ကမ္ဘောဒီးယား ရေတပ်စခန်း တိုးချဲ့မှု တရုတ်ဦးစီးလုပ်ဆောင်မည်

ကမ္ဘောဒီးယား ရေတပ်စခန်း တိုးချဲ့မှု တရုတ်ဦးစီးလုပ်ဆောင်မည်
Left: The headquarters building at Cambodia's Ream Naval Base as it stood on Aug. 22. Right: The demolished site on Oct. 1. (Photo courtesy of CSIS)

အောက်တိုဘာ ၄

ကမ္ဘောဒီးယား ရီယမ် ရေတပ်အခြေစိုက်စခန်း တိုးချဲ့ခြင်းကို တရုတ်အကူအညီဖြင့် ပြင်ဆင်မှုများလုပ်ဆောင်နေရာ တရုတ်စစ်တပ်အသုံးပြုစရာနေရာတစ်ခုအဖြစ် အသွင်ပြောင်းလာမှာကို အမေရိကန်က စိုးရိမ်နေလျှက်ရှိ သည်။

ထိုင်း ပင်လယ်ကွေ့ရှိ အခြေစိုက်စခန်းတွင် သင်္ဘော ပြုပြင်ထိန်းသိမ်းရေး အဆောက်အအုံတစ်ခု ဖော်ဆောင်ရန်နှင့် ဆိပ်ကမ်း တိုးချဲ့ရန် ပရောဂျက်တစ်ခုကို တရုတ်အစိုးရက ထောက်ခံပံ့ပိုးပေးနေကြောင်း ကမ္ဘောဒီးယား တော်ဝင် ရေတပ် အဆင့်မြင့်အရာရှိကြီးတစ်ဦးက အောက်တိုဘာ ၃ ရက်တွင်  Nikkei Asia ကို ပြောသည်။

လက်တလောတွင် အရွယ်အစား ပိုမိုသေးငယ်သော ရေယာဉ်သင်္ဘောများကိုသာ လက်ခံနိုင်သည့် အခြေစိုက်စခန်း၏ အနီးပတ်ဝန်းကျင် ရေပြင်ကို ပိုမိုနက်ရှိုင်းစေမည့် သောင်တူးခြင်း လုပ်ငန်းတစ်ရပ်လည်း ပရောဂျက်၏ အစီအစဉ်များတွင် ပါဝင်ကြောင်း ကမ္ဘောဒီးယား ရေတပ် ဒုတိယတပ်မှူး၊ ဒုဦးစီးချုပ် ကြယ်သုံးပွင့်အဆင့်ရှိ ဒုတိယရေတပ်ဗိုလ်ချုပ်ကြီး ဗန် ဘွန်လီအန်း က ပြောသည်။

“ဆိပ်ကမ်းတစ်ခု တည်ဆောက်ဖို့နဲ့ ကျွန်တော်တို့ရဲ့ သင်္ဘောတွေအတွက် ပြုပြင်ရေးအဆောက်အအုံ ထူထောင်ဖို့ကို တရုတ်အစိုးရက ကျွန်တော်တို့ကို ကူညီပေးတာပါ” ဟု ဘွန်လီအန်းက ပြောသည်။

ရှေ့ကာလတွင် ပိုမို ကြီးမားသော ရေယာဉ်များကို ဝယ်ယူမည်ဆိုပါက အဆောက်အအုံ အသစ်များက သင်္ဘောပြင်ဆင်မှုပိုင်းနှင့်ပတ်သက်၍ ကမ္ဘောဒီးယား၏ ငွေကြေးပိုက်ဆံများကို သက်သာစေမည်ဖြစ်သည်ဟု ဘွန်လီအန်း က ပြောသည်။ ထို့ပြင် ပုဂ္ဂလိက ရေယာဉ်သင်္ဘောများကိုလည်း ဝန်ဆောင်မှုပေးရန် အဆိုပါ အအောက်အအုံများကို အသုံးပြုသွား၍ ရနိုင်ပြီး ယင်းကနေတဆင့် ဝင်ငွေ ဖြစ်ထွန်းစရာ ရှိကြောင်းလည်း ၎င်းက ပြောသည်။

အမေရိကန် ငွေကြေးပံ့ပိုးမှုဖြင့် တည်ဆောက်ထားခဲ့သော ဆိုဒ်နေရာရှိ အဆောက်အအုံတစ်ခုကို ပြီးခဲ့သည့်လက ဖြိုချပစ်ခဲ့ကြောင်းကို မဟာဗျူဟာနှင့် နိုင်ငံတကာ လေ့လာရေး စင်တာ (CSIS) က အောက်တိုဘာ ၂ ရက်တွင် ဖော်ပြသည့် ဂြိုဟ်တုပုံရိပ်သစ်များက ပြသနေခဲ့ချိန် ယခုသတင်း ထွက်ပေါ်လာခြင်း ဖြစ်သည်။

“မကြာသေးခင်က လုပ်ခဲ့တဲ့ ဖြိုချမှုအရ ရေတပ်အခြေစိုက်စခန်းမှာ ပြောင်းလဲမှုတွေ လုပ်နေတယ် ဆိုတာကို အတည်ပြုပေးသလို ဖြစ်သလို ကောလာဟလဖြစ်နေတဲ့ တရုတ်ရဲ့ ဝင်လမ်းနဲ့ပတ်သက်လို့လည်း မေးခွန်းတွေ တဖန် ထွက်ပေါ်စေခဲ့ပါတယ်” ဟု CSIS က ရေးသားခဲ့သည်။

အဆောက်အအုံသည် ရေတပ်အခြေစိုက်စခန်းရှိ အမေရိကန် ငွေကြေးပံ့ပိုးထားသော အဆောက်အအုံနှစ်ခုအနက် တစ်ခုဖြစ်ကြောင်း ပင်တဂွန် အရာရှိ ဂျိုးဇက် ဖယ်လ်သာက ကမ္ဘောဒီးယား ကာကွယ်ရေးဝန်ကြီး တီးဘန်ထံ ယမန်နှစ်က ပေးပို့ခဲ့သည့် စာထဲတွင် ကိုးကားဖော်ပြထားသည်။

အဆောက်အအုံများကို အဆင့်မြှင့်တင်မည့် အစီအစဉ်တစ်ရပ်နှင့်ပတ်သက်၍ ကမ္ဘောဒီးယားတို့ဘက်က ရုတ်တရက် မူဝါဒပြောင်းလဲသွားမှုက တရုတ်စစ်တပ် လူ၊ပစ္စည်းများကို လက်ခံထားရှိမည့် ရည်ရွယ်ချက်တစ်ခုကို ညွန်ပြနေနိုင်သည်ဟုလည်း အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာန၏ တောင်အာရှနှင့် အရှေ့တောင်အာရှဆိုင်ရာ ဒုလက်ထောက်ဝန်ကြီး ဖယ်လ်သာက ပြောသည်။

၎င်း၏ စာ ထွက်ရှိပြီးနောက်ပိုင်း Ream အခြေစိုက်စခန်းကို နှစ် ၃၀ ကြာ  တရုတ်တို့ အသုံးပြုရန် ကမ္ဘောဒီးယားနှင့် တရုတ်အကြား လျှို့ဝှက်သဘောတူညီချက်တစ်ခုကို Wall Street Journal က ဖော်ပြခဲ့သည်။

အခြေစိုက်စခန်းကို တရုတ်စစ်တပ် အသုံးပြုမည် ဆိုသည့် သတင်းများကို ဘွန်လီအန်းက ထပ်မံ ပယ်ချသွားခဲ့သည်။ ယင်းကဲ့သို့ အစီအစဉ်များ ရှိမနေဟုလည်း ကမ္ဘောဒီးယားဝန်ကြီးချုပ်ရော၊ တရုတ်တာဝန်ရှိသူများက ပြောဆိုထားသည်။

စက်တင်ဘာလလယ်က ဖြိုချခဲ့ဖွယ် ရှိသော အဆောက်အအုံသည် ယခင်က ပင်လယ်ရေကြောင်း လုံခြုံရေး အမျိုးသားကော်မတီ (NCMS) ၏ နည်းဗျူဟာ ဌာနချုပ်တစ်ခုဖြစ်ခဲ့သည်ဟု CSIS က ပြောသည်။

အမေရိကန် ငွေကြေးပံ့ပိုးပေးထားသော အနီးအနားရှိ အဆောက်အအုံတစ်ခုမှာမူ ဆက်ရှိနေဆဲဖြစ်ပြီး ယင်းတွင် အမေရိကန်မှ ကမ္ဘောဒီးယား ရေတပ်သို့ လှူဒါန်းပေးခဲ့သည့် ကင်းလှည့် ရေယာဉ်ငယ်များ ထားရှိထားသည်။

NCMS ကို အခြေစိုက်စခန်းမှ ပြင်ပသို့ လုံးလုံးလျားလျား ရွှေ့ပြောင်းခဲ့သည်။ Ream ၏ မြောက်ဘက် ၂၀ ကီလိုမီတာခန့်တွင် ရှိသော ယင်း၏ ဌာနချုပ်သစ် ဖွင့်ပွဲအခမ်းအနားတစ်ခုကို ယခုနှစ် မေလက ကျင်းပခဲ့ကြောင်း ဖေ့ဘွတ်ခ် ပို့စ်များအရ သိရသည်။

အခြေစိုက်စခန်းကို တရုတ် အကူအညီဖြင့် အဆင့်မြှင့်တင်မည့် အစီအစဉ်များကို တရုတ်နိုင်ငံပိုင် လုပ်ငန်းတစ်ခုဖြစ်သည့် တရုတ်သတ္ထုဗေဒလုပ်ငန်းအုပ်စု ကော်ပိုရေးရှင်း (MCC Group) က ယခင်ကာလအတွင်း ထုတ်ဖော်ခဲ့သည်။

“ဆိပ်ကမ်း တိုးချဲ့မှု ပရောဂျက်” တစ်ခုအတွက် ကမ္ဘောဒီးယား ကာကွယ်ရေးဌာန အာဏာပိုင်များနှင့်အကြား “ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ မူဘောင် သဘောတူညီချက်” တစ်ခု လက်မှတ်ထိုးခဲ့ကြောင်း MCC Group က ၂၀၁၆ ခုနှစ် ဇွန်လတွင် ယင်း၏ ဝက်ဘ်ဆိုဒ်တွင် ထုတ်ပြန်ချက်တစ်စောင် ထုတ်ခဲ့သည်။ ယင်းနောက် အဆိုပါထုတ်ပြန်ချက်ကို ဖြုတ်ချထားခဲ့ပုံရသော်လည်း cached ဗားရှင်းတစ်ခုကနေတဆင့် ဝင်ကြည့်၍ ရနေဆဲဖြစ်သည်။

ချဲ့ထွင်ရေး ပရောဂျက်သည် “ရေတပ် စစ်အခြေစိုက်စခန်း” တစ်ခုကို တိုးချဲ့ရန် ဖြစ်သည်။ ယင်းတွင် တန်ချိန် ၅,၀၀၀ ရှိ ရေဖောက်ထုတ်ထားသော သင်္ဘောလွန်းကျင်းနှင့် တန်ချိန် ၁,၅၀၀ ရှိ ဘေးတိုက် တင်ချနိုင်သော စက်သုံး လမ်းလျှောတို့ ထပ်ဖြည့်သည့် လုပ်ငန်းများ ပါဝင်သည်။

လုပ်ငန်းများတွင် သင်္ဘောဆိပ် ထူထောင်ခြင်း၊ ပြုပြင်ထိန်းသိမ်းရေး အလုပ်ရုံတစ်ခု တည်ဆောက်ခြင်းနှင့် ပြန်လည်ဖော်ယူထားသော မြေယာ ၇ ဒသမ ၄ ဟက်တာ ထပ်ပေါင်းခြင်းတို့ ပါဝင်မည်ဖြစ်သည်။ အဆိုပါ သဘော တူညီချက်၏ လက်ရှိ အခြေအနေနှင့်ပတ်သက်၍ မရှင်းလင်းလှပေ။

အမျိုးသား ကာကွယ်ရေး ဝန်ကြီးဌာနနှင့် မည်သည့်ကုမ္ပဏီက ပါဝင်ပတ်သက်နေခဲ့သည် ဆိုသည်နှင့်ပတ်သက်သော မေးခွန်းများကို ဘွန်လီအန်းက ရည်ညွန်းပြောသွားခဲ့သည်။ ကာကွယ်ရေးဝန်ကြီး တီးဘန်နှင့် ဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ်တို့ကိုမူ ဤမနက်တွင် ဆက်သွယ်၍ မရခဲ့ပေ။

အခြေစိုက်စခန်း အနီးပတ်ဝန်းကျင်ရှိ ကျယ်ပြန်သည့် မြေတစ်ကြောကို စီစဉ်ထားသည့် အပန်းဖြေစခန်းများအတွက် တရုတ်ကုမ္ပဏီများက ငှားရမ်းထားပြီးဖြစ်ကြောင်း CSIS က ဂြိုဟ်တုပုံရိပ်များ တွဲကာဖော်ပြထားသည့် ယင်း၏ ပို့တစ်ခုတွင် ထောက်ပြပြောဆိုထားသည်။

ယင်းတွင် Ream ပင်လယ်အော်ရှိ အခြေစိုက်စခန်း၏ မြောက်ဘက် ၅ ကီလိုမီတာခန့်ရှိ Canopy Sands အပန်းဖြေစခန်း ဖော်ဆောင်မှုအတွက် အနီးအနားပတ်ဝန်းကျင် သောင်တူးခြင်းနှင့် မြေယာဖော်ယူခြင်း လုပ်ငန်းများ ပါဝင်နေခဲ့သည်။

ယင်းပရောဂျက်၏ အဓိက ငွေကြေးပံ့ပိုးသူမှာ Prince Group ဖြစ်ပြီး ယင်းသည် အိမ်ခြံမြေနှင့် ဘဏ်လုပ်ငန်းအပါအဝင် ကမ္ဘောဒီးယားရှိ အမျိုးစုံသော လုပ်ငန်းကဏ္ဍများတွင် ပါဝင်လုပ်ကိုင်နေသည့် တရုတ်လုပ်ငန်းစု ကြီးဖြစ်သည်။

လက်ရှိအချိန်အထိ Ream ပင်လယ်အော်ရှိ ဟက်တာပေါင်း ၄၀ ခန့်ကို လွှမ်းခြုံထားသော ပရောဂျက် မြေယာဖော်ယူရေးလုပ်ငန်းကိုလည်း China Harbour ကို ကန်ထရိုက်ချပေးထားသည်။ China Harbour သည် တရုတ် ကွန်မြူနစ်ကေးရှင်း တည်ဆောက်ရေး ကုမ္ပဏီ၏ လုပ်ငန်းခွဲတစ်ခုဖြစ်သည်။ တရုတ် ကွန်မြူနစ်ကေးရှင်း တည်ဆောက်ရေး ကုမ္ပဏီသည် အငြင်းပွား တောင်တရုတ်ပင်လယ်အတွင်း ကျွန်းများ တည်ဆောက်မှုတွင် ပါဝင်ပတ်သက်ခဲ့မှုအတွက် မကြာသေးမီကမှ အမေရိကန်၏ ဆန်ရှင်ချမှတ်မှုကို ခံထားရသည်။

“ Ream ရေတပ်အခြေစိုက်စခန်းက လက်ရှိအဆောက်အအုံတွေဟာ သေးငယ်တဲ့ ကင်းလှည့်သင်္ဘောတွေကိုပဲ လက်ခံထားရှိနိုင်တယ်ဆိုပေမယ့် အနီးအနားမှာ ကြီးမားတဲ့ ဘယ်လို ဆိပ်ကမ်း ဖော်ဆောင်မှုမျိုးကိုမဆို စောင့်ကြည့်ရမှာဖြစ်ပါတယ်” ဟု CSIS က မှတ်ချက်ပြုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly