ထရမ့်နှင့် ဂျိုးဘိုင်ဒင် ကျန်းမာရေးဆိုးဝါးခဲ့လျှင် သိထားသင့်သည့် အချက် ၅ ချက်

ထရမ့်နှင့် ဂျိုးဘိုင်ဒင် ကျန်းမာရေးဆိုးဝါးခဲ့လျှင် သိထားသင့်သည့် အချက် ၅ ချက်

အောက်တိုဘာ ၃

ရီပတ်ဘရီကန်ပါတီမှ တာဝန်ထမ်းဆောင်ဆဲ သမ္မတက ဒီမိုကရက်ပြိုင်ဖက် ဂျိုးဘိုင်ဒင်နှင့် ရေကုန်ရေခန်း ယှဉ်ပြိုင်မည့် ရွေးကောက်ပွဲ မတိုင်မီ တစ်လခန့် အလိုတွင် သမ္မတ ဒေါ်နယ်ထရမ့်က ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံ ရသည်။

အမေရိကန်နိုင်ငံရေးသမားများနှင့် ကမ္ဘာ့ခေါင်းဆောင်များက ထရမ့်နှင့် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသည့် ဇနီးသည် မယ်လန်နီယာတို့ အမြန်ကျန်းမာစေရန် ဆန္ဒပြုဆုတောင်းပေးကြသည်။ သို့သော် ထိုသို့ ဗိုင်းရပ်စ် ကူးစက် ခံရခြင်းကြောင့် ပါတီကြီးတစ်ပါတီမှ သမ္မတလောင်းတစ်ဦး ကျန်းမာရေး ဆိုးဝါးလျှင် သို့မဟုတ် သေဆုံးလျှင် ရွေးကောက်ပွဲ မည်သို့ ဖြစ်လာမည်နည်းဆိုသည်က အကြိုပြဿနာအရေးအဖြစ် ရှိလာခဲ့သည်။

ထရမ့်က တာဝန်ဆက်လက် မထမ်းဆောင်နိုင်တော့လျှင် အစိုးရအဖွဲ့အတွက် ဖြစ်လာနိုင်သော ရလဒ်များနှင့် ကျန်းမာရေး ချူချာသော သမ္မတလောင်းတစ်ဦး ရှိသည့် သမ္မတရွေးကောက်ပွဲက မည်သို့ ဖြစ်လာမည်ဆိုခြင်းနှင့် ပတ်သက်သော သိထားသင့်သော အချက် ၅ ချက် ရှိသည်။

တာဝန်ထမ်းရန် ထရမ့် မကျန်းမာလွန်းသည့်အခါ သူ၏ သမ္မတ တာဝန်များ မည်သို့ ဖြစ်လာမည်နည်း။

အမေရိကန်ဖွဲ့စည်းပုံဥပဒေ ၂၅ ကြိမ်မြောက် ပြင်ဆင်ချက်အရ တရားရုံးချုပ် တရားသူကြီး အမည်စာရင်းသွင်း ခန့်အပ်ခြင်းမှသည် အမေရိကန်စစ်တပ်အား ကွပ်ကဲခြင်းအထိ သမ္မတတာဝန်များကို ထရမ့်က ရေရှည်မစွမ်း ဆောင်နိုင်တော့ပါက ဒုတိယသမ္မတ မိုက်ပန့်သည် ယာယီသမ္မတအဖြစ် ဝါစဉ်အရ ပထမနေရာတွင် ရှိမည် ဖြစ်သည်။ အောက်လွှတ်တော်ဥက္ကဋ္ဌ နန်စီပီလိုစီမှာ ဖက်ဒရယ်ဥပဒေအောက်တွင် ဝါစဉ်အရ ဒုတိယနေရာတွင် ရှိမည် ဖြစ်သည်။

ထိုသို့ တာဝန်လွှဲပြောင်းမှုကို ထရမ့်က ကွန်ဂရက်သို့ တရားဝင်ကြေညာရမည်ဖြစ်သည်။ ထိုသို့ ကြေညာချက် တင်သွင်းရန်ပင် မတတ်နိုင်အောင် ထရမ့်က ကျန်းမာရေး ဆိုးလွန်းနေပါက မိုက်ပန့်နှင့် ထရမ့်၏ ကက်ဘိနက်မှ ဝန်ကြီးအများစုက ကြေညာချက် တင်သွင်းနိုင်သည်။ သို့မဟုတ်လည်း ကွန်ဂရက်ကဲ့သို့သော အခြား အဖွဲ့အစည်းများက ဥပဒေအားဖြင့် ကြေညာချက် ထုတ်နိုင်သည်။

တာဝန်များ ပြန်လည်ထမ်းဆောင်ပြီဆိုလည်း ထရမ့်သည် ကွန်ဂရက်သို့ ထပ်မံ ရေးသားတင်သွင်းရမည် ဖြစ်သည်။

နိုဝင်ဘာ ၃ ရက် ရွေးကောက်ပွဲ နှောင့်နှေးနိုင်သလား။

“မဖြစ်ပါဘူး။ ဒီအတွက်တော့ ရွေးကောက်ပွဲမှာ နှောင့်နှေးမှု ဖြစ်မှာ မဟုတ်ပါ။ ရွေးကောက်ပွဲရက်ကို ဖက်ဒရယ်ဥပဒေအရ သတ်မှတ်ပြဋ္ဌာန်းတာ ဖြစ်ပါတယ်။”ဟု William & Mary Law School မှ ရွေးကောက်ပွဲဥပဒေ ပရိုဂရမ်၏ တွဲဖက်ညွှန်ကြားရေးမှူးဖြစ်သူ ရီဘက်ကာဂရင်းက Nikkei Asia သို့ ပြောသည်။

ကွန်ဂရက်တွင် ဥပဒေ ပြင်ဆင်ရန်နှင့် ရွေးကောက်ပွဲ ရက်သစ်ရွေးရန် အာဏာရှိထားသည်။ သို့သော် လက်ရှိ ဒီမိုကရက်တစ်ပါတီ ကြီးစိုးသော အောက်လွှတ်တော်သည် ထရမ့်အတွက် ထိုသို့ လုပ်ဆောင်ရန်မှာ အလွန်တရာ ဖြစ်နိုင်ခြင်း မရှိပေ။

အမေရိကန်သည် စစ်ပွဲကာလအတွင်းမှာပင် သမ္မတရွေးကောက်ပွဲ နှောင့်နှေးခြင်း ယခင်ကလည်း မည်သည့်အခါကမှ မရှိခဲ့ပေ။

ရွေးကောက်ပွဲ မတိုင်မီ သမ္မတကိုယ်စားလှယ်လောင်း သေဆုံးခြင်း၊ ကျန်းမာရေး ချို့တဲ့သွားခြင်း ဖြစ်လျှင် ၎င်းက မဲစာရင်း၌ ဆက်လက်ရှိမည်လား။

ပါတီတိုင်း၏ နေရှင်နယ်ကော်မတီသည် မဲစာရင်းတွင် ကိုယ်စားလှယ်လောင်းိကု အစားထိုးလဲလှယ်နိုင်သည့် လုပ်ပိုင်ခွင့်အာဏာ ရှိသည်။

သို့သော် ကြိုတင်မဲနှင့် စာတိုက်မှ မဲပေးမှုများအတွက် ဆောင်ရွက်ထားပြီးဖြစ်သည့် ရွေးကောက်ပွဲ နီးကပ်နေခြင်းကြောင့် “ရွေးကောက်ပွဲလုပ်ငန်းစဉ်တစ်ခုလုံး အစက ပြန်စတာ မဟုတ်ဘဲနဲ့ဆိုရင်တော့ မဲစာရင်းမှာ သမ္မတ ကိုယ်စားလှယ်လောင်းကို အသစ်အစားထိုးဖို့ဆိုတာ ဖြစ်နိုင်ပုံ မရှိပါဘူး။”ဟု ကယ်လီဖိုးနီးယားတက္ကသိုလ်မှ ဥပဒေနှင့် နိုင်ငံရေးသိပ္ပံ ပါမောက္ခ ရစ်ဟတ်ဆန်က ၎င်း၏ Election Law ဘလော့ဂ်တွင် ရေးသားသည်။

“အရေးအရာတွေက မရေမရာ ရှိနေတာကြောင့် မဲစာရင်းမှာ သေဆုံး ဒါမှမဟုတ် ကျန်းမာရေးချို့တဲ့တဲ့ ကိုယ်စာလှယ်လောင်း နာမည်နဲ့ပဲ ရွေးကောက်ပွဲကို အချိန်မီ ယှဉ်ပြိုင်ဖို့က ပိုပြီး ဖြစ်ဖို့ များပါတယ်။”ဟု ၎င်းက ရေးသား သည်။

ကိုယ်စားလှယ်လောင်း၏ ကျန်းမာရေး ချို့တဲ့ခြင်း သို့မဟုတ် သေဆုံးခြင်းက သမ္မတရွေးချယ်ရေးအဖွဲ့ Electoral College ၏ ဆန္ဒမဲအပေါ် မည်သို့ သက်ရောက်မည်နည်း။

အမေရိကန်ပြည်သူများ သမ္မတရွေးကောက်ပွဲတွင် မဲပေးကြပြီးနောက် သမ္မတ ရွေးချယ်ရေးအဖွဲ့ Electoral College မှ အဖွဲ့ဝင်များက ၎င်းတို့ ကိုယ်စားပြုသော ပြည်နယ်မှ အနိုင်ရ ကိုယ်စားလှယ်လောင်းအတွက် ဒီဇင်ဘာလတွင် တရားဝင် မဲပေးရွေးချယ်ကြသည်။

(Electoral College သည် သမ္မတနှင့် ဒုတိယသမ္မတ ရွေးချယ်ရေးအဖွဲ့ဖြစ်သည်။ ပြည်နယ်တစ်ခုစီမှ မဲအများဆုံးရသူသည် ထိုပြည်နယ်က ထောက်ခံသော သမ္မတလောင်း ဖြစ်လာသည်။ ထို ပြည်နယ်မဲများ အားလုံးက ယင်းအဖွဲ့တို့ ရောက်ရှိပြီး အဖွဲ့ဝင် ၅၃၈ ဦးက သမ္မတကို ရွေးချယ်ရခြင်းဖြစ်ကာ အဖွဲ့၏ ထက်ဝက်အင်အားဖြစ်သော အဖွဲ့ဝင် ကိုယ်စားလှယ် ၂၇၀ ထောက်ခံပါက သမ္မတအဖြစ် ရွေးကောက်တင်မြှောက်နိုင်သည်။)

“သူတို့ ပြည်နယ်မှာ လူကြိုက်များ မဲအနိုင်ရတဲ့ ကိုယ်စားလှယ်လောင်းထက် အခြားသူတစ်ဦးကို မဲပေးရွေးချယ်နိုင်စွမ်းကို ပြည်နယ်ဥပဒေက Electoral College (EC) က ကိုယ်စားလှယ်တွေ ပေးထားမထားဆိုတာက မေးခွန်း ဖြစ်လာပါတယ်။”ဟု ရီဘက်ကာဂရင်းက ပြောသည်။

ယခုနှစ် ဇူလိုင်လက တရားရုံးချုပ်က ပြဋ္ဌာန်းသော စည်းမျဉ်းအရ အဆိုပါ EC ကိုယ်စားလှယ်များက ၎င်းတို့ ကိုယ်စားပြုသော ပြည်နယ်များမှ မဲအများဆုံး ရသူကို တရားဝင်ထောက်ခံမဲ ပေးကြရသည်။ သို့သော် အဆိုပါ စည်းမျဉ်းသည် “ရွေးကောက်ပွဲအပြီး ဒါမှမဟုတ် EC က သမ္မတရွေးချယ်မဲ မပေးခင် ပြည်နယ်မှာ အနိုင်ရတဲ့ ကိုယ်စားလှယ်လောင်း သေဆုံးတာဖြစ်ဖြစ်၊ ကျန်းမာရေးချွတ်ယွင်းသွားတာဖြစ်ဖြစ် အဲဒီလို ဖြစ်ရပ်မျိုးမှာ EC ကနေ ဖွဲ့စည်းပုံနဲ့အညီ အခြားသူ တစ်ဦးကို ရွေးချယ်နိုင်ခွင့် ရှိလားဆိုတဲ့ ပြဿနာကိုတော့ မဖြေရှင်းပေးနိုင်ပါဘူး။”ဟု ဂရင်းက ပြောသည်။

EC ကိုယ်စားလှယ်များက ထောက်ခံမဲ ပေးရန်ရှိသည့် ပြည်နယ်အနိုင်ရ ကိုယ်စားလှယ်လောင်း သေဆုံးခြင်း သို့မဟုတ် ကျန်းမာရေး ချွတ်ယွင်းခြင်း ရှိလာသည့်အခါ ၎င်းတို့က ပါတီကော်မတီက အစားထိုးတင်သွင်းသူကို မဲပေးကြလိမ့်မည်ဟု နယူးယောက်တက္ကသိုလ်မှ ဖွဲ့စည်းပုံဥပဒေရေးရာ ပါမောက္ခ ရစ်ချက်ပဲလ်ဒက်စ်က ယူဆထားသည်။

EC မဲများ ကွဲပြားခဲ့လျှင် ဘာတွေ ဂယက်ရိုက်မည်နည်း။

“ရီပတ်ဘရီကန်နေရှင်နယ်ကော်မတီ RNC မှာ နက်ရှိုင်းစွာ သဘောကွဲလွဲပြီး ရီပတ်ဘရီကန်က EC ကိုယ်စားလှယ်တွေဟာလည်း အစားထိုးမယ့် သမ္မတလောင်း တစ်ဦးတည်း ရွေးချယ်ဖို့မှာ သဘောထား မညီညွတ်ကြဘူး ဆိုရင် EC ရွေးချယ်မှုမှာ အများစု အနိုင်ရသူ ထွက်ပေါ်လာနိုင်မှာ လာလိမ့်မယ်။”ဟု ပဲလ်ဒက်စ်က ပြောသည်။ “ဒီလို ဖြစ်လာရင်တော့ EC ကို ရောက်လာတဲ့ ပြည်နယ်အနိုင်ရ ကိုယ်စားလှယ်လောင်းတွေမှာ ထိပ်တန်းသုံးဦး ထဲကနေ လွှတ်တော်ဟာ သမ္မတကို ရွေးချယ်လိမ့်မှာ ဖြစ်တယ်။ ဒီလို လွှတ်တော်က ရွေးပြီဆိုရင်တော့ ပြည်နယ်ကိုယ်စားပြုအဖွဲ့တိုင်းက မဲတစ်မဲ ပေးနိုင်မှာ ဖြစ်ပါတယ်။”ဟု ၎င်းက ပြောသည်။

ထရမ့်က ရေရှည် တာဝန် မထမ်းနိုင်တော့မည် ဖြစ်စဉ်မျိုးတွင် ထရမ့် အလွန်၌ ဘိုင်ဒင်ကို ပင်ဆယ်ဗေးနီးယားပြည်သူများက မဲပေးကြလင့်ကစား မိုက်ပန့်ကိုသာ ရွေးချယ်မဲပေးမည့် EC ကိုယ်စားလှယ်များကို ခန့်အပ်ရန် ပင်ဆယ်ဗေးနီးယား ရီပတ်ဘရီကန် အမတ်များက ကြိုးစားနိုင်ခြင်းကြောင့် EC ၏ ထိုသို့သော ပြုလွယ်ပြင်လွယ် ရှိနေမှုသည် ထိခိုက်နစ်နာမှုများသို့ ဦးတည်စေလိမ့်မည်ဟု ကယ်လီဖိုးနီးယားတက္ကသိုလ်မှ ပါမောက္ခ ရစ်ချက် ဟက်ဆန်က ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly