Huawei ရင်းနှီးမြှုပ်နှံမှုများသည် ခေါင်းပုံဖြတ်အမြတ်ကြီးစားလုပ်ရပ်များဖြစ်ကြောင်း မိုက်ပွန်ပဲယိုးပြော

Huawei ရင်းနှီးမြှုပ်နှံမှုများသည် ခေါင်းပုံဖြတ်အမြတ်ကြီးစားလုပ်ရပ်များဖြစ်ကြောင်း မိုက်ပွန်ပဲယိုးပြော

အောက်တိုဘာ ၃  

တရုတ်နိုင်ငံ၏ Huawei ရင်းနှီးမြှုပ်နှံမှုများသည် ပုံမှန်ဈေးကွက်အရောင်းအဝယ်လုပ်ငန်းများမဟုတ်ဘဲ ခေါင်းပုံဖြတ်အမြတ်ကြီးစားလုပ်ရပ်များဖြစ်သောကြောင့် နိုင်ငံအားလုံးအနေဖြင့် တားမြစ်သင့်ကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပဲယိုးက အောက်တိုဘာ ၂ ရက်၌ သတင်းစာအင်တာဗျူးတစ်ခုတွင် ပြောကြားလိုက်သည်။

“တရုတ်အစိုးရရဲ့ အထောက်အပံ့တွေယူနေတာကြောင့် သူတို့ဟာ ပုဂ္ဂလိကပိုင်တွေ မဟုတ်ပါဘူး။ ဒါကြောင့် သူတို့ဟာ တခြားသူတွေလို ပွင့်လင်းမြင်သာပြီး လွတ်လပ်စွာကူးသန်းရောင်းဝယ်တဲ့ လုပ်ငန်းတွေ မဟုတ်ပါဘူး။ Huawei ဟာ တရုတ်ရဲ့ လုံခြုံရေးယန္တရားသီးသန့်အကျိုးအတွက် လုပ်ဆောင်နေတာပါ” ဟု ပွန်ပဲယိုးက အီတလီနိုင်ငံသို့ နှစ်ရက်ကြာသွားရောက်သည့်ခရီးစဉ်အပြီး အီတလီ၏ နေ့စဉ်ထုတ်သတင်းစာ la Repubblica အင်တာဗျူးတစ်ခုတွင် ပြောခဲ့ခြင်းဖြစ်သည်။

“Huawei ရဲ့ ရင်းနှီးမြှုပ်နှံမှုတွေဟာ ဘယ်နိုင်ငံကမှ ခွင့်မပြုနိုင်တဲ့ ခေါင်းပုံဖြတ်အမြတ်ကြီးလုပ်ရပ်တွေ ဖြစ်ပါတယ်” ဟု ပွန်ပဲယိုးက ထပ်လောင်းပြောကြားခဲ့သည်။

မိုက်ပွန်ပဲယိုးက နိုင်ငံရပ်ခြား၌ တရုတ်ကွန်မြူနစ်ပါတီ၏ အစီအစဉ်များ အောင်မြင်မှုမရှိစေရေး အင်အားစုများ အတူတကွပူးပေါင်းကြရန် ဥရောပနှင့်အမေရိကန်တို့ကို တိုက်တွန်းခဲ့သည်။  

Huawei ကမူ အမေရိကန်၏ စွပ်စွဲပြောဆိုချက်များကို အမြဲငြင်းဆန်နေခဲ့သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly