တရုတ်၏ လာဒက်ဒေသတိုက်စစ်ဆိုင်ရာ မြှုပ်ကွက်များ

တရုတ်၏ လာဒက်ဒေသတိုက်စစ်ဆိုင်ရာ မြှုပ်ကွက်များ

အောက်တိုဘာ ၃  

အိန္ဒိယနှင့်တရုတ် နှစ်နိုင်ငံ ကာကွယ်ရေးနှင့်နိုင်ငံခြားရေးဝန်ကြီးများအကြား ဝန်ကြီးအဆင့်နှင့် တပ်မှူးအဆင့်ဆွေးနွေးပွဲများစွာ ပြုလုပ်ခဲ့ပြီးသည့်တိုင် လာဒက်ဒေသတွင် လိပ်ခဲတည်းလည်းအခြေအနေ ရှိနေဆဲဖြစ်သည်။ အိန္ဒိယသည် မေလကတည်းက တရုတ်၏ ပိုင်နက်ကျူးကျော်ထိပါးခြင်းကို ခါးစည်းခံနေရသည်။ နှစ်နိုင်ငံနိုင်ငံခြားရေးဝန်ကြီးများ မော်စကိုတွင် တွေ့ဆုံပြီးနောက်ပိုင်း ပူးတွဲကြေညာချက်တွင် ပိုနေမြဲကျားနေမြဲအခြေအနေသို့ သွားရန် ရည်ညွှန်းပြောဆိုခြင်းမရှိသည့်အချက်က တရုတ်အတွက် တွက်ခြေကိုက်နေစေသည်။  

ဟိမဝန္တာဒေသတွင် တရုတ်စစ်တပ် တင်းခံနေခြင်းသည် ထွန်းသစ်စ အာရှဆိုင်ရာဗိုလ်ကျစိုးမိုးခြင်းနှင့် နယ်ချဲ့ရေးဝါဒစွမ်းအားအဖြစ် အခိုင်အမာပြောဆိုခြင်းကို ထင်ဟပ်စေသည်။ အိမ်နီးချင်းနိုင်ငံများစွာသည်လည်း ထိုအကျိုးသက်ရောက်မှုများကို တွေ့ကြုံခံစားနေကြရသည်။  သို့သော်လည်း လာဒက်အခြေအနေသည် တရုတ်၏ပြင်းထန်သော လွှမ်းမိုးမှုအကြောင်းအရာတင်သာ မကပါ။  

အဆိုင်ချင်းဒေသသည် တရုတ်အတွက် ခိုင်မာသောမဟာဗျူဟာတန်ဖိုးရှိသည်။ တရုတ်တို့ အဆိုင်ချင်းကို ပထမဆုံး ကျူးကျော်ခဲ့သည့် ၁၉၅၀ ပြည့်နှစ်အလွန်နှောင်းပိုင်းတွင် တရုတ်ဝန်ကြီးချုပ် ကျိုအန်းလိုင်က အိန္ဒိယ အနေဖြင့် အာရူနာချာပရာဒေ့ရှ်ကို ထိန်းချုပ်ထားသည့်အတွက် အပြန်အလှန်အားဖြင့် အဆိုင်ချင်းဒေသအား တရုတ်ထိန်းချုပ်ခွင့်ပြုရန် အဆိုပြုခဲ့သည်။ ဆူပူအုံကြွသော တိဘက်နှင့်ရှင်းကျန်းအစွန်အများဒေသများကို ကာကွယ်ရန် လာဒက်ဒေသသည် တရုတ်အတွက် လွန်စွာအရေးပါသည်။  

နောက်ပိုင်းတွင် တရုတ်သည် ပါကစ္စတန်နှင့် ဆက်ဆံရေးနက်ရှိုင်းလာခဲ့ပြီး ပါကစ္စတန်က အိန္ဒိယနယ်မြေအတွင်းရှိ  ၎င်းပိုင်နက်များကို တရုတ်ဆီလွှဲပြောင်းပေးခဲ့သည်။ တရုတ်သည် မဟာဗျူဟာမြောက်ခြေဆန့်မှုကို ခိုင်မာစေရန် ဒေါ်လာဘီလီယံပေါင်းများစွာ မြှုပ်နှံခြင်းနှင့်အတူ မိတ်ဆွေဖွဲ့မှု တိုးပွားလာသည်။ တရုတ်တို့ တရားဝင်မြှောက်စားထားသော  သုံးသပ်ပြောဆိုသူများသည်  အဆိုင်ချင်း၏အရေးပါမှုနှင့် ဒေသတွင်း ပါကစ္စတန်၏ အချက်အချာကျမှုကို မကြာခဏ မီးမောင်းထိုးပြကြသည်။ အဆိုင်ချင်းကို ပြန်လည်သိမ်းယူရေး အိန္ဒိယ၏ ရည်ရွယ်ချက်က တရုတ်ကို ကယောက်ကယက်ဖြစ်စေခဲ့သည့် အခြေအနေလည်း ရှိနေသည်။ ပြည်ထောင်စုနယ်မြေရှိ လာဒက်၊ ဂျမူးနှင့်ကက်ရှ်မီးယားတို့တွင် အခြေအနေပြောင်းလဲပြီးသည့်နောက်  ၂၀၁၉ ခုနှစ် စက်တင်ဘာက ပြည်ထဲရေးဝန်ကြီး အာမစ်ရှား၏ ပါလီမန်ထုတ်ပြန်ချက်တွင် “ကက်ရှ်မီးယားက အိန္ဒိယရဲ့အစိတ်အပိုင်းပါ။ ဂျမူးနဲ့ကက်ရှ်မီးယားလို့ပြောလိုက်ရင် ပါကစ္စတန်သိမ်းပိုက်ထားတဲ့ ကက်ရှ်မီးယားနဲ့အဆိုင်ချင်းတို့ပါ ပါဝင်ပါတယ်။ ဒီဒေသအတွက် ကျွန်တော်တို့ အသက်တွေ စွန့်လွှတ်သွားမှာပါ” ဟု ပြောခဲ့သည်။ တရုတ်ကလည်း ဤထုတ်ပြန်ချက်ကို ပြင်းပြင်းထန်ထန် မေးခွန်းထုတ်ခဲ့ပြီး ဂျမူးနှင့်ကက်ရှ်မီးယား၏ အခြေအနေသစ်ကို အတည်ပြုရန် ငြင်းဆိုခဲ့သည်။  

အိန္ဒိယနှင့်တရုတ်အကြား အပြန်အလှန်သဘောတူညီခဲ့သော တင်းမာမှုမရှိရေး ကံအကြောင်းတရားသည် တရုတ်အပေါ် မူတည်သည်။ တရုတ်သည် ဖြစ်သည့်နည်းဖြင့် တတ်နိုင်သမျှ လိပ်ခဲတည်းလည်းအခြေအနေကို ထိန်းသိမ်းထားရန် ကြိုးစားပေလိမ့်မည်။ တရုတ်သည် လိမ္မာပါးနပ်ပရိယာယ်ကြွယ်စွာဖြင့် အမေရိကန်သမ္မတရွေးကောက်ပွဲများ၏ ရလဒ်ကို စိတ်အားထက်သန်စွာ စောင့်မျှော်နေပြီး ဂျိုးဘိုင်ဒင် ရွေးကောက်ပွဲအောင်နိုင်ခြင်းအားဖြင့် အမေရိကန်ရန်လိုမှု ပျော့ပျောင်းလာစေမည့်အခွင့်အရေး ရနိုင်ရန် မျှော်လင့်ထားသည်။  

တရုတ်သည် ဂျပန်ဝန်ကြီးချုပ် ယိုရှီဟီဒဲဆူဂါလက်ထက်တွင် ဂျပန်ချဉ်းကပ်မှုကို ထပ်မံချွေးသိပ်ရန်လည်း ပြင်ဆင်နေသည်။ ဂျပန်သည် တရုတ်နှင့် ငြိမ်းချမ်းရေးထိန်းသိမ်းရာတွင် ကြီးမားသော စီးပွားရေးရင်းနှီးမြှုပ်နှံမှုများလုပ်ဆောင်ထားပြီး ရှင်ဇိုအာဘေးနှင့်မတူစွာ ဆူဂါသည် အမေရိကန်-တရုတ်ပြိုင်ဆိုင်မှုနက်နဲလာသည်ကို ရှောင်ရှားလိုဟန်ရှိသည်။  

ဤသည်မှာ ယခုအချိန် မှန်းဆချက်ဖြစ်သော်လည်း ပထဝီနိုင်ငံရေးသည် တစ်ခါတရံ အကြီးအကျယ် ပြောင်းလဲတတ်သည်။ အမေရိကန်၊ ဂျပန်တို့နှင့်အတူ တရုတ်၏အောင်မြင်မှုသည် အိန္ဒိယအတွက် သတင်းဆိုးပင် ဖြစ်ပေလိမ့်မည်။ နိုင်ငံတကာအသိုင်းအဝိုင်းအားဖြင့် ရဲရင့်လာသောတရုတ်သည် အိန္ဒိယကို ပို၍ပင် ရန်လိုလာနိုင်ပေသည်။ အိန္ဒိယသည် ဟိမဝန္တာဒေသတွင် တရုတ်လှုပ်ရှားမှုကို ဆန့်ကျင်ပြီး အများဂရုမူလေးစား အောင်လုပ်နေခြင်းမှာ အမေရိကန်နှင့်မဟာမိတ်များက ကျောထောက်နောက်ခံပြုမှုကြောင့်သာဖြစ်သည်ဟု တရုတ်က ရှုမြင်နေသည်။ အိန္ဒိယသည် ထိုကဲ့သို့သော တိုးတက်မှုအနေအထားများကို ဂရုတစိုက် စောင့်ကြည့်ကာ အပြည့်အဝ တုံ့ပြန်ရမည်။ အိန္ဒိယဝန်ကြီးချုပ် နာရန္ဒြာမိုဒီနှင့် ဂျပန်ဝန်ကြီးချုပ် ဆူဂါတို့ ပြောဆိုဆွေးနွေးမှုများသည် နွေးထွေးသော အစပျိုးမှုပင်ဖြစ်သည်။  

လာဒက်ဒေသလှုပ်ရှားမှုသည် အဓိကအားဖြင့် တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ် (PLA) က ဦးဆောင်သည်ဆိုသောအချက်သည် တရုတ်သမ္မတရှီကျင့်ဖျင်နှင့် တရုတ်နိုင်ငံရေးဆိုင်ရာအဖွဲ့အစည်းများကို စိတ်မသက်မသာ ဖြစ်စေကာ မငြင်းဆိုနိုင်သော  သီအိုရီများဖြစ်သည်။ ရှီသည် တရုတ်စစ်တပ်ကွပ်ကဲရေးအကြီးအမှူးဖြစ်သလို လာဒက်ဒေသ PLA တပ်ဖွဲ့ လှုပ်ရှားမှုများသည် ၎င်းခွင့်ပြုချက်မရှိဘဲ မလုပ်ဆောင်နိုင်ပေ။ ဩဂုတ်လ ၁၈ ရက်မှ ၁၉ အထိကျင်းပခဲ့သော ခုနစ်ကြိမ်မြောက် တိဘက်ဆိုင်ရာ ဗဟိုစာတမ်းဖတ်ပွဲတွင် ရှီက တိဘက်ဗုဒ္ဓဘာသာကို တရုတ်ပုံစံ လိုက်လျောညီထွေအောင်ပြုလုပ်ရသည့် ခေတ်မီသောဆိုရှယ်လစ်တိဘက် ဖြစ်ပေါ်လာစေရန် တိုက်တွန်းခဲ့ပြီး တိဘက်အပေါ် ပြင်းထန်သောမူဝါဒလှုပ်ရှားမှု ပြုလုပ်ခဲ့သည်။ ရှီ၏နည်းလမ်းတွင် တိဘက်ဗုဒ္ဓဘာသာနှင့် လူမှုဆိုင်ရာအကျင့်အဝတ်များကို ပြောင်းလဲကာ တရုတ်ခေတ်ရေစီးကြောင်းနှင့် နီးစပ်အောင် ပေါင်းစပ်ခြင်းဖြင့် ဒလိုင်လားမားထံမှ တိဘက်သားများကို ဆွဲထုတ်သွားရန် လုပ်ဆောင်မည်ဖြစ်သည်။  

ဤနည်းလမ်းသည် တိဘက်ကို အဓိကနည်းလမ်းသုံးခုဖြင့် ထိန်းချုပ်ရန် ရည်ရွယ်သည်။ ပထမတစ်ခုမှာ ပြင်ပချိတ်ဆက်မှုများကို ဖြတ်တောက်ပြီး တိဘက်အပေါ် နိုင်ငံတကာဖိအားပေးမှုကို လမ်းလွှဲရန်၊ ဒုတိယတစ်ခုမှာ လူဦးရေဆိုင်ရာဖွဲ့စည်းမှုကို ပြောင်းလဲရန်နှင့် တတိယတစ်ခုမှာ အစုအဝေးအလိုက်စောင့်ကြည့်မှုကို အတည်တကျသတ်မှတ်ရန် ဖြစ်သည်။ ရှင်းကျန်းဒေသ ဖိနှိပ်မှုများနှင့်အလားတူသော ဖြစ်ရပ်မျိုး ဖြစ်လာမည်ဖြစ်သည်။  

တရုတ်တို့၏ ကြီးမားသောစစ်ရေးလှုပ်ရှားမှုများ၊ တပ်ဖြန့်မှုများနှင့် အိန္ဒိယစစ်ရေးခြိမ်းခြောက်မှုဟုခေါ်သော တပ်ဖြန့်မှုသည် ဤဖိနှိပ်ချုပ်ခြယ်မှုတွင် အားပေးရာရောက်ပေလိမ့်မည်။ ထို့ကြောင့် တိဘက်ဒေသအတွင်း တရုတ်၏ ပြည်တွင်းနိုင်ငံရေးအကျိုးစီးပွားများတွင် လိပ်ခဲတည်းလည်းအခြေအနေလည်း ပါဝင်သည်။  

တရုတ်အနေဖြင့် တိဘက်ကို ထိန်းချုပ်နိုင်သည်ဆိုသည့် ယုံကြည်မှုဖြင့်လုပ်ဆောင်နေသည်လား သို့တည်းမဟုတ်  ဒလိုင်လားမားတိဘက်အလွန် အားနည်းချက်ကို ချောင်းမြောင်းနေသည်လားဆိုသည်မှာ စဉ်းစားစရာ ဖြစ်သည်။  

တရုတ်သည် အမေရိကန်နှင့်ထိပ်တိုက်ရမည့် အဓိကစိန်ခေါ်မှုရှိနေစဉ်မှာ အိန္ဒိယနှင့်တခြားအိမ်နီးချင်းများကို ရန်လိုခြင်းမပြုရန်သတိပေးနေသာ ဝေဖန်သူများအား နှုတ်ဆိတ်သွားစေရန်အလို့ငှာ သမ္မတရှီသည် ပြည်တွင်း နိုင်ငံရေးလှုပ်ရှားမှုများတွင် လာဒက်လိပ်ခဲတည်းလည်းအခြေအနေကို အသုံးချနေခြင်းလည်းဖြစ်သည်။ လာဒက်ဒေသပဋိပက္ခသည် ဒေါ့က်လန်အရေးကဲ့သို့ပင် အိန္ဒိယအတွက် အဖြေထွက်လိမ့်မည်ဟု နိုင်ငံပိုင်မီဒီယာတွင် ဖော်ပြခဲ့သည်။ တရုတ်၏ ပြန်လည်ရှင်သန်လာသော ပိုင်နက်ဆိုင်ရာအမျိုးသားရေးဝါဒအသွင် ဖြစ်ပေါ်လာခဲ့ခြင်းဖြစ်သည်။ အိန္ဒိယသည် တရုတ်အင်အားကို ဆန့်ကျင်ရန် အားပျော့လွန်းသည်ဆိုသည့် အယူအဆများကို ဒေသမီဒီယာများက ပုံကြီးချဲ့ရေးသားခဲ့ကြသည်။ လာဒက်ဒေသ ရှေ့မတိုးနောက်မဆုတ်သာအခြေအနေအပေါ် တရုတ်၏ ပြည်တွင်းနိုင်ငံရေးရှုထောင့်အားဖြင့် လွယ်ကူသောနည်းလမ်း ဖြစ်ပေါ်လာမည်မဟုတ်ပေ။ အိန္ဒိယ၌လည်း စစ်ဘက်ဆိုင်ရာအခြေအနေအတွက် တုံ့ပြန်တတ်သော ပြည်တွင်းနိုင်ငံရေးရှုထောင့်ရှိသည်။ ၎င်းကို ဂျမူးနှင့်ကက်ရှ်မီးယား၏ ပြောင်းလဲခဲ့သောအခြေအနေအတွက် ကာကွယ်မှုအဖြစ်ရှုမြင်နိုင်ပြီး  အိန္ဒိယ၏ ပြန်လည်ရှင်သန်လာသော အမျိုးသားရေးဝါဒနှင့်လည်း ဆက်စပ်နေသည်။ တရုတ်နယ်စပ်၌ အဆုံးစွန်သောအခြေအနေ ရှောင်ရှားရန်အတွက် မည်သည့်တောင်းပန်မှုမျိုးမဆို ဝေဖန်စရာဖြစ်လာမည်သာဖြစ်သည်။  

ဝန်ကြီးချုပ်မိုဒီနှင့် သမ္မတရှီအကြား ထိပ်သီးအစည်းအဝေးမှတစ်ဆင့် လာဒက်ဒေသလိပ်ခဲတည်းလည်းအခြေအနေမှ ပြည်တွင်းနိုင်ငံရေးရှုထောင့်များကို ဖယ်ရှားနိုင်မည်လားဆိုသည်မှာ မေးခွန်းထုတ်စရာဖြစ်သည်။  

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly