ခုနစ် ကြိမ်မြောက် ကမ္ဘာ့ကာယဗလပြိုင်ပွဲသို့ မြန်မာကစားသမားနှစ်ဦး ၀င်ပြိုင်မည်

ခုနစ် ကြိမ်မြောက် ကမ္ဘာ့ကာယဗလပြိုင်ပွဲသို့ မြန်မာကစားသမားနှစ်ဦး ၀င်ပြိုင်မည်
ကမ္ဘာ့ပြိုင်ပွဲ ၀င်ပြိုင်မည့် ထွန်းမင်း(၀ဲ)နှင့် နန့်လောင်ခမ်း(ယာ)။ (ဓာတ်ပုံ - နေလင်းထက်)

နိုဝင်ဘာ ၁၄၊ ရန်ကုန်။              ။ ခုနှစ် ကြိမ်မြောက် ကမ္ဘာ့ကာယဗလနှင့် ကာယကြံ့ခိုင်မှုပြိုင်ပွဲကို ထိုင်းနိုင်ငံမှ အိမ်ရှင်အဖြစ် ပြုလုပ်မည်ဖြစ်ပြီး အဆိုပါကမ္ဘာ့ ပြိုင်ပွဲသို့ မြန်မာနိုင်ငံမှ ကာယဗလ ကစားသမားနှစ်ဦး သွားရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။

ပြိုင်ပွဲကို နိုဝင်ဘာ ၂၄ ရက်မှ ၃၀ ရက်ထိ ပြုလုပ်မည်ဖြစ်ပြီး ၇ ကြိမ်မြောက် ကမ္ဘာ့ကာယဗလနှင့် ကာယကြံ့ခိုင်မှုပြိုင်ပွဲ မတိုင်ခင် ကမ္ဘာ့ကာယဗလနှင့် အဖွဲ့ချုပ်၏ နှစ်ပတ်လည် ညီလာခံအခမ်းအနားပါ တစ်ပါတည်း ပူးတွဲကျင်းပမည်ဖြစ်သည်။

ကမ္ဘာ့ကာယဗလပြိုင်ပွဲသို့ မြန်မာကာယဗလ ကစားသမားနှစ်ဦး ဝင်ပြိုင်ခွင့်ရထားပြီး အမျိုးသား ၆၀ ကီလိုတန်းတွင် ထွန်းမင်း၊ ၁၆၀ စင်တီမီတာအထက် အမျိုးသမီး ကာယကြံ့ခိုင်မှုပြိုင်ပွဲတွင် နန့်လောင်ခမ်းတို့က ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။

ထို့ ပြင် အဆိုပါကစားသမားနှစ်ဦးနှင့်အတူ ပြိုင်ပွဲတွင် ဒိုင်လူကြီးတာဝန်ထမ်းဆောင်ရန် ဒိုင်လူကြီးတစ်ဦးနှင့် အသင်းအုပ်ချုပ်သူ တစ်ဦးတို့ လိုက်ပါသွားကြမည်ဖြစ်သည်။

ကမ္ဘာ့ကာယဗလပြိုင်ပွဲသို့ ဝင်ပြိုင်ကြမည့် ထွန်းမင်းနှင့် နန့်လောင်ခမ်းတို့သည် ၂၀၁၅ ခုနှစ် စက်တင်ဘာလက ဥဇဘက်ကစ္စတန်နိုင်ငံတွင် ပြုလုပ်ခဲ့သည့် ၄၉ ကြိမ်မြောက် အာရှ ကာယဗလနှင့် ကာယ ကြံ့ခိုင်မှုပြိုင်ပွဲတွင် ဆုတံဆိပ်ရရှိထားကြသူများဖြစ်သည်။

အဆိုပါ ၄၉ ကြိမ်မြောက် အာရှ ကာယဗလနှင့် ကာယကြံ့ခိုင်မှု ပြိုင်ပွဲတွင် နန့်လောင်ခမ်းက ရွှေတံဆိပ်ရရှိခဲ့ပြီး ထွန်းမင်းမှာ ငွေတံဆိပ်ရရှိခဲ့သည်။

မြန်မာနိုင်ငံ ကာယဗလနှင့် ကာယကြံ့ခိုင် မှုအဖွဲ့ချုပ်သည် ၂၉ ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲအတွက် ပြင်ဆင်သည့်အနေဖြင့် နိုင်ငံတကာ ကာယ ဗလပြိုင်ပွဲများ ဝင်ရောက်ယှဉ်ပြိုင်နေခြင်းဖြစ်သည်။

ထို့ပြင် ၂၀၁၇ ခုနှစ်တွင် မလေးရှားနိုင်ငံ၌ ပြုလုပ်မည့် ၂၉ ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် ကာယဗလနှင့် ကာယကြံ့ခိုင်မှုကစားနည်း ပါဝင်လျက်ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly