦးမှ ငါးဦးအထိ တာဝန် ထမ်းဆောင်ရမည်ဖြစ်သည်။
"မြို့နယ် ရွေးကောက်ပွဲကော်မရှင် နဲ့မြို့နယ်ပညာရေးမှူးတွေညှိနှိုင်း လုပ်ကြမှာပေါ့။ မဲရုံပေါင်းက လေး သောင်းကျော်ရှိတဲ့အတွက် နှစ်သိန်း နီးပါးတာဝန်ထမ်းဆောင် ရလိမ့်မယ်။တစ်ဝက်နီးပါးက တာဝန်ထမ်းဆောင် ရ လိမ့်မယ်။ အဲဒီအထဲမှာ အသက်ကြီးတဲ့ ဆရာကြီး၊ဆရာမကြီး ရောဂါအခံရှိတဲ့၊ ကိုဗစ်လက္ခဏာဖြစ်တဲ့ ၊သွေးတိုး ဆီးချိုရှိတဲ့ ၊ဆရာကြီး ဆရာမကြီးတွေ၊ ဆရာဆရာမတွေကိုတော့ တာဝန်မထမ်းဆောင်ဖို့ ညွှန်ကြားထား ပါတယ်" ဟု ဒုတိယညွန်ကြားရေးမှူးချုပ် ဒေါက်တာတင်မောင်ဝင်းက ပြောသည်။
ရွေးကောက်ပွဲမှာ ငါးနှစ်မှတစ်ကြိမ်သာ ဆောင်ရွက်ရပြီး နိုင်ငံ၏ အရေးကြီးသည့်အတွက် တာဝန်တစ်ရပ် အနေဖြင့်မဟုတ်ဘဲ နိုင်ငံသားစိတ်ဓာတ်ဖြင့် ကူညီပေးကြရန်လည်း ဒေါက်တာတင်မောင်ဝင်း ကပြောသည်။
မဲရုံများတွင် တာဝန်ထမ်းဆောင်မည့် ဆရာ၊ဆရာမများ၏ သွားလာရေးဆိုင်ရာကိစ္စများကို သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ရွေးကောက်ပွဲကော်မရှင်တို့က ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း သိရသည်။
နေအိမ်တွင်သာနေထိုင်ရန် (Stay at home) သတ်မှတ်ထားသည့်မြို့နယ်များတွင် ရောက်ရှိနေသည့် ဆရာဆရာမများအနေဖြင့် ၎င်းမြို့နယ်များ၌ပင် တာဝန်ထားဆောင်ရမှာလည်းဖြစ်သည်။
မဲရုံများတွင် တာဝန်ထမ်းဆောင်ရမည့် ဆရာ၊ဆရာမများအနေဖြင့် မိမိတို့တာဝန်ကျရာ မဲရုံများသို့ အောက်တိုဘာလကုန်ထက် နောက်မကျစေဘဲ ကျောင်းများ၌ အသင့်ရှိစေရန် ညွှန်ကြားထားကြောင်းလည်း ညွန်ကြားရေးမှူးချုပ် ဒေါက်တာတင်မောင်ဝင်းက ပြောသည်။