ခွန်အားနဲ့ စိတ်ထက်သန်ပြင်းပြမှုကို ထုတ်ဖော်ပြသတဲ့ ဗီယက်နမ် နဂါးအက ဖျော်ဖြေပွဲ

ခွန်အားနဲ့ စိတ်ထက်သန်ပြင်းပြမှုကို ထုတ်ဖော်ပြသတဲ့ ဗီယက်နမ် နဂါးအက ဖျော်ဖြေပွဲ
Photo - AFP

အောက်တိုဘာ ၄

ခွန်အား စွမ်းပကား ၊ ပျော့ပြောင်းကွေးဆန့်နိုင်မှုနဲ့ ကာလာအရောင်စုံ ပါဝင်မှု တို့နဲ့အတူ ဗီယက်နမ် နဂါး အကဖျော်ဖြေပွဲတစ်ခုကို အောက်တိုဘာ ၃ ရက်က မြို့တော် ဟနွိုင်းမှာ ကျင်းပခဲ့ရာမှာ လာရောက်ကြည့်ရှုသူ ပရိသတ်တွေ ကျေနပ်အားရခဲ့ကြပါတယ်။

မြို့ရဲ့ နှစ် ၁၀၁၀ ပြည့် နှစ်ပတ်လည်နေ့အထိမ်းအမှတ်အဖြစ် ကျင်းပတဲ့ အခမ်းအနားတွေရဲ့ တစ်စိတ်တစ်ဒေသအဖြစ် ပြုလုပ်တဲ့ ဒီ နဂါး အကပွဲတွေမှာ ဖျော်ဖြေတင်ဆက်သူပေါင်း ၃၀၀ ကျော်လောက် ပါဝင်ခဲ့ကြပါတယ်။

“ဒီနှစ် ကျွန်တော်တို့ရဲ့ တင်ဆက်မှုမှာတော့ ဗီယက်နမ်ရဲ့ သင်္ကေတတွေဖြစ်တဲ့ ပုဂ္ဂိုလ်၊ အရာဝတ္ထုတွေကို အဓိက အာရုံစိုက် တင်ဆက်တာ ဖြစ်ပါတယ်၊ ဘုရင် လိုင်ကွန်းအန် ( ၁၀၁၀ ပြည့်နှစ်က ဟနွိုင်းမြို့ တည်ထောင်သူ) က နဂါးနှစ်ကောင် လိမ်ယှက်နေတာကို မြင်ခဲ့တုန်းက မြင်ကွင်းမျိုးကို ကျွန်တော်တို့ ပြန်လည် ဖန်တီးဖို့ ကြိုးစားခဲ့ပါတယ်၊ နောက်ပြီး နိုင်ငံတော်အလံပေါ်က ကြယ်လိုမျိုး ဗီယက်နမ်ရဲ့ အထူး သင်္ကေတ အရာတွေကိုလည်း အာရုံစိုက် တင်ဆက်ပါတယ်” လို့ နဂါး အကသမား တစ်ဦးဖြစ်တဲ့ ဒန်ဗန် ဟောင်က ပြောပါတယ်။

“ကိုဗစ် ကာလအတွင်းမှာ ကျွန်တော်တို့မှာ တင်ဆက်ဖျော်ဖြေစရာ ပွဲ များများစားစား မရှိခဲ့ဘူး၊ ဆိုတော့ ဒီနေ့လို ပွဲမျိုးကို တင်ဆက်ရတာ ကျွန်တော်တို့ စိတ်လှုပ်ရှားမိပါတယ်၊ ဘာလို့လဲဆိုတော့ ပထမအချက်က ဒါက ယဉ်ကျေးမှု အမှတ်အသားတစ်ခု ဖြစ်လို့ပါ၊ ဒုတိယအချက်ကတော့ ဒါက ကျွန်တော်တို့ရဲ့ ကျွမ်းကျင်မှုတွေကို ထုတ်ပြနိုင်တဲ့၊  လာကြည့်တဲ့ ပရိသတ်ကိုလည်း ကြည့်ရတာ အရသာရှိစေမယ့် မြင်ကွင်းပုံရိပ်တွေ ပြသနိုင်တဲ့ အခမ်းအနားပွဲ ဖြစ်လို့ပါ” လို့လည်း ၎င်းက ပြောသွားပါတယ်။

“ကျွန်မကတော့ ဟနွိုင်းမြို့မှာ လုပ်တဲ့ ဒီ နဂါး အက ပွဲတော်ကို ဒါ ပထမဆုံးအကြိမ် လာကြည့်တာပါ၊ ဒီ ပွဲကြည့်ရတာ ရင်ဖိုစရာ ကောင်းသလို ပျော်စရာလည်း ကောင်းတယ်လို့ ကျွန်မ ထင်ပါတယ်၊ ဒါက ထုတ်ဖော်ဖို့ ခက်တဲ့ ခံစားချက်တစ်ခုပေါ့” လို့ ဟနွိုင်း ဒေသခံတစ်ဦးဖြစ်တဲ့ ငုရင် သီဒန်က ပြောသွားပါတယ်။

“ဒီ နဂါး အက ပွဲမှာ ယဉ်ကျေးမှု အလှတရားတစ်ခု ရှိတယ်လို့ ကျွန်မ ထင်တယ်၊ ဒီတော့ ကျွန်မတို့ဟာ ဒီထဲမှာ ပိုပြီး ရင်းနှီးမြှုပ်နှံမယ်ဆိုရင် ဒါက ထပ်ပြီးတော့ ဖွံ့ဖြိုးတိုးတက်သွားပါလိမ့်မယ်” လို့လည်း အခြား ဟနွိုင်း ဒေသခံတစ်ဦးဖြစ်တဲ့ ငုရင် သီဟိုင်ယန်က ပြောသွားပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly